Author's Profile Photo

SarPhat Author

17/06/2024

သွေး

7 mins read
Book Review
Art
18 Again

သွေး
**********
( ၁ )
ပခုက္ကူမြို့ရှိငွေရှင်ကြေးရှင်လူတန်းစားများအများဆုံးနေထိုင်ကြသောရပ်ကွက်ရဲ့ခြံတစ်ခြံရှေ့မှာဦးဘကောင်းနဲ့ဥိီးဖိုးနီတို့သားအဖနှစ်ယောက်ရောက်ရှိနေကြလေသည်။ခြံထဲမှနှစ်ထပ်အိမ်ကြီးမှာတိတ်တိတ်ဆိတ်ဆိတ်နှင့်ပင်ဦးဖိုးနီတို့ဧည့်သည်သုံးယောက်ကိုကြိုဆိုနေလေသည်။
ဦးဘကောင်းကခြံတံခါးသံတိုင်များကိုအားပြုကိုင်ရင်းအိမ်ထဲသို့လှမ်းခေါ်လိုက်လေသည်။
" အမေကြည် " " ဗျို့ အမေကြည်ရှိလား "
ဦးဘကောင်းခေါ်သံကြောင့်အိမ်တံခါးမှာဖြည်းလေးစွာပွင့်လာပြီးအဘွားအိုတစ်ယောက်ထွက်လာလေသည်။
"ဘယ်သူလဲ ဟေ "
"ကျုပ် ဘကောင်းပါ အမေကြည် "
" လာပြီ မောင်ဘကောင်းရေ "

ဦးဖိုးနီတို့သုံးယောက်သားအမေကြည်နဲ့အတူအိမ်ထဲသို့ဝင်ခဲ့ကြလေသည်။
အမေကြည်သည်သူ၏ပိန်လှီသောခန္ဓာကိုယ်ကိုထိန်းကာရှေ့မှဖြည်းဖြည်းလေးလေးသွားနေလေသည်။အမေကြည်ကိုကြည့်ပြီးဦးဖိုးနီရင်ထဲမှာသနားသလိုလိုဝမ်းနည်းသလိုလိုပင်ဖြစ်လာရလေသည်။ဦးဘကောင်းပြောပြချက်အရအမေကြည်မှာလူကသာစည်းစိမ်ဥစ္စာအပြည့်နဲ့ချမ်းချမ်းသာသာနေရပေမယ့်အဖော်အပေါင်းမရှိတစ်ယောက်တည်းနေရသည်။အရင်ကလူပျိုကြီးအပျိုကြီးမောင်နှမနှစ်ယောက်အတူနေပေမယ့်အစ်ကိုဖြစ်သူဆုံးသွားသောအခါအမေကြည်တစ်ယောက်တည်းကျန်ခဲ့လေသည်။တူ တူမဝမ်းကွဲတွေရှိပေမယ့်အမေကြည့်စည်းကမ်းတွေကိုမလိုက်နာနိုင်ကြသလိုအမေကြည့်ကိုကြည့်ရှုအတူနေပေးမယ့်သူရယ်မရှိဘဲတစ်နှစ်မှာတစ်ခေါက်တောင်အရောက်အပေါက်နည်းကြသည်မို့ရပ်ကွက်ထဲကအသိမိတ်ဆွေအချို့ကအမေကြည်အတွက်အဖော်အလှော်လေးရအောင်အလုပ်သမားကောင်မလေးတွေရအောင်ရှာပေးခဲ့ကြပေမယ့်အမေကြည်နဲ့သဟဇာတမဖြစ်ခဲ့ကြဘူး။အမေကြည်ကစိတ်လည်းမြန်စိတ်ကလည်းထက်။အသန့်အပြန့်လည်းကြိုက် စည်းကမ်းလည်းကြီးလှတာမို့ကောင်မလေးတွေခမျာအမေကြည့်ဒဏ်ကိုမခံနိုင်တာလားအမေကြည်ကပဲစိတ်တိုင်းမကျတာပဲလားအလုပ်သမားမမြဲခဲ့ဘူးတဲ့လေ။အမေကြည့်အတွက်ဦးဘကောင်းအကူအညီတောင်းစဉ်ကဆိုဦးဘကောင်းကိုအထင်အမြင်လွဲပြီးအတော်စိတ်ဆိုးမိခဲ့သေးသည်။
( ၂ )
" ဘယ်နှယ့် ပြောလိုက်တာလဲဘကောင်းရယ် ရင်ရွှေဆုံးတာမကြာလှသေးဘူးရယ်
သမီးကိုသူမျာအိမ်မှာအိမ်ဖော်အဖြစ်ပို့ရအောင်ကျုပ်က ကလေးတွေကိုရှာမကျွေးနိုင်လို့လား "

" မဟုတ်ဘူး ဖိုးနီ ငါပြောတာအဲ့ဒီအဓိပ္ပါယ်မဟုတ်ဘူး
အမေကြည်ခမျာလက်ရှိအလုပ်လုပ်နေတဲ့ကလေးမလေးကဖြုန်းစားကြီးအလုပ်ထွက်သွားတော့သူ့ခမျာမကျန်းမမာနဲ့တစ်ယောက်တည်းဒုက္ခရောက်နေတာ အလုပ်သမားအသစ်ကလည်းရှာမရသေးလို့မင်းသမီးလေးကိုအမေကြည်အတွက်အဖော်လေးဖြစ်ဖြစ်ရအောင်အလုပ်သမားမရခင်ခဏအကူအညီတောင်းတာပါကွာအတူအဖော်နေပေးရုံပါ အိမ်အလုပ်တွေခိုင်းဖို့မဟုတ်ပါဘူး မင်းတို့ငါတို့လည်းကုသိုလ်ရပါတယ်ကွာ "
ဦးဘကောင်းစကားကြောင့်ဦးဖိုးနီမှာတွေတွေဝေဝေဖြစ်သွားရလေသည်။အကူအညီတောင်းတာဆိုတော့ဦးဖိုးနီမှာငြင်းရခက်ခက်။ခေါင်းငြိမ့်ရခက်ခက်။ဦးဖိုးနီအတွက်ဦးဘကောင်းကငယ်သူငယ်ချင်းဖြစ်သလိုကျေးဇူးကြွေးများလှသူလည်းဖြစ်လေသည်။

" ကဲ ထိုင်ကြကွယ် ဒီမှာရေနွေးကြမ်းသောက်ထန်းလျက်စားကြဦးကွဲ့ "

အမေကြည့်အသံကြောင့်ဦးဖိုးနီမှာအတွေးထဲမှလန့်နိုးပြီးသမီးလေးလက်ကိုဆွဲကာနီးစပ်ရာခုံမှာဝင်ထိုင်လိုက်လေသည်။

" အမေကြည်အဖော်ရအောင်ကလေးမလေးလာပို့ပေးတာ သူလည်းမိခင်ဆုံးသွားတာမကြာသေးတော့စိတ်ပြေလက်ပျောက်ဖြစ်အောင်ခေါ်ခဲ့တာ သူကတော့ ကလေးမလေးရဲ့အဖေကိုဖိုးနီးတဲ့ "

အမေကြည်ကဦးဖိုးနီကိုတစ်ချက်လှမ်းကြည့်ပြီး

"မောင်ဖိုးနီမှာသားသမီးဘယ်နှစ်ယောက်ရှိလဲကွဲ့"
"သုံးယောက်ပါ အမေကြည်သမီးလေးကအလတ်ပါ ကျန်တဲ့နှစ်ယောက်ကယောက်ျားလေးတွေပါ "
"သြော် အေး အေး သမီးလေဒီကိုလာပါဦးကွယ် သမီးနာမည်ဘယ်လိုခေါ်လဲကွဲ့ "

" နှင်းနုလို့ခေါ်ပါတယ်ရှင် "

"အသက်ကရောဘယ်လောက်လဲ "

" ၁၂ နှစ်ပါအဘွား "

" အမေကြည်နဲ့နေမလား "

နှင်းနုကဦးဖိုးနီကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးခေါင်းကိုတွင်တွင်ငုံ့ထားလေသည်။
( ၃ )
ခဏဆိုသောအချိန်မှသည်လနှစ်တို့ပင်ကူးပြောင်းလာခဲ့လေပြီ။နှင်းနုသည်ဆယ့်ခြောက်နှစ်ကျော်အပျိုပေါက်အရွယ်သို့ပင်ရောက်ရှိခဲ့လေပြီ။အချိန်တွေကြာလာတာနဲ့အမျှအမေကြည်နဲ့နှင်းနုတို့နှစ်ဦးရဲ့မေတ္တာကြိုးသည်ပင်ရစ်ပတ်နွယ်ငင်၍ခိုင်မာသထက်ခိုင်မာနေခဲ့ကြလေပြီ။မည်သူနှင့်မျှအဆင်မပြေခဲ့သောအမေကြည်တစ်ယောက်နှင်းနုနဲ့ကျမှအဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်ကာစိတ်ချမ်းမြေ့ပျော်ရွှင်သောမိသားစုဘဝလေးကိုရရှိခဲ့လေသည်။အမေကြည်နဲ့နှင်းနုတို့နှစ်ယောက်မြေးအဘွားရင်းတွေလိုချစ်ခင်ပျော်ရွှင်နေကြလေသည်။

( ၄ )
နှင်းနုသည်ပန်းကန်တွေကိုပန်းကန်စင်ပေါ်သို့သပ်သပ်ရပ်ရပ်မြန်မြန်ဆန်ဆန်စီတင်နေရင်းမှအိမ်ရှေ့ခန်းရှိအမေကြည်ကိုလှမ်းအော်ပြောလိုက်လေသည်။
" မေကြည်ရေ ဆေးသောက်မယ်နော်"

အမေကြည်သည်နှင်းနုလက်ထဲမှဆေးလုံးလေးများကိုကြည့်လိုက်ပြီးစိတ်ပျက်လက်ပျက်ပုံစံဖြင့်
" တစ်နေ့တစ်လေလောက်မသောက်လို့မရဘူးလားသခင်မလေးရယ် ကျွန်တော်မျိုးမတကိုယ်လုံးလည်းဆေးနံ့တွေနံ့လှပါပြီ "

" မရဘူးလေ ဒါကသခင်မလေးရဲ့အမိန့့်တော်ပါ ငြင်းဆန်မယ်မကြံပါနဲ့ "

နှင်းနုရဲ့ချစ်စဖွယ်ဟန်အမူအရာနဲ့ပြောဆိုပုံစကားအဆုံးမှာအမေကြည်ကပီတိဝေသောမျက်နှာဖြင့်ဆေးကိုယူသောက်လိုက်လေ၏။

" နှင်းနုရေ သမီး "

နှင်းနု အမေကြည့်ကို ဆေးတိုတ်နေစဉ်မှာပင် ခြံဝမှခေါ်သံကိုကြားလိုက်ကြရလေသည်။

" ခြံဝကခေါ်သံကြားတယ်
သမီးအဖေထင်တယ် "

နှင်းနုတစ်ယောက်ခြံဝကို အပြေးလေးထွက်လာခဲ့တော့ သူတို့ထင်သလို နှင်းနုရဲ့ဖခင်ဖြစ်သူဦးဖိုးနီဖြစ်လေသည်။အမြီးတုံးနေပြီဖြစ်သောအရောင်မရှိတော့သည့်လွယ်အိတ်စုတ်ကြီးကိုလွယ်ကာဖုန်အလူးလူးပေနေသောဦးဖိုးနီရဲ့ပုံမှာခရီးဝေးမှလာခဲ့ရတာကြောင့်မောပန်းနွမ်းနယ်ပုံပေါက်နေလေ၏။

"လာဟေ့ မောင်ဖိုးနီ အမောဖြေပြီးရင်
ထမင်းစား ဒီနေ့တော့ချက်ချင်းမပြန်နဲ့ပေါ့ ညလေးဘာလေးအိပ်ပြီးမှပြန် သားအဖနှစ်ယောက်အေးဆေးစကားပြောကြပေါ့ "
ဤသို့အမေကြည်ရဲ့လိုလိုလားလားဖော်ရွေပျူငှါမှုများကြောင့်ဦးဖိုးနီမှာသမီးလေးဆီအခေါက်ခေါက်အခါခါရောက်ခဲ့ပေမယ့်သူ့ရဲ့အကြံအစည်စိတ်ကူးများကိုထုတ်မပြောနိုင်ဘဲရှိလေသည်။သည်အခါမှာတော့ဦးဖိုးနီတစ်ယောက်သူ့အကြံအစည်ကိုအောင်မြင်အောင်အကောင်အထည်ဖော်ဖို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးလာခဲ့ခြင်းဖြစ်လေသည်။

( ၅ )
အမေကြည် ဦးဖိုးနီနဲ့နှင်းနုတို့သုံးယောက်သားညစာစားပြီးတော့အချိန်ကညနေ နေဝင်ရီတရောဖြစ်နေလေပြီ။သုံးယောက်သားဧည့်ခန်းမှာအေးအေးလူလူထိုင်၍စကားပြောကြလေသည်။နှင်းနုကတော့အလယ်မှနေ၍ယပ်တောင်တစ်ချောင်းနဲ့အမေကြည်ကိုယပ်ခတ်ပေးလိုက်
ဖခင်ဖြစ်သူဦးဖိုးနီကိုယပ်ခတ်ပေးလိုက်နဲ့ရှိလေ၏။

ဦးဖိုးနီကလက်ထဲကရေနွေးကြမ်းပန်းကန်လုံးကိုအသာချလိုက်ပြီးအမေကြည်ကိုမဝံ့မရဲလှမ်းကြည့်ပြီးစကားစလိုက်လေသည်။
"အမေကြည့်ကိုစကားနည်းနည်းလောက်ပြောပါရစေ ကျုပ်ကိုတမျိုးတော့မထင်စေချင်ဘူးအမေကြည် "

" ဘာများလဲဟေ့ မောင်ဖိုးနီ အရင်လိုနှင်းနုလေးကိုပြန်ခေါ်မယ့်အကြောင်းပဲပြောမှာမလား "

အမေကြည့်စကားကြောင့်ဦးဖိုးနီမှာမဝံ့မရဲ့ဖြင့်ပင်

" ဟုတ်ပါတယ် အမေကြည် ဒီတစ်ခါတော့ဖြင့် အရင်လိုမဟုတ်ဘဲပြတ်ပြတ်သားသားပြောရမှာမို့အမေကြည်အနေနဲ့ကျုပ်ကိုနားလည်ပေးစေချင်တယ် "

" ပြောမှာသာပြောပါ မောင်ဖိုးနီရယ် မင်းမလဲရှည်ရန်ကော "

" ဒီလိုပါ အမေကြည် အခုဆိုအကြီးကောင်ကလည်းအိမ်ထောင်ကျပြီးသူ့စီးပွားနဲ့သူဖြစ်နေပြီ အလတ်ကောင်လည်းကားဝပ်ရှော့မှာပညာသင်နေပြီဆိုတော့ အဲဒီထဲမှာလပ်နေတာကသမီးလေးနှင်းနုပဲရှိတော့တာပါ "

" အဲဒီတော့ မင်းပြောချင်တာကဘာများလဲမောင်ဖိုးနီရှင်းရှင်းသာပြောစမ်းကွယ် "

"ကျုပ်ပြောချင်တာကတော့အမေကြည်ရောကျုပ်ရောအသက်တွေကြီးလှပါပြီ နောင်တချိန် သမီးလေးတစ်ယောက်တည်းမျက်စိသူငယ်နားသူငယ်နဲ့ကျန်ခဲ့မှာစိုးလို့အသက်မွေးဝမ်းကျောင်းပညာလေးတစ်ခုခုလောက်သင်ပေးချင်လို့ ပါ "

" မင်းနှယ့်ကွယ်စိုးရိမ်တတ်ရန်ကော ငါ့မှာရှိတဲ့စည်းစိမ်ဥစ္စာတွေနဲ့နှင်းနုလေးအတွက်ဘာများပူစရာလိုသေးလဲ "

" ဒါကတော့အမေကြည်ပစ္စည်းအမေကြည်ဆွေမျိုးသားချင်းတွေသာသက်ဆိုင်တာမဟုတ်လား "

"တော်စမ်း မောင်ဖိုးနီငါလိုအိုကြီးအိုမဆီကရသလောက်ယူချင်ပြီီး လာပြုစုပေးပါဆိုတော့ ပျောက်ခြင်းမလှပျောက်သွားသူတွေကို အပ်တိုတစ်ချောင်းတောင်ပေးဖို့စိတ်ကူးမရှိလေဘူး ငါပိုင်သမျှတစ်ဝက်ကိုလှူတစ်ဝက်ကဟော့ဒီသမီးလေးနှင်းနုအတွက်ပဲ အချိန်တန်တော့လူကြီးသူမများနဲ့တိတိကျကျခွဲဝေပေးခဲ့မှာပါ မင်းဘာမှမပူလေနဲ့ "

အမေကြည်စကားကြောင့်ဦးဖိုးနီတစ်ယောက်ရင်ထဲမှအပူလုံးကြီးပြေလျော့သွားရလေသည်။နှင်းနုကတော့အမေကြည်နဲ့ဖခင်ဦးဖိုးနီကြား ဘာမှဝင်မပြောဘဲငြိမ်ငြိမ်သက်သက်နှင့်ပင်ထိုင်နေလေသည်။နှင်းနုဘာမှဝင် မပြောပေမယ့်လည်းဦးဖိုးနီကနှင်းနုရဲ့စိတ်ကိုသိပြီးသားပါလေ။ယခင်အခေါက်တွေကလည်းဦးဖိုးနီကဘယ်လောက်ပြန်ခေါ်ခေါ်အမေကြည်ကပြန်မထည့်တာထက်နှင်းနုကိုယ်တိုင်ကပြန်မလိုက်တာကိုဦးဖိုးနီကသိပြီးသားလေ။နှင်းနုကဖခင်ဖြစ်သူဦးဖိုးနီထက်အမေကြည်ကိုအမေရင်းတစ်ယောက်လိုသံယောစဉ်ဖြစ်နေပြီးအမေကြည်နဲ့ဘယ်လိုမှခွဲမရဖြစ်နေပြီလေ။

"ဒီလိုဆိုရင်ဖြင့် ကျုပ်လည်းသားသမီးတွေအတွက်စိတ်အေးရပြီမို့သာသနာ့ဘောင်ဝင်ဖို့စိတ်ကူးထားလို့ သမီးနှင်းနုအတွက်အမေကြည့်ကိုပဲယုံကြည်အပ်နှံထားခဲ့ပါ့မယ် "

"ကောင်းပါလေ့ မောင်ဖိုးနီရယ်သာသနာ့ဘောင်ကိုစိတ်ဖြောင့်ဖြောင့်သာဝင်ပါ ဒီခါလပြည့်ရင်နှင်းနုလေးအတွက်ကိုလူကြီးစုံရာရှေ့ ရှေ့နေရှေ့ရပ်နဲ့သေချာခွဲဝေးပေးမှာမို့ မင်းလဲဆက်ဆက်တစ်ခေါက်လာခဲ့ဦး "
( ၆ )
လပြည့်ရင်ဆက်ဆက်လာခဲ့ပါဆိုသောအမေကြည်စကားကြောင့်အမေကြည့်အိမ်သို့ဦးဖိုးနီထပ်မံရောက်ရှိခဲ့လေပြီ။
အမေကြည်ကအိမ်မှာဘုန်းကြီးဆွမ်းကပ်။မွေးနေ့အလှူလုပ်ပြီးရပ်ရွာလူကြီးများရှေ့မှာနှင်းနုကိုတရားဝင်သမီးအဖြစ်မွေးစားကြောင်းကြေငြာပေးခဲ့သည်။သို့ပေမယ့်စာချုပ်စာတမ်းမပါဘဲအသိပေးရုံပြောခဲ့တာကိုဦးဖိုးနီစိတ်ထဲမတင်မကျခံစားခဲ့ရပေမယ့်ထွေထွေထူးထူးပြောမနေတော့ဘဲတိတ်တိတ်ဆိတ်ဆိတ်သာနေခဲ့၏။

( ၇ )
နွေ မိုးဆောင်း ရာသီတွေအလီလီပြောင်းလဲလာသည်နှင့်အမျှနှင်းနုသည်ပင်ဆယ့်ရှစ်နှစ်ကျော်ဆယ့်ကိုးနှစ်အရွယ်သို့ရောက်ခဲ့လေပြီ။အချိန်တွေပြောင်းလဲလာပေမယ့်အမေကြည်နဲ့နှင်းနုတို့နှစ်ယောက်ရဲ့သံယောစဉ်ကတော့မပြောင်းလဲဘဲခိုင်မြဲသထက်ခိုင်မြဲခဲ့လေသည်။အမေကြည်မှာလည်းအသက်အရွယ်အိုမင်းလာပြီမို့သွားလာလှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲအိပ်ရာထဲလဲနေခဲ့ရလေပြ.ီ။
ဆေးအရှိန်ကြောင့်အိပ်ပျော်နေသောအမေကြည်ကိုကြည့်ပြီးနှင်းနုရင်ထဲမှာဝမ်းနည်းနာကျင်ခံစားရလေသည်။
သွေးမတော်သားမစပ်ဘူးဆိုပေမယ့်နှင်းနုအတွက်တော့အမေကြည်ကမိခင်နဲ့မခြားဘူးလေ။ဝေဒနာခံစားနေရတဲ့အမေကြည်ကိုကြည့်ပြီးနှင်းနုမှာသနားကြင်နာစိတ်ပိုကဲခဲ့သည်။
အမေကြည်ရဲ့အရိုးပေါ်အရေတင်ဖြစ်နေသောလက်ကလေးကိုခပ်ဖွဖွဆုပ်ကိုင်
ရင်းနှင်းနုတစ်ယောက်ငေးငိုင်နေလေသည်။

"ဟဲ့ မိနှင်းနုဟိုမှာလူမမာကအိပ်နေပြီ ညည်းကဘာထိုင်လုပ်နေတာလဲ တို့စားထားတဲ့ပန်းကန်တွေသွားသိမ်းလိုက်ဦး "

" ဟုတ် ဟုတ်ကဲ့ပါ ကြီးကြီး "

" ဟဲ့ ခဏနေဦး တကယ်လို့များ အဘွားကြီးအခြေအနေဆိုးလာရင် ငါတို့ဆီဖုန်းအရင်ဆက် ဆရာဝန်ကိုအရင်မခေါ်နဲ့ကြားလား "

" ဟုတ် ဟုတ်ကဲ့ပါရှင် ကြီးကြီး "

သူတို့စိတ်တိုင်းကျ
ပြောဆိုမှာကြားပြီးပြန်သွားသောအမေကြည့်တူမနှစ်ယောက်ကိုကြည့်ပြီးနှင်းနမှာသက်ပြင်းမောကိုချလိုက်လေသည်။နှင်းနုစိတ်တိုင်းကျသာဆိုရင်အမေကြည်ကိုဆေးရုံးကောင်းကောင်းမှာကုသပေးချင်ပေမယ့်အမေကြည်အိပ်ရာထဲလဲကတည်းကရောက်ရှိလာခဲ့ကြတဲ့အမေကြည်ရဲ့တူမတွေဖြစ်တဲ့ကြီးကြီးမေတို့ကြီးကြီးခင်တို့ကခွင့်မပြုခဲ့ကြဘူးလေ။နှင်းနုမှာကြီးကြီးမေတိုကိုစိတ်ထဲမတွေ့လှပေမယ့်ပြန်ပြောရဲတဲ့သတ္တိမရှိလေတော့အမေကြည်ကိုတိုတ်တိုတ်တွန်းတွန်းပြောတော့လည်းအင်းမလှုပ်အဲမလှုပ်။နှင်းနုပြုစုပေးသမျှကိုသာငြိမ်ငြိမ်သက်သက်နှင့်ခံယူနေသည်။နှင်းနုဆီကမီးခံသေတ္တာသော့နဲ့အိမ်ခြံသော့တွေကိုတောင်းတော့လည်းကောင်းသည်ဆိုးသည်တစ်လုံးတောင်ဝင်မပြောဘဲတိတ်တိတ်ဆိတ်ဆိတ်သာရှိတာမို့နှင်းနုမှာအမေကြည်အတွက်စိုးရိမ်သောကဖြစ်ရုံမှအပကိုယ်ပိုင်ခွန်အားလေးနဲ့အမေကြည်ကိုပြုစုစောင့်ရှောက်ပေးရုံပဲတတ်နိုင်တာလေ။

( ၈ )
အိမ်နီးချင်းအနည်းငယ်မျှနဲ့သာပြီးဆုံးသွားသောအမေကြည်ရဲ့ရက်လည်ဆွမ်းသွပ်ပွဲအတွက်နှင်းနုရင်ထဲတွင်နာနာကျင်ကျင်ခံစားနေရလေသည်။ရှိုက်သံမထွက်ရဲံဘဲမျက်ရည်ပေါက်ကြီးများကပါးပြင်ပေါ်သို့တလိမ့်လိမ့်စီးကျလာသည်။နှင်းနုပါပြင်ပေါ်ကမျက်ရည်စများကိုလက်ခုံနဲ့ပွတ်သုတ်လိုက်ပြီးအဝတ်အစားများကိုမြွေရေခွံအိတ်ထဲထိုးကြိတ်ထည့်ရင်းသူတို့စွန်းပစ်ခိုင်းထားသောအမေကြည်ရဲ့အဝတ်ဟောင်းတွေကိုပါမစွန့်ပစ်နိုင်တာမို့နှင်းနုအိတ်ထဲကိုပဲထည့်လိုက်လေသည်။

"ဟဲ့ မိနှင်းနုသိမ်းလို့မပြီးသေးဘူးလား အချိန်ကမနည်းတော့ဘူး ညည်းကိုခိုင်းစရာရှိသေးတယ် "

" ဟုတ်ကဲ့ပြီးပါပြီး ကြီးကြီးတို့ဆီကနှင်းနုခွင့်တောင်းစရာရှိလို့ပါ "

နှင်းနစကားကြောင့်ကြီးကြီးမေနဲ့့ကြီးကြီးခင်တို့နှစ်ယောက်သားမျက်နှာထားခပ်တင်းတင်းနှင်းနုကိုလှမ်းကြည့်လိုက်ကြလေသည်။

"ညည်းကများဘာတွေခွင့်တောင်
ချင်တာလဲ ပြောစမ်းပါဦး "

"ဟို ဟို နှင်းနုအတွက်အမေကြည်ဝယ်ပေးထားတဲ့ အပ်ချုပ်စက်ကိုယူသွားချင်လို့ပါ "

"ဘာပြောတယ် ပြန်ပြောလိုက်စမ်း မိနှင်းနု ညည်းနဲ့အမေကြည်ကဘာဆိုင်လို့ညည်းကအပ်ချုပ်စက်ကိုယူသွားချင်ရတာလဲ ညည်းလောဘတက်လှပါလားအေ ညည်းကိုလေးငါးရှစ်နှစ်အလကားတင်ကျွေးထားတဲ့မျက်နှာကိုမှမထောက်အေ
အကြံပက်စက်လှချည်လား မိနှင်းနုရဲ့ "

" ပြောမနေပါနဲ့ မမကြီးရယ် လောဘတက်ပုံကတော့ အဘွားကြီးရဲ့အဝတ်ဟောင်းတွေကိုသူ့အိတ်ထဲမှာခိုးထည့်ထားတယ်လ "

နှင်းနုသည်ဘာမျှပြန်မပြောနိုင်ဘဲမျက်ရည်အရွှဲသားနှင့်ခေါင်းကိုတွင်တွင်ငုံ့ထားလေသည်။

( နိဂုံး )
ဦးဇင်းကြီးဦးနန္ဒိယတစ်ယောက်ခြံဝတွင်ရပ်၍သမီးဖြစ်သူနှင်းနုကိုရပ်စောင့်နေ၏။သူဌေးမကြီး၏မွေးစားသမီးဖြစ်ဖူးသောနှင်းနုမှာခရီးဆောင်အိတ်ကောင်းကောင်းတစ်လုံးတောင်မရှိရှာဘဲမြွေရေခွံအိတ်ဟောင်းနဲ့ထည့်ထားသောအဝတ်ထုတ်ကိုရွက်ကာအသက်မဲ့သူလိုလျှောက်လာလေသည်။
အညာမြေရဲ့နေပူပူဖုန်တထောင်းထောင်းကြားဦးဇင်းဦးနန္ဒိယတို့သားအဖနှစ်ယောက်နေလုံးကြီးရဲ့အပူဒဏ်ကိုအံတုပြီးခေါင်းငိုက်စိုက်ချကာလျှောက်သွားကြလေသည်။

##############
#ဧကြည်ဖြူ

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းအသပြာလုလင်ညပျူတွေ ဘယ်ပျောက်သွားသလဲဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လားကိုယ့်အလှ ဘဝငွေလမင်း - တက္ကသိုလ် ဘုန်းနိုင်𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၁၁-၁၅)