ရိန်ဇော်
အားရကျေနပ်မိသော မိမိ၏ ဆောင်ရွက်ချက်တခု
(၁၀ တန်းစာစီစာကုံး)
လူသားတို့သည် အသက်ရှင်သန်ရန် ရုန်းကန်နေရသည်။ ငှက်ဆိုသည်မှာ ပျံရင်းသေ လူဆိုသည်မှာ ကြံရင်းသေဟုလည်း ပြောစမှတ် ပြုကြသည်။ ရှေးခေတ်ရှင်ဘုရင်တို့၏ ဆောင်ရွက်ချက်များကို ရာဇဝင်ဟု ခေါ်ခဲ့ကြသည်။ လူသားထု၏ ဆောင်ရွက်များကို သမိုင်းဟု ခေါ်ကြသည်။ လူတယောက်ချင်းစီသည်လည်း မိမိသမိုင်း မိမိရေးကြသည်။ ကျွန်တော့်ဘဝသည် သမိုင်းတပုဒ်ဖြစ်ခဲ့သော် အားရကျေနပ်မိသော ဆောင်ရွက်ချက်တခုကို ထင်ထင်ရှားရှား ရေးလိုသည်။
စစ်တုရင်ပြိုင်ပွဲတခုတွင် ကျွန်တော် ဝင်ပြိုင်ခဲ့သည်။ ကျွန်တော် ချန်ပီယံဖြစ်ခဲ့သည်။ ပြိုင်ပွဲတပွဲတွင် ဆုပေးသည်။ ထိုဆုကို ဆွတ်ခူးသူရှိမည်။ ထူးခြားမှုမရှိသော အကြောင်းအရာ တရပ်ပင်ဖြစ်သည်။ သို့သော် ထိုပြိုင်ပွဲတွင် ကျွန်တော် ယှဉ်ပြိုင်ခဲ့သော သမိုင်းကြောင်းကို သိရလျှင် အမှတ်ထင်ထင်ဖြစ်ခဲ့ရသော အကြောင်းရင်းကို သဘောပေါက်နိုင်ပေမည်။
ယခုခေတ်ပညာရေးသည် ဘက်စုံပညာသို့ ရည်ရွယ်သည်။ ကျောင်းစာတို့ကိုသာ သင်သော ပညာရေးအစား အားကစား အနုပညာတို့နှင့်တွဲသော ပညာရေးသည် ဘဝအတွက် ပိုမိုအဓိပ္ပာယ်ပြည့်စုံစေသည်။ ကိုယ်လက်လှုပ်ရှား အားကစားထဲတွင် မပါသော်လည်း စစ်တုရင်ထိုးခြင်းသည် ဉာဏ်ရည်ကို လေ့ကျင့်ပေးသော အားကစားဖြစ်သည်။ စဉ်းစားတွေးခေါ်တတ်စေရန် သင်ပေးခြင်းသည် ပညာရေး၏ မူရင်းရည်ရွယ်ချက်ဖြစ်လျှင် စစ်တုရင်ကစားခြင်းသည် စဉ်းစားတွေးခေါ်မှုကို ရင့်သန်စေသည်။
ကျွန်တော်စစ်တုရင်ပြိုင်ပွဲသို့ လေးကြိမ်ယှဉ်ပြိုင်ဖူးသည်။ သုံးကြိမ် ကျရှုံးခဲ့သည်။ စိတ်ဝယ် နာကျင်ခဲ့ရသည်။ ညအိပ်ချိန် မျက်လုံးများ မှိတ်လိုက်သော အချိန်တွင်ပင် စစ်တုရင်အရုပ်များကို အကွက်ရွေ့နေသည်။ ပြိုင်ပွဲတခုဖြစ်သည့်အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း ယှဉ်ပြိုင်ရသည်။ အပျော်ဆော့သော ပွဲများတွင် ကျွန်တော် နိုင်လေ့ရှိသည်။ ပြိုင်ဖက်များကို အရုပ်အကျောပေး ဆော့လည်း နိုင်သည်။ ယုံကြည်မှုတခု ကျွန်တော့်တွင်ရှိသည်။
ပထမဆုံးပြိုင်ပွဲတွင် စည်းကမ်းအရ ရှုံးထွက်ဆော့ရသည်။ သုံးပွဲပြိုင်သည်။ နှစ်ပွဲနိုင်သူက နောက်ထပ်ပြိုင်ရသည်။ ရှုံးသူ ထွက်ရသည်။ သုံးပွဲတွင် ပထမဆုံးပွဲ၌ ကျွန်တော်နိုင်သည်။ ပြိုင်ဖက်ကို အထင်သေးသွားသည်။ နိုင်ဖူးသော ပြိုင်ဖက်ကို အလေးမထားချိန်တွင် ရှုံးသော ထိုပြိုင်ဖက်သည် သတိမလွတ်ဘဲ ဂရုစိုက်ကာ ဆော့သည်။ သူ၏ အမှားကို ပြုပြင်သည်။ သုံးပွဲ၏ ဒုတိယပွဲတွင် အမှားအကြီးကြီး ကျွန်တော်လုပ်မိသည်။ လုံးဝအရေးနိမ့်သွားသည်။ ကျွန်တော်ရှုံးသွားသည်။ ပြိုင်ဖက်ကို လျော့မတွက်စေလိုပါ။ ကေသရာဇာခြင်္သေ့မင်းသည် သားကောင်ကို ကြီးသည် ငယ်သည် မမှုဘဲ တူညီသော အားစိုက်ထုတ်မှုဖြင့် ဖမ်းသည်။ ထို့ကြောင့်လည်း တောဘုရင်ဖြစ်နေသည်။ ကျွန်တော်၏ ရှုံးပွဲမှ နာကျင်မှုရသည်။ သင်ခန်းစာ ရသည်။ ပို၍ ရင်နာဖွယ်ကောင်းသည်မှာ ကျွန်တော်တပွဲနိုင်ဖူးသော ပြိုင်ဖက်သည် ထိုနှစ် ချန်ပီယံ ဖြစ်ခဲ့သည်။
နောက်တနှစ် စစ်တုရင်ပြိုင်ပွဲကို ကျွန်တော် ဝင်နွှဲသည်။ ယခုနှစ် စည်းကမ်းအရ ၅ယောက်အုပ်စုပတ်လည် ပြိုင်ရသည်။ အမှတ်အများဆုံးနှစ်ယောက်က ရှုံးထွက်ပွဲကို တက်ရသည်။ ယခုနှစ်တွင် နိုင်နိုင်ခြေများပြီဟု ခန့်မှန်းသည်။ သို့သော် အခြားသူများလည်း အချိန်နှင့်အမျှ တိုးတက်လာသည်။ ထိုပွဲတွင်လည်း ကျွန်တော် ရှုံးထွက်အဆင့်တွင် ရပ်တန့်ခဲ့ရသည်။ လေ့ကျင်သောသူတိုင်း တိုးတက်နိုင်သည်။ ဇွဲမရှိလျှင် တခြားသူများက မိမိကို ကျော်တက်သွားပေမည်ဟု သင်ခန်းစာ ရသည်။ ရှုံးနိမ့်မှုသည် ခါးသီးလွန်းလှသည်။
နောက်တနှစ် ပြိုင်ပွဲကိုလည်း ကျွန်တော်ပြိုင်ခဲ့ပါသည်။ ရှုံးနိမ့်ခဲ့ပြန်သည်။ စစ်တုရင် ပြိုင်ပွဲတွင် အားကောင်းသော ရွှေ့ကွက်ရှိသည်။ အားနည်းသော ရွှေ့ကွက်ရှိသည်။ သာမန်ရွှေ့ကွက်ရှိသည်။ လုံးဝကို မလုပ်သင့်သော အကွက်ရှိသည်။ အရေးအကြီးဆုံးမှာ လုံးဝမရွေ့သင့်သောအကွက်ကို မရွှေ့မိရန်ပင်ဖြစ်သည်။ အားနည်းသောအကွက်ကို ရွှေ့ခဲ့လျှင် နောက်အားကောင်းသော ရွှေ့ကွက်များနှင့် ပြန်လည်ကုစားနိုင်သည်။ သုံးကြိမ် ကျရှုံးခဲ့သည်။ စိတ်အမာရွတ်တို့ ကျန်ခဲ့သည်။ ရှုံးဖန်များလာသောအခါ အနိုင်ဟူသော အရသာကို မေ့လာသည်။
နောက်ထပ်တနှစ် ထပ်ပြိုင်ပါသည်။ ရခဲ့သော ဒဏ်ရာ အထပ်ထပ်ပေါ် ဒုတ်ထပ်မကျရန် ရှောင်နိုင်ခဲ့သည်။ အုပ်စုအဆင့် ရှုံးထွက်အဆင့်ကို ကျော်ပြီး ဖိုင်နယ်ကို တက်လာခဲ့သည်။ သုံးပွဲ ယှဉ်ပြိုင်ရသည်။ ပထမပွဲ နိုင်ထားပြီ။ ဒုတိယပွဲ အင်အားလျော့နေသည်။ အကောင်အရေအတွက်နှင့်ဆို ရှုံးမည်။ ကျွန်တော့်စိတ်ကို ပြုပြင်လိုက်သည်။ ဘုရင်ရှိနေသရွေ့ မရှုံးနိုင်သေးဟု သဘောထားသည်။ အရေးနိမ့်မှုထဲမှ သရေကွက်ကို ရှာနိုင်ခဲ့သည်။ နောက်ထပ်တပွဲ ထပ်ဆော့သည်။ မိမိ၏ အားနည်းချက်ကို ညံသောပြိုင်ဖက်က အခွင့်ကောင်းမယူတတ်ပါ။ အရုပ်အကျောပေး ဆော့လာခဲ့သော ကျွန်တော့်ပြိုင်ဖက်များသည် ညံခဲ့ပေလိမ့်မည်။ ထိုသူတို့ကို အနိုင်ယူခဲ့သည်ကို ကျွန်တော်ဂုဏ်ယူခဲ့သည်။ သို့သော် လောကဆိုသည်မှာ ညံသောသူများချည်း ရှိသည်မဟုတ်။ လက်ရည်တူသော ပိုတော်သောပြိုင်ဖက်များလည်း ရှိသည်။ လက်ရည်သာသော ပြိုင်ဖက်ကို မလျော့သော လုံလဖြင့် ယှဉ်ပြိုင်ခဲ့သည်။ သမိန်ပရမ်းက ဂါမဏိ၏ ချပ်ဝတ်တန်ဆာဟနေသောနေရာကို ရှာနိုင်သကဲ့သို့ လက်ရည်သာသူ၏ ပျော့ကွက်ကို ကျွန်တော့်အနိုင်ကွက်အဖြစ် အသုံးချနိုင်ခဲ့သည်။ ရင်တွေ တဒိန်းဒိန်းခုန်ကာ ပြိုင်ဖက်၏ အရှုံးပေးမှုကို စောင့်နေခဲ့သည်။ ရှုံးသည် နိုင်သည်မှာ ပြိုင်ပွဲတခုဆိုလျှင် ရှိမည်ပင်။ လှောင်ပြောင်သော အမူအရာတို့ဖြင့် အောင်ပွဲ မခံခဲ့ပါ။
ကျွန်တော် ဒဏ်ရာအထပ်ထပ်ရခဲ့သည်။ ဒဏ်ရာတို့မှ ပြန်လည် ရှင်သန်ခဲ့သည်။ အရှုံးတို့သည် ခါးသီးခဲ့သည်။ သို့သော် အလင်းသည် အမှောင်ကြောင့် ပိုမိုသိသာသကဲ့သို့ အနိုင်သည် အရှုံးတို့ကြောင့် ပိုမို ချိုမြိန်ခဲ့သည်။ ကျောက်သားတို့ကြား ကျားကုတ်ကျားခဲရှင်သန်ခဲ့ရသော အလေ့ကျပင်တို့မှ ပွင့်သောပန်းတို့သည် နဂိုထက် ပိုလှတတ်သည်ဟု ထင်သည်။ ကျွန်တော်တွင် အားရ ကျေနပ်မိသော ပြိုင်ပွဲတခု ရှိခဲ့ဖူးသည်။
#reinzaw
Keep Reading