ရွှေငါး

တစ်နေ့ ကြွက်လေးတစ်ကောင်ဟာ တောနက်ကြီးထဲကို ရောက်လာတယ်။
မြေခွေးက ကြွက်ကို တွေ့လိုက်တယ်။ ကြွက်ကလေးကြည့်ရတာ စားကောင်းမယ့်ပုံပဲ။
“ဘယ်ကိုသွားမလဲ မောင်ကြွက်ကလေးရေ
ကျုပ်ဂူထဲမှာ နေ့လည်စာ သုံးဆောင်ပါဦးလေ”
“ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ ဒါပေမယ့်ဗျာ
ဘီလူးကြီးနဲ့ နေ့လည်စာစားဖို့ ချိန်းထားမိလို့ပါ”
“ဘာ ဘီလူးကြီး ဟုတ်စ... ဘီလူးကြီးဆိုတာ ဘယ်လိုလဲကွ။”
“ဘီလူးကြီးကိုတောင် မသိဘူးလားဗျ”
“ကြောက်စရာ့ အစွယ်ကြီးတွေ”
“ကြောက်စရာ့ လက်သည်းကြီးတွေ”
“ကြောက်စရာ့ မေးရိုးကြီးနဲ့ ဘီလူးကြီးပေါ့”
“ကဲ ပြောပါဦး ... သူနဲ့ ဘယ်မှာ တွေ့မှာတုန်း”
“ဒီမှာလေ ဒီကျောက်တုံးတွေမှာ.. သူသိပ်ကြိုက်တဲ့ မြေခွေးသားကင်စားရင်းနဲ့ပေါ့ဗျာ”
“မြေခွေးသားကင် ဟုတ်လား” လို့ မြေခွေးက မေးလိုက်တယ်။ ပြီးတာနဲ့
“သွားလိုက်ဦးမယ် ကြွက်ကလေးရေ” လို့ နှုတ်ဆက်ရင်း သူ့ရဲ့ မြေအောင်းဂူထဲ လှစ်ခနဲ ဝင်ပြေးသွားတော့တယ်။
“ဟွန့်... မြေခွေးအိုငတုံး... ဘီလူးရှိတယ်ဆိုတာ လာယုံနေသေးတယ်” လို့ ကြွက်ကလေးက လှောင်လိုက်တယ်။
ကြွက်ကလေးက တောနက်ထဲ ဆက်သွားတယ်။
ဇီးကွက်က ကြွက်ကို တွေ့လိုက်တယ်။ ကြွက်ကလေးကြည့်ရတာ စားကောင်းမယ့်ပုံပဲ။
“ဘယ်ကိုသွားမလဲ မောင်ကြွက်ကလေးရေ
ကျုပ်သစ်ခေါင်းထဲမှာ နေ့လည်စာ သုံးဆောင်ပါဦးလေ”
“ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ ဒါပေမယ့်ဗျာ
ဘီလူးကြီးနဲ့ လက်ဖက်ရည်သောက် ချိန်းထားမိလို့ပါ”
“ဘာ ဘီလူးကြီး ဟုတ်စ... ဘီလူးကြီးဆိုတာ ဘယ်လိုလဲကွ။”
“ဘီလူးကြီးကိုတောင် မသိဘူးလားဗျ”
“တုတ်ခိုင်တဲ့ ခြေထောက်ကြီးတွေ”
“ကားထွက်နေတဲ့ ခြေချောင်းကြီးတွေ”
“နှာခေါင်းမှာ အဆိပ်ရှိတဲ့ ကြွက်နို့ကြီးနဲ့ ဘီလူးကြီးပေါ့”
“ကဲ ပြောပါဦး ... သူနဲ့ ဘယ်မှာ တွေ့မှာတုန်း”
“ဒီမှာလေ ဒီစမ်းချောင်းဘေးမှာ.. သူသိပ်ကြိုက်တဲ့ ဇီးကွက်ရေခဲမုန့် အချိုတည်းရင်းနဲ့ပေါ့ဗျာ”
“ဇီးကွက်ရေခဲမုန့် ဟုတ်လား” လို့ ဇီးကွက်က မေးလိုက်တယ်။ ပြီးတာနဲ့
“သွားလိုက်ဦးမယ် ကြွက်ကလေးရေ” လို့ပြောရင်း ဖလက်ဖလက်ဆိုပြီး အဝေးကို ပျံသန်းသွားတော့တယ်။
“ဟွန့်... ဇီးကွက်အိုငတုံး... ဘီလူးရှိတယ်ဆိုတာ လာယုံနေသေးတယ်” လို့ ကြွက်ကလေးက လှောင်လိုက်တယ်။
ကြွက်ကလေးက တောနက်ထဲ ဆက်သွားတယ်။
မြွေက ကြွက်ကို တွေ့လိုက်တယ်။ ကြွက်ကလေးကြည့်ရတာ စားကောင်းမယ့်ပုံပဲ။
“ဘယ်ကိုသွားမလဲ မောင်ကြွက်ကလေးရေ
ကျုပ်သစ်လုံးအိမ်ထဲမှာ အပန်းဖြေသွားပါဦးလေ”
“ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ ဒါပေမယ့်ဗျာ
ဘီလူးကြီးနဲ့ အပန်းဖြေဖို့ ချိန်းထားမိလို့ပါ”
“ဘာ ဘီလူးကြီး ဟုတ်စ... ဘီလူးကြီးဆိုတာ ဘယ်လိုလဲကွ။”
“ဘီလူးကြီးကိုတောင် မသိဘူးလားဗျာ”
“လိမ္မော်ရောင် မျက်လုံးကြီးတွေ”
“အမဲရောင် လျှာအရှည်ကြီး”
“ကျောမှာ ခရမ်းရောင် ဆူးကြီးတွေရှိတဲ့ ဘီလူးကြီးပေါ့”
“ကဲ ပြောပါဦး ... သူနဲ့ ဘယ်မှာ တွေ့မှာတုန်း”
“ဒီမှာလေ ဒီကန်နားမှာ.. သူသိပ်ကြိုက်တဲ့ မြွေသားမွှေကြော်စားရင်းပေါ့ဗျာ”
“မြွေသားမွှေကြော် ဟုတ်လား” လို့ မြွေက မေးလိုက်တယ်။ ပြီးတာနဲ့
“သွားလိုက်ဦးမယ် ကြွက်ကလေးရေ” လို့ပြောရင်း ထွက်သွားပါတော့တယ်။
“ဟွန့်... မြွေအိုငတုံး... ဘီလူးရှိတယ်ဆိုတာ လာယုံနေသေး....သေး.. သေး...” လို့ ကြွက်ကလေးက လှောင်မလို့ရှိသေးတယ်... ကြွက်ကလေးတွေ့လိုက်ရတာက....
ကြောက်စရာ့ အစွယ်ကြီးတွေ၊ ကြောက်စရာ့ လက်သည်းကြီးတွေ၊ ကြောက်စရာ့ မေးရိုးကြီး၊ တုတ်ခိုင်တဲ့ ခြေထောက်ကြီးတွေ၊ ကားထွက်နေတဲ့ ခြေချောင်းကြီးတွေ၊ နှာခေါင်းမှာ အဆိပ်ရှိတဲ့ ကြွက်နို့ကြီး၊ လိမ္မော်ရောင် မျက်လုံးကြီးတွေ၊ အမဲရောင် လျှာအရှည်ကြီး၊ ကျောမှာ ခရမ်းရောင် ဆူးကြီးတွေရှိတဲ့ ဘီလူးကြီးဖြစ်နေပါရောလား။
“အိုး.. ဒုက္ခပဲ တ..တကယ့် ဘီလူးကြီးပါလား” လို့ ကြွက်ကလေးက လန့်သွားတယ်။
ဘီလူးကြီးက ပြောတယ်။
“ငါ့ကြိုက်တဲ့ အစားအစာပါလား။ ပေါင်မုန့်လေးနဲ့ စားလိုက်ရလို့ကတော့ အရသာရှိမယ့်ပုံပဲကွာ” တဲ့။
“အရသာရှိမယ့်ပုံ ဟုတ်လား” လို့ ကြွက်ကလေးက ဒေါသနဲ့ ပြန်မေးလိုက်တယ်။
“ငါ့ကို အရသာရှိမယ်လို့ မပြောနဲ့။ ငါက ဒီတောထဲမှာ ကြောက်စရာအကောင်းဆုံး တိရိစ္ဆာန်ပဲ။ မင်း မယုံရင် ငါ့နောက်က လိုက်ခဲ့။ အားလုံးက ငါ့ကို ကြောက်နေရတယ်ဆိုတာ မင်းကိုယ်တိုင်မြင်လိမ့်မယ်” လို့ ပြောလိုက်တယ်။
“ကောင်းပြီလေ” လို့ ဘီလူးကြီးက ဟားတိုက်ရယ်မောရင်း ပြောလိုက်တယ်။
“ဒါဆို မင်းရှေ့ကသွား၊ ငါနောက်က လိုက်ခဲ့မယ်”
ကြွက်ကလေးနဲ့ ဘီလူးကြီးတို့အတူ တောထဲသွားရင်းကနေ ဘီလူးကြီးက ပြောလိုက်တယ်။
“နေဦး ငါ သစ်ရွက်တွေပေါ် တစ်ခုခုဖြတ်သွားသံကြားတယ်” တဲ့
“အဲ့ဒါ မြွေလေ” လို့ ကြွက်ကလေးက ပြောတယ်။
“ကြည့် ငါခေါ်ပြမယ် ဟေ့ ကိုမြွေရေ.. ကိုမြွေ” လို့ ကြွက်က လှမ်းခေါ်လိုက်တယ်။
မြွေက ဘီလူးကြီးကို မြင်တာနဲ့
“အိုး.. ဒုက္ခပဲ” လို့ ရေရွတ်ပြီး “သွားပြီ ကြွက်ကလေးရေ” လို့ ပြောရင်း သူ့ရဲ့ သစ်လုံးအိမ်ထဲ ဝင်ပြေးသွားတယ်။
“တွေ့လား... ငါမပြောဘူးလား” လို့ ကြွက်ကလေးက ဘီလူးကြီးကို လှည့်ပြောလိုက်တယ်။
“ထူးဆန်းသားဟ” လို့ ဘီလူးကြီးက ရေရွတ်လိုက်တယ်။
သူတို့ တောထဲ ဆက်လျှောက်လာကြရင်းကနေ ဘီလူးကြီးက ပြောလိုက်တယ်။
“နေဦး ငါ သစ်ပင်ပေါ်က အသံ တစ်ခုခုကြားတယ်” တဲ့
“အဲ့ဒါ ဇီးကွက်လေ” လို့ ကြွက်ကလေးက ပြောတယ်။
“ကြည့် ငါခေါ်ပြမယ် ဟေ့ ကိုဇီးကွက်ရေ.. ကိုဇီးကွက်” လို့ ကြွက်က လှမ်းခေါ်လိုက်တယ်။
ဇီးကွက်က ဘီလူးကြီးကို မြင်တာနဲ့
“အိုး.. ဘုရားရေ” လို့ ရေရွတ်ပြီး “သွားပြီ ကြွက်ကလေးရေ” လို့ ပြောရင်း သူ့ရဲ့ သစ်ခေါင်းထဲ ဝင်သွားတယ်။
“တွေ့လား... ငါမပြောဘူးလား” လို့ ကြွက်ကလေးက ဘီလူးကြီးကို လှည့်ပြောလိုက်တယ်။
“မယုံနိုင်စရာပဲကွ” လို့ ဘီလူးကြီးက ဖြေလိုက်တယ်။
သူတို့ တောထဲ ဆက်လျှောက်လာကြရင်းကနေ ဘီလူးကြီးက ပြောလိုက်တယ်။
“နေဦး ငါ တစ်ကောင်ကောင်ဖြတ်သွားသံ ကြားတယ်” တဲ့။
“အဲ့ဒါ မြေခွေးလေ” လို့ ကြွက်ကလေးက ပြောတယ်။
“ကြည့် ငါခေါ်ပြမယ် ဟေ့ ကိုမြေခွေးရေ.. ကိုမြေခွေး” လို့ ကြွက်က လှမ်းခေါ်လိုက်တယ်။
မြေခွေးက ဘီလူးကြီးကို မြင်တာနဲ့
“အမလေး ကယ်ကြပါဦး” လို့ ရေရွတ်ပြီး “သွားပြီ ကြွက်ကလေးရေ” လို့ ပြောရင်း သူ့မြေအောင်းဂူထဲ ဝင်ပြေးသွားတယ်။
“တွေ့လား... ငါမပြောဘူးလား အားလုံးက ငါ့ကို ကြောက်နေရတာလေ” လို့ ကြွက်ကလေးက ဘီလူးကြီးကို လှည့်ပြောလိုက်တယ်။
“ဒါပေမယ့် ခု ငါဗိုက်ဆာလာပြီ။ ငါအကြိုက်ဆုံးအစားအစာက ဘီလူးသားတုတ်ထိုးကွ” လို့ ဆက်ပြောလိုက်တယ်။
“ဘီလူးသားတုတ်ထိုး ဟုတ်လား” လို့ ဘီလူးက မေးလိုက်တယ်။ ပြီးတော့ ဘီလူးဟာ ဘာမှတောင်မပြောတော့ဘဲ ကြွက်ကလေးနဲ့ ဝေးရာဆီ ခပ်သုတ်သုတ် ထွက်သွားပါတော့တယ်တဲ့ကွယ်။
Credit = Julia Donaldson, Axel Scheffder
ရွှေငါးပြန်လည်ရေးသားသည်။
Keep Reading