SarPhat Author
Life is not the same for everyone.
ကျွန်တော်တို့ ဒါကို ခဏခဏ ကြားဖူးကြမှာပါ။ ကိစ္စတခုခုအောင်မြင်တယ်၊ နေရာတနေရာမှာ ထူးချွန်တယ်။ ထက်မြက်တယ်။ တချို့ကျပြန်တော့လည်း တနေရာမှ ပေါက်ပေါက်မြောက်မြောက်ရှိမနေပြန်ဘူး။ သို့ပေမယ့် သူဟာ ကျွမ်းကျင်မှုတခုခုတော့ ရှိမှာပဲ။ ဘယ်သိနိုင်မလဲနော်။ လောကရဲ့ သဘောကိုက မညီမျှခြင်းတွေကို ဆောင်တယ်။ ကျွန်တော်တို့ လူဖြစ်လာချိန်ကတည်းက မပြည့်စုံခြင်းတွေ များစွာနဲ့။ ခြေလက်အင်္ဂါအစုံပါလို့ တော်သေးတယ် ဆိုရမှာပေါ့ဗျာ။ အရာရာဟာ အဓိပ္ပာယ် မရှိဘူးလို့ ထင်နေသူတယောက်အတွက်ဘဝရဲ့ အရောင်က အဖြူအမည်း တရောင်ရောင်ဖြစ်နေမလားပဲ။ ကျွန်တော်ဟာလည်း အဲ့လိုပဲ မြင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေ လတွေအတွင်း ကျွန်တော် နေ့တနေ့ရဲ့ ၇၀% ကို Negative thoughts တွေနဲ့ ရှင်သန်ခဲ့တယ်။ အခုချိန်ထိလည်း အပြီးပျောက်လားဆိုတော့ မပျောက်ပါဘူး။ နည်းနည်းငြိမ်သွားရုံပါ။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေက ကိစ္စအကြီးကြီးတွေ ဖြစ်သွားစေနိုင်တယ် ဆိုတာကိုလည်း လောကဓံက ကောင်းကောင်းကြီးပညာပေးတာ ကိုပါ ခံလိုက်ရပါသေးတယ်။ ကျွန်တော့် ပြဿနာ အများစုကတော့ လူမှုရေးပြဿနာတွေနဲ့ တခြားကိုယ်ရေးကိုယ်တာ ကိစ္စတွေပေါ့။ ငယ်စဉ်ကတည်းက လေ့လာရေးကို ရူးသွပ်ခဲ့တာနဲ့အညီ အခုလည်း အဲ့ပြဿနာတွေက လူကို စိတ်ဒုက္ခတော်တော်ပေးပါတယ်။ ကျွန်တော် တွေးမိပါသေးတယ်။ လွတ်မြောက်ခြင်း အစစ်ဆိုတာ ဘာလဲလို့ပေါ့။ ဆရာကျား ပြောသလိုပဲ လူတွေ သတ်မှတ်ထားတဲ့ လွတ်လပ်ခြင်းက သော့ခလောက်တန်းလန်းကြီးနဲ့။ လူကို ကြည့်တာနဲ့ ကိုယ်မသိနိုင်တဲ့ ဆိုးဆိုးဝါးဝါးအကြောင်းအရာတွေ သူခံစားနေရတာကို မသိနိုင်ပေမယ့် လူသားကောင်းပီပီ အဲ့လူကိုတော့ အနိုင်ကျင့်ခြင်းဟာ ကောင်းတဲ့ လုပ်ရပ်မဟုတ်တာ အားလုံးလည်း အသိပါ။ အနိုင်ကျင့်တယ်ဆိုရာမှာလည်း ကိုယ်က မရည်ရွယ်ပေမယ့် ဖြစ်သွားတာတွေကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့သူတွေလည်း ဒုနဲ့ဒေး။ နောက်တခု အရေးကြီးတာကတော့ ယုံကြည်မှုပေါ့ဗျာ။ အရာရာဟာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတယ်ဆိုရင်လည်း မမှားဘူးပေါ့။ ပြောရရင် ကျွန်တော်ဆို Trust Issue ကိုတော်တော်လေး ရှိတယ်။ စီးပွါးရေးဆန်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့ အကျိုးဆက်က ဒါတွေပဲ။ But this isn’t a thing here. What matters most is how you cope with it ဆိုတာပဲပေါ့။ ဒီစာကို ရေးရတဲ့ ရည်ရွယ်ချက်က လည်း မည်မည်ရရ မရှိပါဘူး။ စိတ်ထဲ ရှိတာ ချရေးတဲ့ သဘောပါပဲ။ ဒီမှာပဲ ရပ်ခွင့်ပြုပါ။
-မောင်ကိုး
(၁၇.၀၆.၂၀၂၄)
Keep Reading