SarPhat Author

ချစ်ရပါသော အဖေ
-------
`` အဖေ "
`` သား ခုည ဇော်ဇော်တို့ အိမ်မှာ သွား အိပ်ချင်လို့"
ကျွန်တော့်စကားကြောင့် ပုခက်ပေါ်မှာ စာအုပ်ဖတ်ရင်း အဖေ ကျွန်တော့်ကို တချက်လှမ်းကြည့်လိုက်သည်။
အဖေ့အကြည့်ကို မြင်လိုက်တာနဲ့ အဖြေကို တန်းသိလိုက်ရတာကြောင့် ကျွန်တော် လည်း ဘာမှ ဆက်မမေးတော့ဘဲ အတော်လေး စိတ်ပျက်စွာ ထွက်သွားမိသည်။
အဖေဟာ ကျွန်တော်ငယ်ငယ်လေးထဲက ခုထိ ဘယ်သူငယ်ချင်းအိမ်ကိုမှ လိုက်မအိပ်ခိုင်းခဲ့သလို ခိုးပြီးလိုက်အိပ်ရင်လည်း ညတွင်းချင်းလိုက်ခေါ်လေ့ ရှိသည်။
ဒါကြောင့် ကျွန်တော်သူငယ်ချင်းများရဲ့ လှောင်ပြောင်မှုကိုလည်း မကြာခဏခံခဲ့ရသည်။
`` မင်းကလည်း မိန်းကလေးကျနေရော''တို့
`` အိမ်မပိုင်တဲ့ ကောင်'' စသဖြင့် စနောက်ကြပါသည်။
တစ်ခါတလေတော့ ကျွန်တော်လည်း ကျွန်တော့်အဖေကို စိတ်ပျက်မိသည်။ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊ ခံစားချက်ကို နားမလည်သူ၊ သူများအဖေတွေနဲ့ မတူသူလို့ တွေးရင်း ဒေါသဖြစ်ရပါသည်။
ခုလည်း သူငယ်ချင်းဇော်ဇော်တိုဆီမှာ လူစုပြီး အိပ်ဖို့ တိုင်ပင်ထားပေမဲ့ ကျွန်တော့်အဖေကတော့ လွှတ်ဖို့ အရိပ်အယောင်တောင်မပြခဲ့ပါဘူး။
ကျွန်တော်လည်း အဖေကို စိတ်ဆိုး ဒေါသထွက်ရင်း ရွာထဲက ခြင်းဝိုင်းမှာ တစ်နေကုန်သွားနေလိုက်ပါတော့သည်။
ကျွန်တော်ညနေ အိမ်ပြန်လာတော့ အိမ်မှာ အဖေရှိမနေ။ ကျွန်တော်လည်း တနေကုန်ဘာမှ မစားရသေးတာကြောင့် မီးဖိုထဲ ဝင်ကာ တစ်ခုခုစားဖို့ပြင်ဆင်နေလိုက်သည်။
မီးဖိုချောင်ထဲမှာတော့ ညနေစာအတွက် ချက်ပြုတ်ပြင်ဆင်နေတဲ့ အမေက ကျွန်တော်ဘာမှမစားရသေးတာသိ တာကြောင့် သိမ်းထားတဲ့ ဟင်းကိုလာချရင်း စကားစသည်။
`` သား"
`` မင်း အဖေကို စိတ်ဆိုးနေတာလား''
`` ဟုတ်တယ်အမေ"
ကျွန်တော်လည်း အမေ့ရဲ့ အမေးကို စိတ်ထဲရှိတဲ့အတိုင်း ပြန်ဖြေလိုက်သည်။
``အဖေက နည်းနည်းတော့လွန်တယ် မလား အမေ"
သားသူငယ်ချင်းတွေဆို သူတို့ အိပ်ချင်တဲ့ အိမ်သွားအိပ်လို့ရတယ်။
သူတို့ မိဘတွေက အဖေ့လောက်လည်း မချုပ်ချယ်ကြဘူး။ ခုဆိုသားကို သူငယ်ချင်းတွေက လည်း လှောင်နေကြပြီးအမေ။
သားအရမ်းစိတ်ပျက်တယ်။
ကျွန်တော့်စကားတွေ ကြောင့် အမေ စိတ်မကောင်းသလိုဖြစ်သွား ပေမဲ့ ကျွန်တော့်ပန်ကန်ထဲ ဟင်းထည့်ပေးရင်း
`` သား ထမင်းစားရင်းနဲ့ နားထောင်နော်"
`` အမေပြောပြမယ်''
သား အဖေက ခုလိုချုပ်ချယ်တယ်ဆိုတာကလေ သားကို မချစ်လို့လည်း မဟုတ်ပါဘူး။ ပြီးတော့လူငယ်သဘာဝကို နားမလည်လို့လည်း မဟုတ်ပါဘူး။
``သားတို့ အဖေ လူငယ်အရွယ်က အရမ်းဆိုးခဲ့တာ"
အိမ်မှာ တစ်ညမှ မအိပ်ဘဲ သူငယ်ချင်း အပေါင်းအသင်းတွေဆီမှာ လိုက်အိပ်ပြီး မူးယစ်သောက်စားနေခဲ့တယ်။
သားအဖေကြောင့် သားတို့ အဖွားဟာ အမြဲ စိုးရိမ်ပူပန်နေခဲ့ရတယ်။ မျက်ရည်ကျခဲ့ရတယ်။
သားအဖေဟာ နေချင်သလို နေထိုင်ခဲ့တာကြောင့် သူများတွေရဲ့ အထင်သေးပြီး အပြောအဆိုတွေလည်း ခံခဲ့ရတယ်။
နောက်ပိုင်း သူ့ဘဝကို သူပြင်ဆင်ပြီး လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေထိုင်ခဲ့တယ်။
သူ အဖေ နေရာရောက်တဲ့အခါ သူ့သားကို သူ့လိုဖြစ်မှာ အရမ်းစိုးရိမ်တယ်။ စိတ်ပူခဲ့တယ်။
လူငယ်တွေစုပြီး အိပ်ကြရင်းနဲ့ မကောင်းတာ တစ်ခုခုဖြစ်သွားမှာလည်း သူစိုးရိမ်သလို သူ့သားကို တခြားသူတွေ အထင်သေးမှာ၊ အပြစ်ပြောမှာကိုလည်း သူမလိုချင်ခဲ့ဘူး။
သူ့လို ပညာမတတ်ဘဲ နေထိုင်သွားရမှာကိုလည်း သူမလိုချင်ခဲ့ဘူး။
ဒါကြောင့် သားကို သူက သူများအိမ်မှာ လိုက်အိပ်ဖို့ ခွင့်မပြုတာပါ။
ပြီးတော့သား အဖေက သားကို အဲ့ဒီတစ်ခုက လွဲရင် ကျန်တာ တာဝန်မကျေတာ ရှိခဲ့ဖူးလို့လား။
သားသေချာစဥ်းစား ကြည့်ပါအုံး
ကျွန်တော်လည်း အမေပြောပြတဲ့ အဖေ့ရဲ့ အကြောင်းတွေ ပြန်တွေးရင်း
အဖေ့ကို စိတ်ဆိုးပြေသွားရသည်။
တကယ်လည်းကျွန်တော်တို့ လူငယ်တွေစုပြီး အိပ်ကြရင် စာစုကျက်တာထက် မကောင်းတာလုပ်မိဖို့ ပိုအားသာတတ်သည်။
နောက်တခုက အဖေဟာ အမေပြောသလို ကျွန်တော့်ကို တခြားသူတွေ အိမ်မှာ လိုက်အိပ်တာ မကြိုက်တာကလွဲရင် အကုန်တာဝန်ကျေခဲ့သည်။
ငယ်ငယ်ထဲကနေ ခုချိန်ထိ မရှိရှိတဲ့ အထဲက စာကိုကြိုးစားသင်ယူစေခဲ့သည်။ သူထက်သာအောင်ထားပေးခဲ့သည်။
သူ့ငယ်ငယ်က မသင်ယူခဲ့ရတဲ့ ပညာကို ကျွန်တော်တို့ကို သင်ယူစေခဲ့သည်။ ဒီလိုကျေးဇူးရှိတဲ့ အဖေကို ဒီတစ်ခုလေး မလိုက်လျောတာနဲ့ ဘာလို့စိတ်ဆိုးဒေါသထွက်ရမှာလဲလို့ ကိုယ့်အမှားကိုယ် ပြန်မြင်လာမိသည်။
ကျွန်တော်နောက်ဆို အဖေ ခွင့်မပြုတာကို မတောင်းဆိုတော့ပါဘူးအဖေလို့ စိတ်ထဲမှာ ကတိပေးရင်း ထမင်းစားခန်းထဲက ထွက်လာခဲ့ပါတော့သည်။
တနေ့လုံး တင်းကျပ်နေတဲ့ စိတ်တွေဟာလည်း ပေါ့ပါးလန်းဆန်းလို့ နေပါတော့တယ်။
အဖေဆိုတာ ဟာ သားသမီးတွေကို သူ့ထက်ကောင်းတဲ့ဘဝမှာနေစေချင်သလို သူ့ထက်တော်စေချင်၊ တတ်စေချင်ပါတယ်။
ဒါငါ့သားကွ၊ ငါ့သမီးကွလို့ ဂုဏ်ယူချင်ပါတယ်။
သူတို့လိုအမှားတွေကို သူတို့ကလေးတွေကို မကျူးလွန်စေချင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။
အဖေဆိုတာ ပြီးပြည့်စုံတဲ့ လူသားတွေတော့မဟုတ်ပေမဲ့ သူ့ရဲ့ သားသမီးတွေကိုတော့ ပြီးပြည့်စုံစေချင်တဲ့ လူသားတွေပါပဲ။
ယောက်ျားချင်းမို့ မဆိုးတတ်၊ မချွဲတတ်ပေမဲ့ အရမ်းချစ်ပါတယ် အဖေ
John William Soe
Keep Reading