Author's Profile Photo

LY Cho

10/07/2024

ဆယ်ကျော်သက်များသို့ ပေးစာ ?

3 mins read
Personal Development
ဆယ်ကျော်သက်များသို့ ပေးစာ ?'s photo

ကျွန်တော် ဒီဆောင်းပါးလေးကို ရေးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် ဘယ်ကဘယ်လို အစပျိုး ရမှန်းမသိသေးလို့ မရေးဖြစ်ခဲ့တာပါ။ ဒီနေ့မှာတော့ ကျွန်တော့်ကို ရေးဖို့ တွန်းအားဖြစ်စေတဲ့ စကားလေးးတစ်ချို့ကြောင့် ရေးလိုက်ရပါတယ်။

!သူငယ်ချင်းတို့ရေ…

ဆယ်ကျော်သက်လူငယ်တွေမှာ တန်ဖိုးထားမှုတွေ အမျိုးမျိုးရှိကြတယ်။

တစ်ဦးနှင့် တစ်ဦး တန်ဖိုးထားမှုချင်း တူညီကြတာတွေ ရှိသလို မတူညီကြတာတွေလည်း ရှိတယ်။

လူငယ်တွေမှာ ရှိကြတဲ့ တန်ဖိုးထားမှုအချို့ကတော့…

•ပညာရေး
•ငွေကြေး
•အချိန်
•သူငယ်ချင်း
•စည်းကမ်း
•အပျော်အပါး
•ကိုယ်ကျင့်တရား
•ရည်မှန်းချက်
•အလုပ်အကိုင်
•အလှအပ စတဲ့ အရာတွေကို တန်ဖိုးထားကြပါတယ်။

!သူငယ်ချင်းတို့ရေ

ဆယ်ကျော်သက်အရွယ်ဆိုတာ အလွန်ကို ကျန်းမာလန်းဆန်းတဲ့ ပန်းလေးတစ်ပွင့်နဲ့တူပါတယ်။ လှပတဲ့ပွင့်ဖက်လေးတွေ၊ လှပတဲ့ရိုးတံအညှာလေးတွေ၊ စိမ်းလဲ့နေတဲ့ အရွက်ကလေးတွေနဲ့အလှဆင်ထားတဲ့ ပန်းလေးတစ်ပွင့်လိုပဲ ရောင်ချိုတို့ရဲ့ခန္ဓာကိုယ်မှာဆိုရင် ကြည်လင်တဲ့မျက်လုံး၊ ပါးလွှာတဲ့နားရွက်၊ လတ်ဆတ်ကျန်းမာနေတဲ့ အသည်း ၊ ကျောက်ကပ်၊ နှလုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပေါ့။အဲ့ဒါကြောင့်မို့လည်း လူငယ်တွေဘဝက တန်ဖိုးရှိတယ်လို့ ဆိုကြတာလေ ။

ဒါပေမယ့် သူငယ်ချင်းရေ...
ပန်းလေးတစ်ပွင့်တောင် ရောဂါပိုးတွေ အဖျက်ပိုးတွေ ဝင်ပြီဆိုရင် အဲ့သည် ပန်းပွင့်လေး လှနိုင်ပါအုံးမလား။ အဲ့လိုသဘောပါပဲ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာလည်း အဖျက်ပိုးတွေဖြစ်တဲ့ ဆေးလိပ်၊ အရက်၊ ကွမ်းယာ စတဲ့ မူးယစ်ဆေးတွေ ဝင်လာပြီဆိုရင် ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ်။ ရောင်ချိုလည်း လူငယ်ပဲလေ။ လူငယ်သဘာဝအရ အသစ်အဆန်းတွေဆို လက်တည့်စမ်းချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် လက်တည့်စမ်းလို့ မကောင်းတဲ့အရာထဲမှာ ခုနပြောတဲ့ မူးယစ်ဆေးတွေ ပါတာပေါ့။ ဆေးလိပ်တွေသောက်ပြီး နှုတ်ခမ်းလေးတွေများ ညိုနေရင် အမေဖြစ်သူခမျာ တိတ်တိတ်လေး ခိုးငိုနေရရှာတာ။ ဒါကြောင့် သူငယ်ချင်းရေ... ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိတဲ့ ဒီအရာတွေကို မလုပ်ပဲနေပြီး မိဘကျေးဇူးကို ဆပ်ကြရအောင်လား။

!သူငယ်ချင်းတို့ရေ

ဆယ်ကျော်သက်ဆိုတာ သစ်ရွက်ကလေး လှုပ်ရင်တောင် ရယ်ချင်တဲ့အရွယ်တဲ့။

သစ်ရွက်ကလေး လှုပ်တာ ရယ်လို့လည်း ရတယ်၊ ငိုလို့လည်း ရတာပေါ့။ ဘာလို့အဲ့ဒီလိုဖြစ်တာလဲဆိုရင် ကလေးလေးအဖြစ်ကနေ ပြောင်းလဲလာတဲ့အတွက် လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာတွေ ကြောင့်ပါ။အဲ့အချိန်ကလေ လူငယ်တွေအတွက် လူမှုဆက်ဆံရေး ပိုကောင်းလာတဲ့အချိန်ဖြစ်သလို စိတ်ခံစားမှုပိုင်းလည်း ပိုတိုးလာပါတယ်။ တစ်ခုခုဆို စိတ်ခံစားချက် အလွန်ပြင်းထန်တဲ့ အရွယ်ပါ။ လွတ်လွတ်လပ်လပ်နေရတာကို ပိုခုံမင်ပြီး ကိုယ့်အားကိုယ်ကိုးလိုစိတ် ပိုများလာပါတယ်။ အဲ့ဒီလိုပါပဲ စိတ်ကစားတဲ့အရွယ်လည်း ဖြစ်ပါတယ်။ ကိုယ့်ကို ချဉ်းကပ်တဲ့ လူတွေက လူဆိုးလား၊ လူကောင်းလား မခွဲခြားတတ်သေးပဲ အချစ်ဆိုတဲ့အရာကို ယုံမှတ်ပြီး ဒုက္ခရောက်နေတဲ့သူတွေလည်း ရောင်ချိုတို့ပတ်ဝန်းကျင်မှာ အများကြီးပါ။
ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အထူးဂရုစိုက်ရပါမယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ မိဘအိမ်ကိုစွန့်ခွာပြီး တစ်အိုးတစ်အိမ် ထူထောင်လို့ သင့်တော်တဲ့အရွယ်မဟုတ်သေးပါဘူး။ မိမိ အလိုရှိတဲ့ ပန်းတိုင်တစ်ခုကို အရောက်သွားပါ။

ပြီးတော့ သူငယ်ချင်းရေ
တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ စကားလေးကို ကျင့်သုံးပြီး ဘဝကိုရိုးသားစွာဖြတ်သန်းပါ။ ကိုယ်ချင်းစာစိတ်မွေးမြူပြီး ဘဝကိုအောင်မြင်အောင်ကြိုးစားပါ။ အချိန်ဆိုတာ ရပ်နေတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့လူငယ်ဘဝကို လေးလေးနက်နက်ဖြတ်သန်းပါ။ ပေါ့ပျက်ပျက်အလုပ်တွေ၊ ပေါ့ပျက်ပျက်အတွေးတွေ မတွေးပါနဲ့။ ဘဝကို လွယ်လွယ်နဲ့ ဖြစ်သလိုမတွေးပါနဲ့။ ဖြစ်သလိုတွေးရင် ဖြစ်ချင်သလိုဖြစ်သွားပါလိမ့်မယ်။


!သူငယ်ချင်းတို့ရေ

ရောင်ချိုကိုယ်တိုင်လည်း လူငယ်တစ်ယောက်မို့ ဘယ်လိုတွေ ဖြတ်သန်းနေရလဲဆိုတာ သိပါတယ်။ ပညာရေးဖိအား၊ မိသားစုကပေးတဲ့ဖိအား၊ အပေါင်းအသင်း ပတ်ဝန်းကျင်ကပေးတဲ့ ဖိအား အဲ့ဒီလို ဖိအားတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတာ ဆယ်ကျော်သက်တွေပါ။ အဲ့ဒီ ဖိအားတွေ ခံနေရတဲ့အချိန် ပေါက်ကွဲပစ်လို့ရတယ်၊ လွတ်မထွက်သွားစေပါနဲ့။ အရမ်းစိတ်ညစ်နေရင် ငိုပစ်လို့ရတယ်။ ငိုပြီးရင်တော့ လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်ပါ။ တစ်ချို့သူတွေကတော့ပြောကြတယ်။ ငိုနေရင်ရော ပြဿနာက ပြီးသွားမှာလားတဲ့။
ငိုနေရင် ပြဿနာက မပြီးသွားပေမဲ့ ရင်ထဲကအစိုင်အခဲကြီးတစ်ခု ပြိုကျသွားပြီး ပေါ့သွားတယ်လေ။

ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ကြိုးစားပါ။ ကြယ်လေးလောက် မတောက်ပဘူးဆိုပြီး ပိုးစုန်းကြူးလေးက ရှက်လို့ သေမသွားပါဘူး။ကိုယ့် ဖြစ်တည်မှုကို လက်မခံနိုင်တဲ့သူဟာကိုယ့် လက်လှမ်းမမှီတဲ့ အရာတွေနဲ့ စိတ်အားငယ်နေဖို့ မသင့်သလို ကိုယ့်ထက် ရှေ့ရောက်နေတဲ့ သူတွေနဲ့လဲ ဘ၀ကို ယှဉ်ထိုးနေဖို့ မသင့်ပါဘူး။

သူငယ်ချင်းရေ...

ငယ်ရွယ်နုပျိုမှုဆိုတာ ခနပါပဲ။ အဲ့ဒီအပေါ်မှာ ငါဆိုတဲ့ အတ္တမထားပါနဲ့။ အလှအပဆိုတာလည်း မမြဲခြင်းသဘောပါပဲ။ စာပေဖတ်ရှုခြင်းကသာ မင်းကို အ​မြဲ လန်းဆန်းနေစေမှာပါ။ စာဖတ်တဲ့လူတိုင်းကအဆင်းရော အချင်းပါလှနေတတ်ကြတယ် ။စာပေက စိတ်လှအောင် ပြင်ပေးတယ်။စိတ်လှလာရင် ရုပ်ကပါ ပြောင်းလဲလာတယ် ။စာပေက ရင့်ကျက်အောင် သင်ပေးတော့ရုပ်ရည်ကလည်း တည်ကြည်လာတယ် ။စာပေက နှလုံးသားကို နူးညံ့အောင် ဆုံးမပေးတော့ရုပ်ရည်လည်း သိမ်မွေ့လာတယ် ။
စာပေက ကိုယ်ချင်းစာတရားနဲ့ လူတိုင်းကို မေတ္တာထားတတ်အောင် သင်ပေးတော့ရုပ်ရည်ကလည်း ချစ်စဖွယ် ဖြစ်လာတယ် ။တကယ်တော့ လူချစ်လူခင်ပေါလာဖို့ဆို စာဖတ်ဖို့ လိုပါတယ်။ပေါင်းသင်းဆက်ဆံရေး အဆင်ပြေလာပါလိမ့်မယ်။
အောင်မြင်နေတဲ့သူတိုင်းမှာ စာပေဗဟုသုတတွေ မှီဝဲကြတယ်။ တစ်နေ့မှာ 8နာရီကို သုံးပိုင်းပိုင်းတော့ 24နာရီရှိတယ်။ အဲ့မှာ အလုပ်လုပ်ချိန်၊စာကြည့်ချိန်၊ နားချိန်ဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့နားချိန်လေးမှာ ခွန်အားဖြစ်စာလေးတစ်ပုဒ် ဖြစ်ဖြစ် ဖတ်ရင် အဲ့ဒီနေ့အတွက် အဓိပ္ပါယ်ရှိသွားမှာပါ။

ရောင်ချိုတို့တစ်တွေက နောင်တစ်ချိန်မှာ လူကြီးတွေဖြစ်လာမှာပါ။ နောင်မှ နောင်တရမနေရအောင် ဆယ်ကျော်သက်ဘဝလေးကို တန်ဖိုးရှိရှိ ဖြတ်သန်းကြပါစို့လားဗျာ။

စာဖတ်သူ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျက် ?

စာရေးသူ - လရောင်ချို

10/7/2024(Wednesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း