Author's Profile Photo

SarPhat Author

16/06/2024

လက်ဆုပ်

9 mins read
Book Review
Poetry
Art


(၁)
“အနောက်တောာင်ဆီက ¬¬... ရွာမည်ဟန်ပြင် … မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင် … စစ်မျက်နှာဖွင့် … တိမ်ခိုးလွှင့်ကာနှင် … မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မှင် … ပြိုမှာလေလား မိုးရဲ့ … ဆိုးအောင်ခုပင် … အမ္ဗုန်မောင်.. ဖန်အားလေရဲ့ ခင် ..”
မောင်မောင်ညွန့် သီဆိုထားသော ဂီတနက်သန်ကိုစောညိမ်း ၏ မိုးသက်လေနှင် သီချင်းကို ဆိုရင်း ကိုဖိုးတင်သည် ရင်းထောင်ကွပ်ခြင်းကို လက်စသတ်လိုက်၏။ ခါးကြားမှ ဓါးစူးဓါးကိုထုတ်၍ ရင်းထောင်၌ ထိုးထိုးထောင်ထောင်ဖြစ်နေသော လျှော်ပင်များကို လိုက်တိသည်။ လှေကားထစ်များကို ဝါးခြမ်းပြားနှင့် ဝါးလုံးကြားတွင် ညှပ်၍ကွပ်ထားသော လျှော်ချက်များကို ခိုင် မခိုင် စစ်ကြည့်သည်။ ရင်းထောင်တစ်ခုတွင် လျှော်ချက်တွေက ခိုင်မှ၊ ဝါးလုံးက ခိုင်မှ။ သည်ကောင်ကြီးကို အားပြုပြီး ထန်းပင်များပေါ်တက်ရသည်မို့ မခိုင်ရင် ‌မြေကြီးနှင့် နှစ်ပါးဂဟေဆက်ရမည်မှာ မုချ။ စိတ်ချရသည်အထိ စစ်ဆေးပြီးနောက် လေတစ်ချက် ချွန်ကာ ရင်းထောင်ကို ဆွဲထူ၍ ဂျောင်ဂျန်းပင်တွင် မှီထောင်ထားလိုက်သည်။ ကွမ်းတစ်ရာဝါးလိုက်မဟဲ့ ကြံ၍ ကွမ်းအစ်ကို ဖွင့်လိုက်သည့်အခါ ကွမ်းရွက်က မရှိတော့။ ရွာထဲပြန်ဝယ်ရမည်ကလည်း အနည်းငယ်လှမ်း၍ ဆေးရွက်ကြီးခြောက်တစ်ဖဲ့ကိုသာ ပါးစောင်တွင် မြုံထားလိုက်တော့သည်။

ကိုဖိုးတင်တို့ ထန်းတဲ‌လေးသည် ရွာနှင့်အတော်လှမ်း၏။ ခပ်ပြင်းပြင်း လမ်းလျှောက်လျှင်ပင် နာရီဝက်တော့ အသာလေး ရှိသည့် ခရီး။ တပို့တွဲလ၏ လေရူးသည် ဦးတည်ရာမရှိ တိုက်ခတ်နေသည်။ အောက်ဘက် ရိုးထဲမှ လက်ထုပ်ပန်းနံ့များပါ တစ်ခါတစ်ခါ တဲဝိုင်းဆီထိ ရောက်လာနေသည်။ နွေဦးကာလ မြူထသောအခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ဆိုသည့် ဝန်ကြီးပဒေသရာဇာ ၏ ကဗျာထဲကအတိုင်း ကိုဖိုးတင်တို့ ထန်းသမားများမှာ တပို့တွဲလေရူးလေးကျသည်နှင့် ထန်းတက်ဖို့ ပြင်ရသည်။ ထန်းထဲကို ပြင်ရသည်။ မြူအိုးများ စုရသည်။ မြူအိုးကြိုးများကို ဝယ်ကာ မြူအိုးတွင် တပ်ဆင်နိုင်ဖို့ ဖြတ်ရတောက်ရသည်။ ထန်းလျက်ဖို ကို မြေနီနှင့်ကောက်ရိုးနယ်၍ မံရသည်။ ထန်းကိုင်ဓါး ၊ ထန်းလှီးဓါး တို့ကို မြနေအောင် သွေးရသည်။ ရင်းထောင်ရင်းဆွဲ အဟောင်းများကို ပြုပြင်၍သုံးနိုင်သေးလျှင် ပြုပြင်၊ အသစ် လုပ်ဖို့လိုရင် အသစ် ပြုလုပ်ရသည်။ ထန်းတက်ဖို့ လက်နက်ပြည့်စုံပြီဆိုလျှင် ထန်းပင်များကို ထန်းရေလှီးယူ၍ ရနိုင်အောင် လုပ်ဆောင်ရသည်။ ထန်းလုပ်သည် ဟု ခေါ်၏။ ထန်းလုပ်ရသည့်ကာလမှာ အလွန်ပင်ပန်းသည်။ ထန်းပင်များ သည် အချိန်မှီ အခါမှီ လုပ်နိုင်မှ ထန်းရေကောင်းကောင်းယိုသည်။ ကိုဖိုးတင် တို့ ထန်းသမားများမှာ ကိုယ်လှီးမည့် ထန်းပင်အရေအတွက်ကို အချိန်မှီပြီးစီးအောင် အမြန်လုပ်ရသည်။ ထန်းလုပ်သည့်အချိန် နောက်ကျသွားလျှင် ထိုထန်းပင်သည် ထန်းရေ ယိုသင့်သလောက် မယိုသည်များဖြစ်တတ်လေ၏။

ကိုဖိုးတင် ထန်းသမားဖြစ်ခဲ့သည်မှာ နှစ်တွေမဆိုးတော့။ ရှစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။ သူ့တွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသည်။ သားအကြီးဆုံးသည် ဆယ့်ခြောက်နှစ်ကျော်ပြီဖြစ်ကာ ထန်းလုပ်ငန်းတွင် သူ့ကို ကူဖော်ရနေပြီ။ အလတ်ကောင်မှာလည်း ဆယ့်လေးနှစ်ခန့်ရှိပြီဖြစ်ပြီး ထန်းတက်လှီးချင် နေပြီ။ ကိုဖိုးတင်ကတော့ နောက်တစ်နှစ်လောက်နေမှ ထန်းပင်တက်ခိုင်းဖို့ စိတ်ကူးသည်။ ဒီအလုပ်က မလွယ်။ သေမင်း နှင့် အလွန်နီးစပ်လွန်းသည်။ အငယ်ကောင်နှင့် သမီးအငယ်ဆုံးက သိုးကျောင်းရသည်။ သူ့သိုးအုပ်မှာ မွေးဘက် ယူထားခြင်းဖြစ်ပြီး သူ့အပိုင်တော့မဟုတ်။ ကိုဖိုးတင် မိန်းမ မတင်ကြည်ကတော့ ထန်းလျက် ချက်ရသည်။ တိုင်းပြည်အရေး နိုင်ငံရေးတွေ ကိုဖိုးတင် မသိသော်လည်း သည်ကာလကြီးက စားဝတ်နေရေး ကျပ်တည်းလွန်းသည်ကိုတော့ သိသည်။ အလုပ်နှင့်လက် ပြတ်သည်ကို မရှိရ။ တစ်နေကုန်လုပ်ရသည့်အပြင် ညပိုင်းတွင်ပါ မနားရသည်ကများ။ သည်လောက်အလုပ်လုပ်နေသည့်ကြားက ဆန်ကို ချေးနေငှားနေရသည်။ သမဝါယမဆိုင်ကလည်း သူတို့ရွာလေးအတွက် လုံလောက်သည့် အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များကို ထုတ်ရောင်းမပေးနိုင်ပါ။ အရာရာ ရှားပါးလွန်းလှပါရဲ့။ ထမင်းဝိုင်းသည်လည်း အချဉ်ရည်ဟင်းနှင့်ငပိကင်ကို လိုင်စင်ဆွဲထားရသည်မှာပင် ကြာခဲ့ပါပြီကော။

“အဖေရေ … အလှူဖိတ်စာတဲ့ဗျ။ ရွာထဲက ကိုသိန်းထွန်းက ထည့်ပေးလိုက်တာ။ ဟိုဘက် ညောင်ဇင်ရွာ က အလှူပြောတာပဲ။ ရော့ .. အဖေ ဖတ်ကြည့်လိုက်ဦး”

ရွာထဲမှ ဆန်ဝယ်၍ပြန်လာသော အကြီးကောင် က တဲဝိုင်းထဲ ဝင်ဝင်ချင်းပင် ဂျောင်ဂျန်းပင်အောက် ထန်းလက်ကုလားထိုင်ပေါ်ထိုင်ရင်း ဆင်မင်းဖက်ကြမ်းလိပ်ခဲနေသာ ကိုဖိုးတင်ကို ဖိတ်စာ တန်းပေး၏။ အလှူဖိတ်စာကို ဖတ်ကြည့်ရင်း ကိုဖိုးတင် မျက်နှာမှာ ဝင်းပသွားလေသည်။

(၂)
ကိုဖိုးတင် ထန်းတဲလေးသည် ကုန်းကမူပေါ်တွင် ဆောက်ထားခြင်းဖြစ်သည်။ ကုန်းကမူဆိုရသော်လည်း အရမ်းကြီးမြင့်တာတော့ မဟုတ်။ အောက်ဘက်ရိုးထဲတွင် ရေတွင်းလေးရှိသောကြောင့် သည်နေရာလေးက နေရထိုင်ရ အဆင်ပြေသည်။ အဓိကကတော့ အရိပ်ကောင်းသော ဂျောင်းဂျန်ပင်ကြီး သုံးပင် ရှိခြင်းပင်။ ရွာထဲက တော့ သူ့တဲကုန်းလေးကို ဂျောင်းဂျန်ပင်ကုန်း ဟု ခေါ်ကြသည်။ တဲကုန်းလေးမှ ကြည့်လျှင် ရွာဆည်ကြီးကို မြင်နေရသည်။ ရွာဆည်ကြီးသည် မိုးကောင်းသောနှစ်တွင် ကိုဖိုးတင်တဲကုန်းအခြေထိ ရေတက်သည်။ ပုံမှန်ဆိုလျှင်တော့ ဆည်အတွင်းထဲတွင်သာ ရေရှိတတ်သည်။ ဆည်အတွင်းထဲတွင်လည်း ထန်းပင်တန်းများစွာ ရှိသည်။ ရေတက်လျှင် ရေထဲရောက်နေရသော ထန်းပင်များဖြစ်ပြီး ဆည်ရေမဝင်သောနှစ်များတွင်တော့ ထန်းလုပ်ငန်းလုပ်ကိုင်၍ရသော ထန်းပင်များဖြစ်ကြသည်။

ကိုဖိုးတင်ခေါင်းထဲတွင် ကိစ္စတစ်ခုမှာ စဉ်းစားရခက်နေသည်။ ညောင်ဇင်ရွာက အလှူကို ဘယ်သူသွားရ မလဲ ဆိုခြင်းပင်။ လူရင်းမဟုတ်သော်ငြား ခင်မင်ရင်းစွဲရှိသူ မိတ်ဆွေ၏ အလှူဖြစ်၍ သူမသွားလျှင်တောင်မှ အိမ်သားတစ်ဦးဦးကို လွှတ်မှကောင်းမည်။ သူကိုယ်တိုင်ကတော့ သွားချင်သည်။ အလှူထမင်း အလှူဟင်းများကို သူ့မျက်စိထဲ မြင်ယောင်လာ၏။ သည်ကာလတွေအတွင်း ဟင်းကောင်းကောင်းနှင့် ထမင်းမစားရတာကြာ၍ သူ့ခံတွင်းကို ငါးခြောက်ကြော်၊ ကုလားပဲဆံနှပ်၊ ငရုတ်ကြော်၊ မှန်ရောင်ရေဟင်းချိုလေးနှင့် ပေးတွေ့ချင်နေသည်။

“အမေ … ဟင်းကလည်း နေ့တိုင်း ချည်ပေါင်ဟင်းနဲ့ ငပိကင်ချည်းပဲ။ ပြီးတော့ အမေ့ဟင်းတွေက ဆီလေး ပါတယ်ဆိုရုံလေး။ တခြားဟင်း မပြောင်းရင်တောင် တစ်နပ်တစ်လေတော့ ငပိကင်လေးကို ဆီရွှဲရွှဲလေး ဆမ်းပေး ပါဦး”

“‌ေဩာ် .. ငါ့သမီးရယ်။ အမေကလည်း ဆီပုလင်းမှောက်ပေးချင်တောပေါ့အေ။ ခုက ချွေတာ သုံးနေရ တာ ငါ့သမီးရဲ့။ မငတ်ရင်တော်လှ အောက်မေ့နေရတာ။ ညည်းတို့မောင်နှမသာ သိုးအုပ်ကို ဂရုစိုက်‌ ကျောင်းချေ။ ‌တို့ရမယ့်အလှည့်ရောက်ရင် ရတဲ့သိုးလေး ရောင်းပြီး ကောင်းကောင်းချက်ကျွေပါ့မယ်တော်။”

တဲအပြင်မှနေ၍ သမီးဖြစ်သူ စကားကိုကြားရသောအခါ ကိုဖိုးတင် စိတ်မကောင်းဖြစ်သွားသည်။ သူ့သမီး မခင်မော် လေး က ဒီနှစ်ဝါဆိုရင် ဆယ်နှစ်ပြည့်ရောပေါ့။ မွေးကတည်းက ဟင်းကောင်းကောင်းကို တစ်နှစ်နေလို့ တစ်ခါ ဝဝလင်လင် စားရသည်မရှိခဲ့။ သည်လိုနှင့် ရုန်းကုန်ရင်း မိသားစုနှင့်အတူ ကြီးပြင်းလာရ သည်။ အလုပ်ပင်ပန်းတာ ၊ ဆင်းရဲကျပ်တည်းတာကို သူမမှုပါ။ သူ့သားသမီးတွေကိုတော့ ထမင်းမငတ်အောင် ကိုဖိုးတင် လုပ်ကိုင်ကျွေးနိုင်ပါသည်။ သို့သော်လည်း သူ့သမီးအငယ်မလေးကိုတော့ ဗွီဒီယိုရုံမှာ ကြည့်ခဲ့ဖူးသည့် ဇာတ်ကားထဲက မင်းသမီးလို တစ်ရက်လောက်ဖြစ်ဖြစ် နေဖူးစေချင်သည်။ အလှူမှာကျွေးမည့် ငခြောက်ကြော်လေးကို မျက်လုံးထဲမြင်ယောင်ရင်း ကိုဖိုးတင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။

“အငယ်မရေ … မနက်ဖြန် ဟိုဘက်ရွာက အလှူကို သမီးလိုက်သွားနော။ ညည်းအဒေါ် မဝင်းရွှေ နဲ့ ထည့်ပေးလိုက်မယ်။ အလှူမှာ အဝသာ ကြိတ်ခဲ့ဗျာ ငါ့သမီး …” ။

(၃)
ရွာထဲသို့ မရောက်မှီ တောအတွင်းကလမ်း၌ပင် ဆိုင်းသံ သီချင်းသံများကို ကြားနေရသည်။ အဒေါ်နှင့် အခြားမိန်းမကြီးများက စကားတွေ ပြောရင်း သွားနေကြသော်လည်း မခင်မော် ဘာမှဝင်မပြောဖြစ်ပါ။ သူ့အတွေးနှင့်သူ ငြိမ်နေရင်း ဒေါ်ဝင်းရွှေနောက်နားဆီက လိုက်လာသည်။

“အလှူက စည်မယ်ထင်တယ်အေ့။ စက်တွေလည်း ကောင်းပုံရတယ်။ ဒီကနေတောင် သီချင်းသံကို ရှင်းနေအောင်ကြားနေရတာသာ ကြည့်တော့။”

“မဝင်းရွှေနှယ်။ ဆိုင်းကလည်း မြင်းခြံစံမတူ တဲ့တော့။ လက်သံက ကောင်းပါဘိသနဲ့။ ထမင်းစားပြီးရင် ဆိုင်းဝိုင်းကို ခဏငေးရအောင်။”

“အမလေး မမြကြည်ရယ်။ ရောက်အောင် အရင်လျှောက်စမ်းပါဦး။ ထမင်းဆာလှပြီ။ မနက်စာက စားခဲ့ရသေးတာ မဟုတ်ဘူး။ သုတ်သုတ်လျှောက်ကြရအောင်အေ့။”

ဒေါ်ဝင်းရွှေ၊ ဒေါ်မြကြည် နှင့် ဒေါ်အုန်း တို့က စကားတပြောပြောနှင့် သုတ်သုတ်လျှောက်ကြပြီ။ သူတို့ကို မှီအောင်လိုက်ရင်း စဉ်းစားနေသည့် အတွေးစလေးကို မခင်မော် ဖြတ်လိုက်ရသည်။ ရွာအဝင်တံခါးသို့လည်း ရောက်ချေပြီ။

အလှူအိမ်သည် ရွာတောင်ဖျားတွင်ရှိသည်။ အလှူမဏ္ဏပ်ရှေ့တွင်လည်း ဈေးသည်တွေစုံနေသည်။ ပူစီပေါင်းသည် ရှိသည်။ ကော်သေနတ်၊ ကော်ဘောလုံးလေးများ ရောင်းချနေသည့် အသည်ရှိသည်။ ရေခဲချောင်း သည်နားတွင် ကလေးများအုံတိုးနေကြ၏။ မခင်မော် ကတော့ ငေးရုံသာငေးနိုင်သည်။ သူ့အနေနှင့် ရေခဲချောင်း ဝယ်စရာပိုက်ဆံပါမလာသော်လည်း စားချင်စိတ်ရယ်လို့ မဖြစ်မိပါ။ သူ့အာရုံက ထမင်းရုံတွင်သာ ရှိသည်။ အဒေါ် တို့က အလှူမဏ္ဏပ်စာရင်းခုံတွင် အလှူကူငွေထည့်နေသည်မှာ ကြာလိုက်တာဟု မခင်မော် စိတ်လောမိသည်။ ဒေါ်ဝင်းရွှေ တို့တစ်သိုက် အလှူကူငွေထည့်ပြီးသည်နှင့် ထမင်းရုံသို့ ချီတက်ကြသည်။ ရွာအလှူများတွင် အလှူမဏ္ဏပ်နှင့် ထမင်းရုံကို တစ်ဝိုင်းတည်းတွင် ဆောက်လေ့မရှိပါ။ မဏ္ဏပ်ကို အလှူရှင်၏အိမ်ဝိုင်းတွင် ဆောက်ပြီး ထမင်းရုံကိုတော့ ကပ်လျက်ဝိုင်းတွင်သော်လည်းကောင်း သုံးလေးအိမ်ကျော်ဝိုင်းတွင် လည်းကောင်း ဆောက်လေ့ရှိသည်။
ထမင်းရုံသို့ ရောက်သည်နှင့် လွတ်နေသည့်ဝိုင်းတွင် ဝင်ထိုင်ကာ မခင်မော်တို့ ထမင်းစားကြသည်။

“ငါးခြောက်ကြော်လေးက ကောင်းတာအေ။ မွမွလေးနဲ့ အိနေရော။ ပဲတီချဉ်ကလည်း ကောင်းပါ့တော်။ ဟဲ့…ငါ့တူမ ထည့်စားလေ။ ဟိုငေးသည်ငေးလုပ်မနေနဲ့။ ညည်းနှယ် စားရတုန်း စားစမ်းပါအေ။ ဒါမျိုး စားရခဲတယ်။”

ဒေါဝင်းရွှေသည် မခင်မော် ကို ပြောရင်း သူကိုယ်တိုင်လည်း အားရပါးရလွေးတော့သည်။ ထမင်းတောင်း ကိုင်သည့်လူငယ်လေးမှာ သူတို့နားကပင် မခွာရတော့။ ထမင်းသိပ်မကုန်ပါဘူး၊ နို့ဆီဘူး နှစ်လုံးချက်တည်းပါ တော် ဆိုသော အရပ်စကားကဲ့သို့ပင်။ မခင်မော် ခမျာမှာတော့ အလှူမလာခင်က အားရပါးရစားလိုက်မည်ဟု အားခဲထား သော်လည်း တကယ်တမ်းစားရသည့်အခါ သိပ်မဝင်ပါ။ သူ့စိတ်က အဖေ့ဖို့ ငါးခြောက်ကြော် ယူသွားဖို့သာ စိတ်ရောက်နေသည်။ အဒေါ်တို့ကိုလည်း မပြောရဲ။ ပြောလိုက်လျှင်တော့ အဒေါ်တို့က ဇလုံဖြစ်ဖြစ်တောင်းကာ ငါးခြောက်ကြော်ကို ထည့်ပေးနိုင်သည်။ ဖက်ရွက်တောင်းကာ ထုပ်ပေးနိုင်ပါသည်။ သို့သော် မခင်မော် မဝံ့ရဲ ပါ။ နှစ်များစွာစုဆောင်းလာပြီး သားကိုရှင်ပြု သမီးနားသသည့် အလှူ့ရှင်များ၏စေတနာ ကို အပိုလည်း မယူချင်ပါဘူး ဆိုသည့် စိတ်မျိုးကို မခင်မော်လေး တွေးတတ်၍တော့ မဟုတ်။ ကလေးလည်း ဖြစ်သောကြောင့် မတောင်းဝံ့၍ ဖြစ်ပါသည်။

နောက်ဆုံးတော့ မခင်မော် အကြံတစ်ခုရလာသည်။ လမ်းကတည်းက စဉ်းစားလာသည့် အကြံကို ထမင်းစား လက်စသတ်ရင်းနဲ့မှ သတိရသည်။ အဒေါ်တို့ သုံးယောက် ထမင်းစားပြီး လက်ဆေးဒယ်များဆီသို့ ထသွားကြပြီ။ ငါ့တူမ ဖြေးဖြေးစားခဲ့၊ အဒေါ် လက်သုပ်ဝတ်ထားတဲ့ မန်ကျည်းပင်အောက်က စောင့်နေမယ် ဟု ဒေါ်ဝင်းရွှေက ပြောသွား၏။ မခင်မော်သည် ထမင်းကိုလူးနယ်စားထား၍ ပေနေသော ညာလက်ကို ဟင်းချိုရေတစ်ဇွန်းနှင့် လောင်းလိုက်သည်။ လက်သည် အနည်းငယ် သန့်ရှင်းသွား၏။ ထို့နောက် ငါးခြောက်ကြော် နှစ်ဇွန်းကို ညာဘက်လက်နှင့်ခပ်ကာ ဘယ်ဘက်လက်ဖဝါးထဲသို့ ပုံလိုက်သည်။ ဘယ်ဖက်လက်ကို ဆုပ်လိုက်သည့်အခါ ငါးခြောက်ကြော်နှစ်ဇွန်းကို ယူနိုင်ခဲ့ပြီဖြစ်သည်။

“ငါ့တူမ ။ ညည်းလက်ထဲက ဘာတွေတုန်း။ စားပြီးရင် လက်ဆေးချေနော။ ပြီးရင် အသိတွေအိမ် အလည်ခဏဝင်ရအောင်။ တစ်ရွာနဲ့တစ်ရွာ ရောက်ခဲပါဘိသနဲ့။”

“ဟုတ် အဒေါ် .. ဘာမှမဟုတ်ဘူးရယ်။”

ဒေါ်ဝင်းရွှေ အသိအိမ်မသွားခင် ဒေါ်မြကြည်နှင့် ဒေါ်အုန်း က စံမတူဆိုင်းတီးတာ ကြည့်ချင်သည် ဆို၍ အလှူမဏ္ဏပ်ထဲတွင် ပြန်ထိုင်ကြရသည်။ ဆိုင်းဆရာက အဘိုးစိန်ဗေဒါ၏ လက်သံဟုဆိုကာ ဗလာတီးကွက် တစ်ခုကို တီးပြသည်။ ဆိုင်းဆရာ၏လက်များသည် ပတ်လုံးများပေါ်တွင် လျှင်မြန်စွာပြေးလွှားနေသည်။ ဝိုင်းထဲရှိ ဗုံများကို လက်နဲ့ထိလိုက်တိုင်း တီးလုံးသံက ပီပီသသထွက်လာနေသည်။ ဒါမျိုးနားမထောင်ရတာ ကြာပေါ့အေ ဟု ဒေါ်အုန်းက ရေရွတ်ရင်း မျက်လုံးစင်းကာ နားထောင်နေသည်ကို မခင်မော် တွေ့ရသည်။ သူကတော့ ဆိုင်းဝိုင်းကို စိတ်မဝင်စားအား။ ဆုပ်ထားသည့် လက်ထဲမှ ဆီများ အနည်းသယ်စီးကျလာ၍ အင်္ကျီအောက်နားစနှင့် မသိမသာ ခိုးသုတ်လိုက်သည်။

“ကဲ..ကဲ..။ ပရိတ်သတ်များအကြိုက် သီချင်းတစ်ပုဒ်နဲ့ ဧည့်ခံပါရစေဗျား။ အလှူ့အစ်မရဲ့ မောင်တော်က ပင်တိုင်အဆိုတော် မမြလေးခင် သီဆိုပေးပါဆိုပြီး အလှူတော်ငွေ နှစ်ရာကျပ်နဲ့ သီချင်းတစ်ပုဒ်ကို တောင်းဆိုထားပါတယ်။ ချစ်မိုးကြီး သီချင်း ဖြစ်ပါတယ်။ မြလေးရေ .. အလှူကြီးနေ့ရဲ့ မနက်ခင်း လေးမှာ ရပ်ဝေးရပ်နီးက ဧည့်သည်တော်တွေလည်း ဆိုင်းနားထောင်နေကြတာမို့ ငါ့နှမရဲ့ ချိုသာတဲ့အသံလေးနဲ့ နှုတ်ခွန်းဆက်ဖျော်ဖြေပေးပါဦး။ ရွာစား စံမတူရေ။ ချစ်မိုးကြီး ပါတဲ့ဗျား”

ဆိုင်းဝိုင်းနောက်ထ၏ ကြောညာသံဆုံးသည်နှင့် ရွာစားစံမတူ က “ဟေ့” ဟု ဆိုင်းဝိုင်းကို လှုပ်နှိုးကာ တီးကွက်များ ဖော်လိုက်လေသည်။ မမြလေးခင် ၏ “ညိုရောင်…မှိုင်း…မိုး…မိုးတိမ်ယံကဆိုင်း..၊ ဆိုင်းခဲ့လေပြီ… သက်ထား ၊ ဘယ်သောအခါများမှ အချစ်ပွားရပါမည်….၊ ချစ်မေတ္တာ သာစေကြောင်း ဆုတောင်းပေးခဲ့ ကြာရှည်ခဲ့ပြီ..” သီချင်းသံသည် အလှူမဏ္ဏပ်အတွင်းသို့ ဟိန်း၍ထွက်လာသည်။ ပရိတ်သတ်မှာ စကားသံများပင် မဆိုနိုင်တော့ပဲ ငြိမ်ကျသွား၏။ မခင်မော်လေးလည်း သီချင်းကိုနားထောင်ရင်း မမြလေးခင်ကို ကြည့်နေမိ၏။ ဆုပ်ထားသော လက်ချောင်းများကြားက ငါးခြောက်ကြော်ဆီများ ထွက်ပြီး အင်္ကျီကို စွန်းထင်းနေသည်ကိုပင် သတိမထားလိုက်မိ။ သီချင်းပြီး၍ သိလိုက်သောအချိန်တွင် ဆီစွန်းသွားသည့် တစ်ထည်တည်းသော အင်္ကျီအသစ်လေးကို နှမြောသွားမိသည်။ သို့သော် မတတ်နိုင်။ အဖေ့ဖို့ ငါးခြောက်ကြော်လေး အိမ်ထိပါလာဖို့က အရေးကြီးပါသည်။

ဆိုင်းဝိုင်းနားထောင်ပြီးသည်နှင့် အဒေါ်တို့က အသိအိမ်များကို ဝင်လည်ကြသည်။ မခင်မော်ကတော့ ဧည့်ခံမုန့်များကိုပင် မစားနိုင်ပါ။ တဲကုန်းကို အမြန်ရောက်ချင်လှပြီ။ တစ်အိမ်ဝင် တစ်အိမ်ထွက်လည်ရင်း နေ့ခင်း (၁၁)နာရီခန့်မှသာ ပြန်ဖြစ်ကြသည်။ လက်ကလေးကို မခင်မော် တင်းတင်းပါအောင် ဆုပ်ထားမိ၏။

“ရပ်ဆွေရပ်မျိုးဆိုတာ ရှိရတယ် ငါ့တူမရဲ့။ ဒါမှ ရပ်ဝေးရောက်ဖြစ်ဦးတော့ တည်းစရာအိမ် အထူးရှာစရာ မလိုမှာ။ ကိုယ့်ရပ်ကိုယ့်ရွာလာတော့လည်း ကိုယ်က ပြန်ဧည့်ခံပေါ့။ တောသူ တောင်သားဆိုတာ မရှိကြပေသိ မိတ်ဆွေလာလည်ရင် ရှိတာလေးနဲ့ ကျွေးမွေးဧည့်ခံချင်ကြတယ်။ ငါ့တူမ က ကလေးဆိုတော့ ခု သိဦးမှာ မဟုတ်ဘူး။ ဒါပေသိ အဒေါ်က ကြုံတုန်းပြောပြထားတာရယ်။”

အဒေါ်က မခင်မော်ကို ပြောရင်း ဒေါ်မြကြည်၊ ဒေါ်အုန်းတို့နှင့်လည်း ပြောနေဆိုနေသည်။ အဒေါ်တို့များ နေပူထဲ လမ်းလျောက်နေရတောင် စကားသံလေးတော့ ကျယ်နိုင်သေးသည်။ မခင်မော် ကတော့ စီးကျလာသော ချွေးများပင် မသုတ်အားပါ။ ငါးခြောက်ကြော်ထည့်ထားသော လက်ဆုပ်လေးထဲ ဖုန်ဝင်မည်စိုး၍ ဘယ်လက်နှင့် အုပ်ထားရသည်။ လက်နှစ်ဖက်လုံး မအား။ တပို့တွဲလ နေကလည်း ပူလိုက်သည့်ဖြစ်ခြင်း။ မွန်းမတည့်သေး သော်လည်း အတော်လေး ပူလှ၏။ အဖေတို့ ထမင်းစားပြီးကြပြီလား ဟု မခင်မော် တွေးပူမိသည်။ အစက စိတ်ကူးထားသည်မှာ အဖေနေ့လည်စာမစားခင် အိမ်ပြန်ရောက်ဖို့ဖြစ်သည်။ ယခုတော့ အချိန်မှီမှ မှီပါ့မလားမသိ။

ကုန်းကမူလေးတစ်ခုကို တက်ပြီးသည်နှင့် တဲကုန်းကို လှမ်းမြင်လိုက်ရသည်။ အဒေါ်သည် ငါ့မောင်တဲမှာ တရေးတမောနားပြီး ညနေ နေလေးအေးမှ ရွာထဲအေးဆေးပြန်ရအောင်ဟု ကျန်နှစ်ယောက်ကို ပြောနေသည်။ အဒေါ်တို့ကို မခင်မော် မစောင့်နိုင်တော့ပါ။ တဲကုန်းလေးကို မြင်နေရသည်နှင့် ပြေးလာခဲ့လိုက်တော့၏။ အဒေါ်ကတော့ နောက်က လှမ်းအော်နေသည်။
“ငါ့တူမရယ် ။ ဖြေးဖြေးသွားပါဟဲ့။ တဲရောက်ခါနီးမှ ခလုတ်တိုက်လဲလို့ ဟုတ်ပေ့ဖြစ်နေပါဦးမယ်။ ညည်းနှယ်…။”

(၄)
ထန်းလုပ်ရသည်မှာ ပင်ပန်းရသည့်ကြားထဲ ရှဉ့်လိုက်ဖမ်းရသည်နှင့် လူပါ အမောဆို့သွား၏။ တဲကုန်းပြန်ရောက်ရောက်ချင်း ကိုဖိုးတင် ထမင်းမစားနိုင်။ ထန်းပလက်(ထန်းလက်) ကုထားထိုင်ပေါ် လှဲရင်း အမော အရင်ဖြေရသည်။ ထန်းလက်အုံများကြားမှ ပြေးဆင်းလာသော ရှဉ့်သုံးကောင်ကို ရလိုရငြား ကိုဖိုးတင် နှင့် အကြီးကောင် ခြောက်လှန့်ပေးရင်း လေးခွနှင့်ပစ်ကြသည်။ ရှဉ့်များမှာ ကြောက်အားလန့်အားနှင့် ထန်းတောထဲ ပတ်ပြေးနေ၍ လိုက်ပစ်ရင်း လူပါမောသွား၏။ ရှဉ့်က မရလိုက်။ ရလိုက်လျှင်ဖြင့် ဟင်းတစ်ခွက် စိုပြေပြီ။ သမီး အငယ်မရော အလှူမှာ အဝကြိတ်ခဲ့ရဲ့လား မသိ။ ကုလားထိုင်ပေါ် ပက်လက်လှန်ခေါင်းမှီရင်း ကိုဖိုးတင် ဟိုတွေးသည်တွေး တွေးနေမိသည်။

“အဖေရေ..အဖေ။ ကျုပ် အလှူက ပြန်လာပြီ..။”

တဲကုန်းအတက်ကို အမောတကော ပြေးတက်လာရင်း သမီး က လှမ်းခေါ်လည်။ အဝေးမှ မြင်ရသည်ပင် သမီးနဖူးက ချွေးများသည် နေရောင်တွင် တလက်လက်ထနေ၏။

“ဖြေးဖြေးလာလည်း ရပါတယ် ငါ့သမီးရ။ တဲ က ဘယ်မှ ထွက်မပြေးပါဘူး။ ဘယ့်နှယ့်တုန်း။ အလှူထမင်းက စားမှ ကောင်းရဲ့လားဟေ့..။”

သမီးက ဘာမှပြန်မပြောနိုင်အား။ သူ့ဆီကိုသာ အပြေးလာနေသည်။
ကုလားထိုင်ဘေးတွင် ရပ်ရင်း လက်နှစ်ဖက်ကို ရှေ့သို့ထုတ်ပြ၏။

“ဒီထဲမှာ ဘာပါလဲ အဖေသိလား”

“ဘယ်သိမတုန်း ငါ့သမီးရ။ ညည်းလက်က ဆုပ်ထားတော့ အဖေမှ မမြင်ရတာ”

“အဖေ စားဖို့ ငါးခြောက်ကြော်ယူလာတာရယ်။ အဒေါ် ကို မပြောရဲလို့ လက်ထဲထည့် ဆုပ်လာတာ။ တစ်လမ်းလုံးလည်း ဘယ်ဘက်လက်နဲ့ သေချာအုပ်လာခဲ့တယ်။ ဖုန်တွေဝင်မဆိုးလို့။ အဖေ စားနော်..”

ကိုဖိုးတင် သမီး၏ဆုပ်ထားသော လက်ကလေးကို သေချာကြည့်လိုက်မိသည်။ ကလေးဆိုတော့ လက်က သေးသေးလေး။ လက်သေးသေးထဲ ထည့်ယူလာသည့် ငါးခြောက်ကြော်။ ဆီတွေက လက်ချောင်းကြားက စီးကျထားသည် ဆိုသော အမှတ်အသားသာ ရှိတော့ပြီး ငါးခြောက်ကြော်ထဲတွင် ရှိဟန်မတူတော့ပါ။ စီးကျထားသော ဆီလမ်းကြောင်းများတွင် ဖုန်တွေက ကပ်နေသည်။ သမီးခမျာ လက်ကလေးထဲထည့်ပြီး ဘယ်လောက်ကြာ‌အောင် ဆုပ်ထားခဲ့ရပါလိမ့်။ လက်ကလေးပင် အံသေနေရော့မည်။ နဖူးနှင့် မျက်နှာတစ်ဝိုက်တွင်လည်း ချွေးတွေ ရွှဲရွှဲစိုလို့။ ဆီစွန်းထားသော အင်္ကျီနေရာတွင်လည်း ဖုန်တွေ အကွက်လိုက် ထနေသည်။ သမီးရယ် .. ဘယ်လိုစိတ်ကူးနဲ့များ လက်ကလေးကို အချိန်အကြာကြီး ဆုပ်လာခဲ့ရတာလဲကွယ်။ ဖုန်တွေပေနေသည့် လက်သီးဆုပ်ကလေး။ သေးသေးကွေးကွေး လက်ဆုပ်ကလေး။ ဆုပ်ထားသော သမီးလက်ကလေးကို ကိုင်ရင်း ကိုဖိုးတင် ရုတ်တရက်ဝမ်းနည်းလာပါသည်။ ဘာ့ကြောင့် ဟူ၍ သူမသိပါ။ သူ့မျက်လုံးနှစ်ဖက်ဆီမှ မျက်ရည်များစီးကျလာပါသည်။ သမီးက အမောဖြေနေရင်း ငါးခြောက်ကြော်ကို သူ့အဖေစားစေချင်သောစိတ်ဖြင့် မော့ကြည့်နေပါသည်။ ကိုဖိုးတင်မျက်ရည်ကျသည်ကို မြင်ရသောအခါ မခင်မော်လေးပါ လိုက်၍ငိုတော့သည်။ အဖေ့ခံစားမှုက သမီးဆီ ကူးစက်သွားသည် ထင်ပါ၏။ ကိုဖိုးတင်သည် သမီး၏ လက်ဆုပ်ကလေးကို သူ့လက်တစ်ဖက်နှင့် ဆုပ်ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့် မခင်မော်ခေါင်းကလေး ကို ဖွဖွလေး အုပ်ကိုင်ထားလိုက်သည်။ သမီး၏ လက်ဆုပ်ကလေးကို ဖြေကြည့်ဖို့ သူ့နှလုံးသား မစွမ်းသာပါ။

ကိုဖိုးတင် လက်တွေက ကြမ်းတမ်းပါသည်။ သူ့မိသားစုဘဝကလည်း သူ့ရဲ့လက်ဖဝါးတွေလို ကြမ်းတမ်းနေပါသလား ဆိုသည်ကိုတော့ ကိုဖိုးတင် မသိပါ။ သူကိုယ်တိုင်က မသိချင်တော့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတော့သည်။ ။

#ထက်အိမ်

(ကျနော့်အစ်မဝမ်းကွဲပြောပြတဲ့ အကြောင်းအရာလေးကို အပိုဆာဒါးလေးနည်းနည်းထည့်ပြီး ဝတ္ထုပြန်ရေးထားတာပါ။ မွဲပြာပုဆိုးပါပဲ .. ကျနော်တို့လူတန်းစားတွေ အခုထိဝတ်နေရတဲ့ မွဲပြာပုဆိုးပါပဲ။ အစ်မပြောပြခဲ့တုန်း ကတည်းက ဒီအဖြစ်အပျက်ဟာ ကျနော့်ကို မျက်ရည်ဝဲစေခဲ့တယ်။ အားလုံးဆင်းရဲကျပ်တည်းတဲ့ကာလမှာ ထူးပြီးဇာတ်နာစရာမျိုးမဟုတ်ပေမယ့် 'ငခြောက်ကြော်ဆုပ်ထားတဲ့လက်မှာ ဆီတွေက စီးကျ၊ စီးကျထားတဲ့ ဆီကြောင်းတွေပေါ် ဖုန်တွေကပ်နေ၊ သုံးနာရီဝန်းကျင်လောက် ဆုပ်ထားတဲ့ ကလေးရဲ့လက်' ဆိုတဲ့ အကြောင်းအရာကို ကျနော့်ကို ထိခိုက်စေတယ်။ အဲ့ဒါကို ကြားပြီးစအချိန်ကတည်းက ကျနော် ရေးကြည့်ဖူးတယ်။ စိတ်ကြိုက်မဖြစ်ခဲ့ဘူး။ ၂၂ ထဲမှာမှ ပြန်ရေးကြည့်တော့ နှစ်ရက်လောက်နဲ့ ပြီးသွားတယ်။ ပြန်ဖတ်ကြည့်တော့လည်း မဆိုးပါဘူးလို့ ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်။)

Keep Reading

ဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of Spartacus𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ