Author's Profile Photo

SarPhat Author

28/06/2024

အချစ် ဘာလဲဘယ်လဲ (၂)

3 mins read
Art
အချစ် ဘာလဲဘယ်လဲ (၂)'s photo

** အချစ် ဘာလဲ ဘယ်လဲ **


အပိုင်း(၂)


မောင်လူသစ်


စန်းစန်းမော်နဲ့ အောင်လတ်က ငယ်လင် ငယ်မယား ကပြားပါ။ အစစ်မဟုတ်ဘူး။.ငယ်လင် ငယ်မယား ကပြားလို့ ပြောရတာက စန်းစန်းမော်က တစ်ခုလပ်ဖြစ်ပြီး အောင်လတ်ကလူပျိူ ။



သူတို့နှစ်ယောက် ယူတော့ စန်းစန်းမော်ဘက်က ကလေးတစ်ယောက်ပါတယ်။ပြီးတော့ အောင်လတ်နဲ့ ကလေးတစ်ယောက်ထပ်မွေးတယ်။ သူတို့ကလေး နှစ်ယောက်လုံးက ယောကျ်ားလေးတွေချည်းပဲ။


သူတို့နှစ်ယောက် ညားခါစက စန်းစန်းမော်ဘက်က ပါတဲ့ကလေးက သုံးနှစ်သားအရွယ်။ အောင်လတ်က အဲဒီကလေးကို အတော်ချစ်တယ်။.ကလေးကလည်း.သူ့အဖေ လို့ပဲထင်နေတယ်။ အောင်လတ်လက်ထဲမှာ ကြီးတာဆိုတော့ အဖေ လို့ပဲခေါ်တယ်။ အောင်လတ်ကိုလည်းချစ်တယ်။ အောင်လတ်ကို သူ့အမေ ကရိုက်ရင် သူ့အမေကိုသူပဲဝင်ဆွဲလေ့ရှိတယ်။ အဲဒီကောင်က အခု ကိုးတန်းရောက်နေ​ပြီ။ နောက်မွေးတဲ့ကလေးကတော့ ငါးတန်းရောက်ပြီ။


စန်းစန်းမော်နဲ့အောင်လတ်က တစ်ရပ်ကွက်တည်း၊တစ်လမ်းတည်းသား ကျောင်းနေဖက် ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်တွေ။ သူငယ်တန်းကနေ ဆယ်တန်းအထိ အတူကျောင်းတက်ဖက်တွေ၊ ငယ်ပေါင်းရောင်းရင်းတွေ။


ဆယ်တန်းကိုယ်စီကျကြပြီး စန်းစန်းမော်က လင်ရသွားတယ်။ အောင်လတ်က ဝေလေလေဖြစ်သွားတယ်။ နှစ်ယောက်စလုံး ကျောင်းတက်မတက်ဖြစ်ကြတော့ဘူး။


အောင်လတ်က ငယ်ငယ်ကတည်းက ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ အပျင်းထူတယ်။.ဘာ အလုပ်မှ လက်ကြောမတင်းဘူး။.သူ့အဖေက ရှေ့နေကြီးဆိုတော့ အမှုလိုက်ပြီး ငွေရွှင်တယ်။.အောင်လတ်က မိဘလုပ်စာ ထိုင်စားတယ်။


အောင်လတ်အဖေ ပညာတတ်ရှေ့နေကြီးဟာ သူ့သားအကြီးဆုံး အောင်လတ်ကို ငယ်ငယ်ကတည်းက မနိုင်ဘူး။.အောင်လတ်မွှေသမျှ ခံရတယ်။ အောင်လတ်အောက်က ညီတွေညီမတွေ အကုန်ဘွဲ့ရပြီး အလုပ်ကိုယ်စီရှိပေမဲ့ အောင်လတ်က လယ်ရာပြန်စားရေးပဲ။.ကိုးတန်းလောက်ကတည်းက အရက်သောက်နေပြီ၊ ကွမ်းစားနေပြီ။ ဆယ်တန်းကျပြီး ကျောင်းဆက်မနေတော့ဘူးဆိုတော့ အချိန်ပြည့် အရက်သမားဖြစ်သွားတယ်။.မိုးလင်း မိုးချူပ် စွတ်ကယ် စွတ်ကယ် သောက်တယ်။ ကွမ်း မပြတ်စားတယ်။


ဘာအလုပ်မှ မလုပ်ပဲ၊ မိဘဆီ လက်ဝါးဖြန့်ပြီး အရက်ချည်းသောက်နေတဲ့ အောင်လတ်က မိန်းမကိစ္စလည်း စိတ်မဝင်စားဘူး။ မိန်းမတွေကလည်း အောင်လတ်လို ငမူးငပေ ဝေလေလေ ငါးဖောင်ရိုးခြောက်ကို စိတ်မဝင်စားကြဘူး။ အောင်လတ်ဘဝမှာ ရည်းစားလည်း မထားဖူးဘူး။


အောင်လတ်က အရက်သမားပေမဲ့လူချစ်လူခင်တော့များတယ်။ အောင်လတ်က. အပြောအဆိုညက်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်။ မူးနေပေမဲ့ အနေအထိုင် အသွားအလာ အပြောအဆို ညင်သာသိမ်မွေ့တယ်။ ရပ်ရေးရွာရေး လည်း ဝါသနာပါတယ်။


အောင်လတ်က ငယ်ငယ်ကတည်းက လက်ရေးလှတယ်။ မဏ္ဍာပ်အလှဆင်တာတွေ၊ အခမ်းအနားနောက်ခံစာလုံးဆိုင်းဘုတ်ရေးတာတွေ ဝါသနာပါတယ်။.ကျွမ်းကျင်တယ်။ စိတ်ရှည်လက်ရှည် လုပ်တတ်တယ်။



ဒီတော့ ရပ်ကွက်ထဲမှာ မင်္ဂလာဆောင်ရှိရင် အောင်လတ်က အခမဲ့ စေတနာ့ဝန်ထမ်း မဏ္ဍာပ်အလှဆင်ပေးတယ်။.ဆိုင်းဘုတ်ရေးတယ်။.အလှူ ရှင်ပြု ဘာညာလည်း အောင်လတ်က အခမဲ့ ဆိုင်းဘုတ်ရေးတယ်၊မဏ္ဍာပ်အလှဆင် အကျိူးဆောင်ပေးတယ်။ ဒီတော့ အောင်လတ်ကို လူချစ်လူခင်များသလို အရက်တိုက်မဲ့လူလည်း မရှားဘူး။


စန်းစန်းမော် မင်္ဂလာဆောင်တော့ မင်္ဂလာမဏ္ဍာပ် အလှဆင်တာ အောင်လတ်လက်ရာပဲ။ သတို့သားအရံလည်း သူပဲလုပ်ခဲ့တယ်။စန်းစန်းမော် မင်္ဂလာဆောင်မှာ အပျော်လွန်ပြီး အသောက်လွန့် သတိလစ်သွားတာလည်း.သူပဲ။

မနည်း နှာနှပ်ယူရတယ်။


စန်းစန်းမော်နဲ့ညားတဲ့လူက ဒီရပ်ကွက်သားမဟုတ်ဘူး။တနယ်ကနေရောက်လာကြတဲ့လူတွေ။ စန်းစန်းမော်ယောကျ်ားက. သံချည်သံကွေး၊ စတီးလုပ်ငန်း လုပ်တယ်။ ပိုက်ဆံအဆင်ပြေသယောင်ရှိပေမဲ့ သိပ်မကြာမီ အိမ်ထောင်ရေးအဆင်မပြေဘူး။သူ့ယောကျ်ားက အရက်ရော၊ မိန်းမရော ဇယားတွေရှုပ်တယ်။


အဲလို ဇယားရှူပ်တာတွေ များလာတော့ စန်းစန်းမော်ကလည်း သည်းမခံနိုင်တော့ဘူး။ ခဏခဏ ရန်ဖြစ်၊စကားများ အိမ်ထောင်ရေးမသာယာတော့ဘူး။ ရန်ဖြစ်ရလွန်းအားကြီးတော့ စန်းစန်းမော်ရဲ့ စရိုက်တွေပါ ကြမ်းလာပြီး ယောကျ်ားနှိပ်စက်တာကို ပြန်လည် တုန့်ပြန်ရင်း စန်းစန်းမော်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မဂျမ်းစိန်ဖြစ်လာရတယ်။


ကလေးတစ်ယောက်ရပြီး ကလေးနို့မပြတ်ခင် လင်မယားကွဲကြတယ်။.မကွဲခင်က စန်းစန်းမော်လက်ချက်နဲ့ ဟိုကောင်လည်း ခေါင်း.နှစ်ခါကွဲတယ်။ဟိုကောင်ကလည်း မိန်းမပေါင်းစုံနဲ့ရှူပ်တယ်။ ဘယ်လိုမှ သည်းမခံန်ုင်တဲ့အဆုံး စန်းစန်းမော်က ကွာပစ်လိုက်ရတယ်။


သိပ်မကြာခင် အဲဒီကောင်လည်း သူများမယားကို ယူပြီးခြေရာဖျောက်သွားလိုက်တယ်။ အစအန ရှာမရတော့ဘူး။စန်းစန်းမော်က ကလေးလူမမယ်လေးနဲ့ သူ့အမေအိမ်ပြန်ရောက်လာပြီး စားဝတ်နေရေး အတွက် ရပ်ကွက်ထဲနဲ့ ရပ်ကွက်စျေးထဲ ငွေတိုးလေး ဘာလေး ပေးပြီး ဘဝရပ်တည်တယ်။


ရပ်ကွက်ထဲက လူတွေနဲ့ရပ်ကွက်စျေးထဲက စျေးသည်တွေကို ပိုက်ဆံချေးတယ်ဆိုတာလည်း လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ လတိုး ရှိသလို နေ့သွင်းလည်းရှိတယ်။ ကျပ်တိုး မတ်တိုး ငါးမူးတိုးလည်းရှိတယ်။ လွယ်လွယ်တော့ယူကြပြီး လွယ်လွယ်ပြန်ပေးဖို့ ခက်တယ်။



ဒီတော့ ကိုယ့်ပိုက်ဆံပြန်ရဖို့အတွက် နန်းမတော်မယ်နု လုပ်နေလို့တော့မရဘူး။.လိုအပ်လာရင် အမေဂျမ်း စတိုင် လုပ်သင့်ရင်လုပ်ရတယ်။ ကြမ်းသင့်ရင် ကြမ်းရတယ်။.အဲဒီ ဘဝပေးအခြေအနေကြောင့် စန်းစန်းမော်လည်း စွာတေးလန် မဂျမ်းစိန် ဖြစ်လာရတယ်။


စန်းစန်းမော်က အဲသလို ကလေးတစ်ယောက်နဲ့ ရုမ်းကန် လှူပ်ရှားနေချိန်မှာ အောင်လတ်က ရပ်ကွက်ထဲ မှာ ဝေလေလေ ယောင်ဝါးဝါး ၊ လယ်ရာ ပြန်စားရေး၊ အလုပ်အကိုင် မရှိ၊ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်၊ ငမူး ငပေ ငါးမြွေထိုးဖြစ်နေတယ်။ သူ့ညီတွေ၊ညီမတွေ ဘွဲ့ကိုယ်စီရ၊ အိမ်ထောင် ကိုယ်စီကျ၊ အလုပ်ကိုယ်စီနဲ့ ကိုယ့်လမ်း ကိုယ်လျှောက်နေကြချိန်မှာ အောင်လတ်ကတော့ မိဘလုပ်စာ စားပြီး ငါးမြွေထိုးဘဝနဲ့ မိဘအိမ်မှာ သောင်တင်နေတယ်၊ မိသားစုအတွက် အရှူပ်ထုတ်ဖြစ်နေတယ်။ မိဘကလည်းမကြည်ဘူး။ ညီအကို မောင်နှမတွေကလည်း မကြည်ဘူး။.


မိသားစုက မကြည်လည်း အောင်လတ်ကတော့ အေးရာအေးကြောင်းပဲ။ သောက်သောက်စားစား လူမင်းသားပဲ။ ဘာအကြောမှ မတင်းဘူး။.အရက်သောက်တဲ့နေရာမှာတော့ အကြောတင်းတယ်။ ကြွက်တွင်းက အဘခေါ်ရတယ်။


အဲဒီ ငမူးအောင်လတ်က လူကသာ နံပိန်နေပေမဲ့ ငယ်ငယ်ကတည်းက. ဇမသေးဘူး။. ရန်ဖြစ်ခဲပေမဲ့ ရန်ဖြစ်ရင်လည်း လက်မြန်တယ်၊ လက်ယဥ်တယ်၊ မဟုတ်မခံ၊ မမှန်မလုပ် စိတ်တော့ရှိတယ်။ မတရားမှုကိုလည်း မကြိုက်ဘူး။


စန်းစန်းမော်နဲ့ အောင်လတ်က ငယ်သူငယ်ချင်း သံယောဇဥ်နဲ့ အခေါ်အပြောရှိတယ်၊ ရင်းနှီးမှုရှိတယ်။ အောင်လတ်က လမ်းသွားရင်း လမ်းမှာ စန်းစန်းမော် နဲ့ဆုံရင် အရက်ဖိုးတောင်းလေ့ရှိတယ်။ စန်းစန်းမော်ကလည်း ပေးလေ့ရှိတယ်။ဒီထက်တော့ မပိုဘူး။


သို့သော် အဲဒီထက် ပိုရမဲ့ အကြောင်းက ဖန်လာတယ်။ တနေ့တော့ စျေးကနေ ကြွေးတောင်းပြီး.စက်ဘီးနဲ့ပြန်လာတဲ့ စန်းစန်းမော် ကို ကောင်တစ်ကောင်က ရည်းစားစကားလိုက်ပြောရင်း စန်းစန်းမော်နဲ့ အဲဒီကောင်နဲ့ စကားများနေကြတုန်း အောင်လတ်ကလည်း မူးကြောင် မူးကြောင်နဲ့ အရက်ဆ်ုင်ကနေ ပြန်အလာ ဆုံကြရော။


စိတ်မြန် လက်မြန်တဲ့အောင်လတ်က လမ်းဘေးကတွေ့တဲ့ သစ်ကိုင်းကျိူးနဲ့ ဟိုငနဲကို ကျွေးထည့်လိုက်တာ ကွဲပြဲသွားလို့ အောင်လတ်အဖေ ရှေ့နေကြီး ကောင်းမှု

ကြောင့် ကံကောင်းလို့ အမှုမဖြစ်တယ်။


အဲဒီကတည်းက အောင်လတ်က အားလုံးသိအောင် ကြွေးကြော်လိုက်တယ်။.သူ့ သူငယ်ချင်း စန်းစန်းမော်ကို ထိကပါး ရိကပါးလုပ်တဲ့ကောင်၊ ရစ်သီသီ လုပ်တဲ့ကောင်၊ဖွန်ကြောင်တဲ့ကောင် ဘယ်ကောင်မဆို သူနဲ့တွေ့မယ်။ အဲဒီကောင်ကို သူကိုယ်တိုင် သေဒဏ်စီရင်မယ် ။စန်းစန်းမော်အနား ဘယ်လဒ တစ်ကောင်မှ ကပ်

ခွင့်မရှိ။ စန်းစန်းမော်ကို လေတောင် ခပ်ကြမ်းကြမ်း မတိုက်ရ။ ပုံ / အောင်လတ် ဆိုပြီး ထုတ်ပြန်ကြေညာလိုက်တယ်။။



******************************************

Keep Reading

မေဦးမိုးရဟန်းတန်မဲ့ လန့်ခဲ့သည်ကိုယ်ပိုင်ဝေဒနာစုံစမ်းမေးမြန်းခြင်း သည်းခံပါမျက်နှာကို တော်တော်တည် ထားသည်ကျောက်စာတိုင် ပမာယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)မြစ်ရဲ့အနမ်းတွေကို ငါဝါးစားလိုက်တော့မယ်အချစ်