Author's Profile Photo

SarPhat Author

4/07/2024

''Peaceful Mind, Peaceful Life''

2 mins read
Book Review
''Peaceful Mind, Peaceful Life'''s photo

စာအုပ်နာမည်ဖတ်လိုက်ရတာနဲ့တင် စိတ်ကိုငြိမ်းချမ်းစေတဲ့အကြောင်းအရာတွေပါမယ်
ဆိုတာကို လူတိုင်းခန့်မှန်းမိမှာပါ။
ဒီစာအုပ်လေးကို စု ဖတ်ထားသလောက်ကနေ ဘယ်လိုအကြောင်းအရာလေးတွေပါလဲ
ဘာလေးတွေ သိလိုက်ရလဲဆိုတာကို ပြောပြပေးသွားချင်လို့ပါ။

စာအုပ်မှာက ခေါင်းစဥ်ကြီးလေးခုနဲ့ အပိုင်းခွဲထားတာဖြစ်ပါတယ်။

ဆ်ိုတော့ ပထမအပိုင်း

? Noble living - မြင့်မြတ်သော ဘဝနေနည်း

ဒီအပိုင်းကနေ ဘာတွေသိလိုက်ရလဲဆိုရင် -

▫️တစ်စုံတစ်ယောက်ကို ချီးမွမ်းပြောဆိုတာနဲ့မြှောက်ပင့်ပြောဆိုတာဟာ မတူညီကြောင်းကို သိလိုက်ရတယ်။ အချင်းချင်း ချီးမွမ်းပြောဆိုကြရင်း၊ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို လုပ်ကြဖို့
မေတ္တာလှိုင်းဂယက်တွေကို ဖန်တီးကြဖို့ တကယ်ကို လိုအပ်တယ်ဆိုတာ သိလိုက်ရတယ်။

▫️ကရုဏာတရားရဲ့ တကယ့်အနှစ်သာရ အဓိပ္ပါယ်ကို သိလိုက်ရတယ်။ ကရုဏာတရားကျင့်စဥ်နဲ့အတူ ကရုဏာထားခြင်းရဲ့အကျိုးကျေးဇူးတွေကိုပါ ဖော်ပြထားပါသေးတယ်။

▫️ ငြိမ်းချမ်းတဲ့စိတ်၊ ငြိမ်းချမ်းတဲ့ဘဝကို ရချင်ရင် ကိုယ့်ကိုယ့်ကိုယ် မုဒိတာထားတတ်ဖို့လိုကြောင်းကိုလည်း သိလိုက်ရတယ်။ကိုယ့်ကိုယ်ကိုယ် သူများနဲ့နှိုင်းယှဥ်မိပြီဆိုကတည်းက ကိုယ့်အတွက် ကိုယ်မုဒိတာမပွားနိုင်သေးလို့ပါလားဆိုပြီး ပြန်သုံးသပ်မိပြန်တာပါပဲ။

▫️ကိုယ့်စိတ်က တည်ငြိမ်နိုင်ဖို့ဆိုရင် " မြေကြီးလိုပဲ ကျင့်ရမယ်" တဲ့။ ဘာပြောတာလဲဆိုရင် မြေကြီးဟာ သူ့အပေါ်ကို မွှေးရနံ့တွေပဲလောင်းချချ၊ အနံ့အသက်တွေမကောင်းတာပဲသွန်ချချ အညီအမျှခံယူတယ်။ ဒီလိုပဲ လူတွေရဲ့ ဖြစ်ရပ်အပေါ်မှာ အချစ်၊အမုန်းတွေကို လိုက်ခံစားနေမယ်ဆိုရင် စိတ်က တည်ငြိမ်နိုင်တော့မှာ မဟုတ်ဘူး ဆိုတဲ့သဘောတရားလေးကို ပြောထားတာဖြစ်ပါတယ်။

▫️ သီလဆိုတဲ့ နေရာမှာ ငါးပါးသီလဟာ ရှောင်သီလဖြစ်ပြီး က်ိုယ်တို့ဟာ ရှောင်သီလအပြင် ဆောင်သီလဆိုတာကိုလည်း ပြုလုပ်သင့်ကြောင်း သတိကပ်မိစေဖို့ ရေးသားထားတာလေး တွေ့ရပါတယ်။

? Mindfulness and full awareness - သတိ၊ သမ္ပဇဥ် အပိုင်းမှာဆိုရင်

▫️သတိတရားကိုပွားများဖို့ ၊ သတိရှိစေဖို့ကို တရားထိုင်တာအပြင် တခြားလုပ်လို့ရတဲ့နည်းလမ်းတွေကိုလည်း မျှဝေထားသေးလို့ ကိုယ်အဆင်ပြေတဲ့ နည်းလမ်းကို ကျင့်သုံးယူလို့ရပါတယ်။

▫️တရားထိုင်တာမှမဟုတ်ဘဲ
အစားစားနေရင် အစားကိုပဲ အာရုံစိုက်ပြီး သတိလေးကပ်စားတာ၊ လမ်းလျှောက်တဲ့အခါ သတိလေးကပ်ပြီးလျှောက်တာ ၊ အလုပ်လုပ်တဲ့အခါမှာ တစ်ခုတည်းကိုပဲ အာရုံစိုက်တာတွေဟာ သတိတရားပွားများဖို့ နည်းလမ်းလေးတွေပါပဲ။

▫️ပစ္စုပ္ပန်ကို သေချာအာရုံစိုက်တတ်ဖို့
ပစ္စုပ္ပုန်တည့်တည့်မှာနေတဲ့အခါ အတွေးအမြင်တွေဟာ ရှင်းလင်းလာတတ်တယ်။ စိုးရိမ်ပူပန်မှုတွေကနေလည်း လွတ်မြောက်လာတယ်ဆိုတာလေးကို သိစေဖို့ ရေးသားထားတာဖြစ်ပါတယ်။

▫️ ဒီအပိုင်းမှာ ထူးခြားတာလေးက Mental health အတွက်တင် မကဘဲ physical health အတွက်ပါ လမ်းညွှန်လေးတွေ ရေးထားတာပါ။

? Healing - ကုစားခြင်း

ဒီအပိုင်းမှာဆိုရင်
▫️စွဲလမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ပြောပြထားတာပါ။

▫️ခွင့်လွှတ်မှုဆိုတဲ့သဘောတရားရဲ့ အဓိပ္ပါယ်နက်နက်ရှိုင်းရှိုင်းလေး ရှင်းပြထားတာဖြစ်လို့ စာဖတ်နေရင်းနဲ့ကို စိတ်ပေါ့ပါးလာရပါတယ်။

? Meaningful life - အဓိပ္ပာယ်ရှိသော ဘဝ

▫️ ချစ်ခြင်းမေတ္တာဆိုတာမှာ အပြန်အလှန် support ပေးတတ်ဖို့၊ ရင့်ကျက်စွာချစ်တတ်ဖို့၊ ရင့်ကျက်သူနဲ့မရင့်ကျက်သူတို့ရဲ့အချစ်ကို သေချာလေးခွဲခြားရှင်းပြထားတာဖြစ်လို့ ကိုယ်ဟာတစ်စုံတစ်ယောက်ကို ချစ်နေခြင်းမှာ ဘယ်လိုဘယ်ပုံစံနဲ့ ချစ်မိနေလဲဆိုတာကို ကိုယ့်ကိုယ့်ကိုယ်သုံးသပ်လာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလို သုံးသပ်ဆင်ခြင်နိုင်လာပြီဆိုရင် ခိုင်မြဲတဲ့ relationship တစ်ခုကိုတည်ဆောက်နိုင်လာမှာပါပဲ။

ဒီထက်ပိုတဲ့ခေါင်းစဥ်အခွဲလေးတွေလည်း ပါသေးတာမို့လို့ အကုန်တော့မပြောပြတော့ပါဘူး။

ဆိုတော့ အနှစ်ချုပ်အနေနဲ့ဆိုရင် ဒီစာအုပ်မှာ
တရားဓမ္မအဆုံးအမတွေကို ပါဠိစကားလုံးတွေနဲ့မဟုတ်ဘဲ သာမန်လူတွေနားလည်နိုင်အောင်လို့
ရိုးရှင်းလွယ်ကူတဲ့စကားလုံး၊စာအရေးအသားတွေနဲ့ ရေးထားလို့ တချို့တရားတော့နာလိုက်ပေမယ့်
ဘာတွေဟောမှန်းနားမလည်ဘဲ ဆိုလိုရင်းကို နားမလည်ကြဘူး၊မတွေးတတ်ဘူးဆိုရင် ဒီစာအုပ်ဟာ ဖတ်လို့အသင့်တော်ဆုံးပါပဲ။ ဒါ့အပြင် ဒီစာအုပ်ဖတ်ပြီးတဲ့အခါ စိတ်ဟာ တကယ်ကို ငြိမ်သက်ပြီး အရှုပ်တွေကြားထဲ ရှင်းအောင်ဘယ်လိုနေရမလဲ၊ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာ အာရုံမစိုက်တော့ဘဲနဲ့ ထိန်းချုပ်လို့တတ်နိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်သင့်တာကိုလည်း သိလာမှာပဲဖြစ်ပါတယ်။

အားလုံးပဲ ငြိမ်းချမ်းသော စိတ်၊ ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း... ?

#Maple
#BookReview
#ဉာဏ
#PeacefulMindPeacefulLife

Keep Reading

ခန်းဆောင်နီအိပ်မက်-မြသန်းတင့်AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyမေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ရပ်တန့်ရမယ့်အချိန်