စောမြတ်နွယ်
ကျွန်မသီတင်းကျွတ်ကျောင်းပိတ်ရက်က အဖေနဲ့စကားအေးအေးဆေးဆေးပြောဖြစ်ခဲ့တယ်။အဓိကအကြောင်းအရာကတော့ ကလေးတွေအကြောင်းပေါ့။ ကျွန်မအတွက်တော့ အဖေနဲ့ စကားပြောရတာ အရသာတစ်ခုပါပဲ။
အဖေရော ကျွန်မရော စာဖတ်တာကို အလွန်ဝါသနာပါတယ်။ အဲ့ဒီတော့ ကျွန်မတို့သားအဖနှစ်ယောက် စကားလက်ဆုံကျပြီဆိုရင် သမိုင်းကြောင်းတွေရောက်သွားလိုက် ဗုဒ္ဓစာေပနဲ့ပက်သက်တဲ့အကြောင်းရောက်သွားလိုက် ပညာရေးနဲ့ပက်သက်တဲ့အကြောင်းတွေရောက်သွားလိုက်နဲ့ အကြောင်းအရာကတော့ အစုံပါပဲ။တစ်ခါတစ်လေ စကားအပြောကောင်းလွန်းလို့ အမေက ထမင်းမစားတော့ဘဲ စကားပဲပြောနေကြတော့ဖို့လား မေးယူရတဲ့အထိပါပဲ။
ကျွန်မတို့သားအဖ နှစ်ယောက်စလုံး ကလေးတွေရဲ့ပညာရေးကို စိတ်ဝင်စားတယ်။ ကျွန်မ ကျောင်းဆရာမ စဖြစ်ပြီဆိုကတည်းက အဖေဆုံးမတဲ့စကားတစ်ခွန်းရှိတယ်။ အဖေက " ငါ့သမီး ဘယ်သူလုပ်လုပ်မလုပ်လုပ် ကိုယ်ကတော့ ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ် အကောင်းဆုံးလုပ် စေတနာထားလုပ်။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရတာ သမိုင်းလှဖို့လိုတယ်တဲ့"။
ကျွန်မအတွက်တော့ ကျွန်မအဖေဟာ ကျွန်မရဲ့ စံပြ ပုဂ္ဂိုလ်ပါပဲ။ အဖေ့စကားတွေဟာ ကျွန်မအတွက် လိုက်နာစရာ မှတ်သားစရာ တန်ဖိုးထားစရာတွေချည်းပါပဲ။
ကျွန်မ မှတ်မိနေသေးတယ်။ ကျွန်မအသက် ၁၃နှစ် ၁၄နှစ်လောက်ကပေါ့။ ကျွန်မကို အမေက ညနေဘက်မှာ စျေးသည်အိမ်ကို စျေးဝယ်ခိုင်းတာ။ ကျွန်မက ညနေဘက်ကို စျေးဝယ်ခိုင်းရင် မသွားချင်ဘူး။ စျေးဝယ်မသွားချင်ရတဲ့ အကြောင်းအရင်းကလဲရှိတယ်။
ကျွန်မတို့အိမ်က ရွာရဲ့အလယ် ဓမ္မရုံနားမှာရှိတာ။ နောက်ပြီး အဲ့အချိန်တုန်းက ရွာလယ်မှာ မန်ကျည်းပင်ကြီးရှိတယ်။ ကျွန်မတို့ငယ်ငယ်က ညနေရောက်ပြီဆိုရင် ရွာထဲက ကာလသားတွေက မန်ကျည်းပင်ကြီးအောက်မှာ စုပြီးလာထိုင်ကြတာ။
ညနေဆိုရင် ရွာရဲ့အပျိုချောတွေကလဲ စျေးဝယ်ရင်းဆိုဆို ဟန်ရေးပြရင်းဆိုဆို သွားကြလာကြတာဆိုတော့ ညနေဆိုရင် ရွာလည်မှာ လူစည်ကားတယ်။အဲ့တော့ ကျွန်မက အဲ့လို ကာလသားတွေ အများကြီးထိုင်နေတဲ့ ရှေ့ကဖြတ်ပြီး တစ်ယောက်တည်း စျေးဝယ်မသွားချင်ဘူးလေ။
အဲ့တော့ ကျွန်မကို ညနေဘက်စျေးဝယ်ခိုင်းရင် မသွားချင်ဘူးပြောတာပေါ့။အဲ့ဒီတော့ အဖေက မေးတယ် ။ဘာဖြစ်လို့ စျေးဝယ်မသွားချင်ရတာလဲတဲ့။ကျွန်မကလဲ အကျိုးအကြောင်းပြောပြတာပေါ့။
အဲ့ဒီမှာ အဖေက စကားတစ်ခွန်းပြောတယ်။ " သမီးတဲ့
ယောက်ျားလေးဆိုတာကတော့ ဒီလိုပဲ ။ ကောင်မလေးတွေမြင်ရင် စချင်နောက်ချင်ကြတယ်။ သူ့သဘာဝဗီဇကိုက အဲ့ဒီလိုလာတာ ။ အဲ့ဒါကို သမီးက ခေါင်းထဲထည့်စရာလဲ မလိုဘူး။ စဥ်းစားစရာလဲမလိုဘူးတဲ့ ။ သူတို့ပြောသမျှ စကားတွေကိုသာ အကုန်လုံးလိုက်စဥ်းစားနေမယ်ဆိုရင် သမီးရူးသွားလိမ့်မယ်တဲ့"။
အဲ့ဒီအချိန် အဲ့ဒီအရွယ်မှာ အဖေပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကျွန်မအတွက်တော့ အများကြီးစိတ်သက်သာရခဲ့တာ အမှန်ပါပဲ။ အဲ့ဒီအချိန်ကစလို့ ကျွန်မကိုဘယ်သူတွေကပဲ စစနောက်နောက် အာရုံထဲမထည့်ဖြစ်တော့ဘူး။စိတ်ရှုပ်သက်သာခဲ့တာလဲ အမှန်ပါပဲ။
ကျွန်မရဲ့ အဖေရော အမေရောက စည်းစနစ်ကြီးတယ်။ အဖေက သရေစာ စားတာမကြိုက်ဘူး။သူကိုယ်တိုင်လဲ မစားဘူး။ အဖေက ပြောတယ်။ "သရေစာက အာဟာရမဖြစ်ဘူး။ ထမင်းစားမှ အာဟာရဖြစ်တာတဲ့"။
ကျွန်မငယ်ငယ်က အမေက တစ်နေ့ကို မုန့်ဖိုး ၂ကျပ်ပေးတယ်။ မနက်စာ ၁ကျပ် နေ့လယ် ၁ကျပ်။ ၁ကျပ်ဖိုးကို ငှက်နှစ်ကောင်ချိုချဥ်နှစ်လုံးရတယ်။ ကျွန်မဒုတိယတန်းအထိပဲ မုန့်ဖိုးပေးတယ်။ကျွန်မတတိယတန်းရောက်တော့ အဖေက "လူကြီးဖြစ်ပြီ မုန့်ဖိုးမသုံးရတော့ဘူး "ဆိုပြီး မပေးတော့ဘူး။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ အဖေနဲ့ အမေကို အများကြီးကျေးဇူးတင်မိတယ်။ ကျွန်မငယ်ငယ်လေးကတည်းက ငွေကို စည်းနဲ့ကမ်းနဲ့ သုံးတတ်အောင် စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့လို့။
ကျွန်မ အခု တွေးမိလာတာလေးရှိတယ်။ ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ မိဘအပေါ်မှာလည်း မူတည်တယ်။ ဆရာအပေါ်မှာလည်းပဲ မူတည်တယ်ဆိုတာကို။
ဒါပေမယ့် မိဘတိုင်းသားသမီးကို ချစ်ပေမယ့် မိဘတိုင်း သားသမီးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ မသိတဲ့သူတွေက များပါတယ်။များသောအားဖြင့် နယ်ဘက်ရွာဘက်တွေမှာပေါ့။
ရွာတွေမှာဆိုတာက များေသာအားဖြင့် မိဘတွေက အတန်းပညာသိပ်မတတ်ကြဘူး။ သားသမီးကို လိမ်မာစေချင် ကောင်းစေချင်ပေမယ့် ဘယ်လိုဆုံးမရမလဲ မသိကြဘူး။ နောက်တစ်ခုက မိဘတွေကိုယ်တိုင် မှားနေတာတွေရှိတယ်။ ကိုယ့်သားသမီးကျောင်းမှာ ရန်ဖြစ်လာရင်
"သား ကျောင်းမှာရန်ဖြစ်ရင် ခံမလာခဲ့နဲ့။ ဖြစ်လာတဲ့ ပြဿနာ အဖေရှင်းမယ်။ ဘယ်သူ့မှ ကြောက်စရာမလိုဘူး။ အမေရှိတယ် အဖေရှိတယ်"။ အဲ့လိုမျိုးမှာတာ။
အဲ့ဒီလို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခံရတဲ့ ကလေးတစ်ယောက်က ကြီးလာတဲ့အခါ ဘယ်လိုလုပ် ကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့ လူကြီးတစ်ယောက်ဖြစ်လာနိုင်တော့မလဲ။
အဲ့ဒီလိုတွေ ဘာေကြာင့်ဖြစ်တာလဲဆိုရင် ကျွန်မအမြင် ပေါ့နော်။အတန်းပညာမတတ်တာကြောင့်လဲ ပါမယ်ထင်တယ်။ စာအုပ်စာပေနဲ့ဝေးတာကြောင့်လဲပါမယ်ထင်တယ်။တချို့ကျတော့လဲ နဂိုဗီဇက ကို မကောင်းတာေကြာင့်လဲ ပါကောင်းပါနိုင်တာပေါ့နော်။ နောက်တစ်ခုက ကိုယ့်သားသမီးကို ချစ်တဲ့ အတ္တစိတ်ကြောင့်လဲ ဖြစ်နိုင်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ကလေးတွေကို စာအုပ်စာပေနဲ့နီးစပ်စေချင်တာပဲ။စာဖတ်စေချင်တာပဲ။ သေချာတာ တစ်ခုကတော့ စာအုပ်စာပေနဲ့ နီးစပ်တဲ့ စာကောင်းပေကောင်းတွေ ဖတ်ခွင့်ရတဲ့ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အချိန်မှာ ပျက်စီးသွားနိုင်ခြေနည်းတယ်။။တကယ်လို့ ပျက်စီးသွားရင်တောင် ဆိုးဆိုးဝါးဝါးကြီးတော့ ဖြစ်မသွားဘူး။အဲ့ဒီအတွေးနဲ့ ကျွန်မက ကလေးတွေကို စာပေနဲ့နီးစပ်စေချင်တာ။
ကျွန်မတို့ သားအဖနှစ်ယောက် ကလေးတွေကို စာပေနဲ့နီးစပ်အောင်တော့ ကြိုးစားကြည့်ခဲ့သေးတယ်။ ကိုဗစ်ကာလကပေါ့။ ကျွန်မနဲ့ နီးစပ်တဲ့ကလေးတွေကို ကျွန်မမှာရှိတဲ့ စာအုပ် ေလးေတွကို အခမဲ့ငှားေပးပြီး ရွာမှာ စာဖတ်ဝိုင်းလေး လုပ်လိုက်သေးတယ်။ကလေးတွေလည်း အချိန်တွေ အလဟဿကုန်နေတာကို အကျိုးရှိသွားအောင်ပေါ့။ ကျွန်မတို့အိမ်မှာ တစ်လတစ်ခါ ဆုံတယ်။ နောက်ပြီး ကိုယ်ဖတ်ထားတဲ့ အကြောင်းအရာလေးတွေပြန်မျှဝေကြ မသိတာလေးတွေ မေးကြနဲ့ပေါ့။
ကျွန်မတို့အမေက စာဖတ်ဝိုင်းက ကလေးတွေကို တစ်လတစ်ခါမရိုးရအောင် မုန့်လုပ်ကျွေးတယ်။မုန့်လုပ် ေကာင်းလို့ မုန့်လက်ဆောင်းကျိုတာ ဒန်အိုးအသစ်ကြီးပေါက်သွားတာတော့ အမှတ်တရပေါ့။အဲ့ဒီအချိန် တွေတုန်းက ကလေးတွေလဲပျော် ကျွန်မလဲ ပျော်ခဲ့ပါတယ်။ သူတို့တွေအတွက်လဲ အကျိုးရှိတဲ့အချိန်လေးတစ်ခု ဖြစ်ခဲ့မယ်ထင်ပါတယ်။
ကျွန်မကတော့ အဖေဆုံးမတဲ့ စကားလေးအတိုင်း ကိုယ့်သမိုင်းကို အလှဆုံးဖြစ်အောင်တော့ ရေးနေပါတယ်။ နောက်ပြီး အဖေဂုဏ်ယူရတဲ့ သမီးတစ်ယောက်လည်း ဖြစ်ချင်ပါသေးတယ်။
#စောမြတ်နွယ်
Keep Reading