Author's Profile Photo

Fact Hub

6/09/2023

စကားပြောတတ်အောင် ကလေးတွေ ဘယ်လို သင်ယူသလဲ။

5 mins read
Education
General Knowledge
စကားပြောတတ်အောင် ကလေးတွေ ဘယ်လို သင်ယူသလဲ။'s photo

စကားပြောတတ်အောင် ကလေးတွေ ဘယ်လို သင်ယူသလဲ။

လူသားတွေက လူမှုအသိုက်အဝန်းထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အရွယ်က စလို့ ‘စကား’ တွေကို စပြီး ကြားကြရပါတယ်။ အမျိုးအမည်မခွဲတတ်သေးပေမဲ့ ‘စကား’ ဆိုတဲ့ ဒီအသံတွေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ။ ဒီတော့ သင်ကြားပေးသူတွေထံက စည်းမျဉ်း၊ စနစ်တွေနဲ့ နည်းလမ်းတကျ မသင်ယူခင်အရွယ်မှာ ကလေးတွေက စကားပြောတတ်လာအောင် ဘယ်လို သင်ယူကြပါသလဲ။ မိခင်ဘာသာစကားဖြစ်တဲ့ ပထမဘာသာစကားကို ကလေးတွေ ဘယ်လို တတ်မြောက်လာကြပါသလဲ။

ဒီသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကို ဘာသာဗေဒပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာခဲ့ကြတယ်။ ကလေးတွေ စကားပြောတတ်ဖို့ သင်ယူရာမှာ -
၁။ အသံ (Sounds) - မွေးကင်းစမှ ၆ လအရွယ်
၂။ စကားလုံး (Words) - ၈ လမှ ၁ နှစ်ခွဲအရွယ်
၃။ ဝါကျ (Sentences) - ၂ နှစ် မှ ၃ နှစ်အထက်အရွယ် ဆိုတဲ့ အဆင့် ၃ ဆင့် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆင့် ၁ - အသံများကို သင်ယူခြင်း။

ဒီအဆင့်မှာ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်ကနေ ကြားနေရတဲ့ အသံတွေ (ဥပမာအားဖြင့် /က/၊ /ခ/၊ /ဒ/၊ /d/၊ /o/၊ /t/) ကို စတင်သင်ယူကြတယ်။ ဒီအဆင့်က ကလေးတွေ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ သိပ်ကို အရေးပါတဲ့၊ အထောက်အကူကောင်းကောင်းပြုတဲ့ အခြေခံအဆင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသံတွေကို သတိပြုပြီး အသံပြန်ထွက်တဲ့ ဒီအဆင့်ကို Phonemic Awareness လို့ ခေါ်ပါတယ်။ အသံတွေကို သင်ယူကြရမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် နှုန်းမတူကြပေမဲ့ မွေးဖွားချိန်၊ ၄ လ၊ ၆ လ ဆိုတဲ့ ယေဘုယျပုံစံတစ်ခုအနေနဲ့ ကလေးအများစုက သင်ယူကြတာကို တွေ့ရပါတယ်။ မွေးစအရွယ်မှာ အသံတွေရဲ့ အဖိ၊ အဖော့၊ အမြင့်၊ အနိမ့် စတဲ့ စည်းချက်တွေကို သင်ယူကြပါတယ်။ ၄ လသားအရွယ်မှာတော့ အနားမှာရှိတဲ့ လူက ဘာသာစကားရဲ့ အသံတွေကို အသုံးပြုနေသလား၊ ဒါမှမဟုတ် ဘာသာစကားမဟုတ်တဲ့ ဆူညံသံတွေကို ထုတ်လုပ်နေတာလားဆိုတာ ခွဲခြားလာနိုင်ပြီး ၆ လသားအရွယ်မှာတော့ ကမ္ဘာ့ဘာသာစကားအသီးသီးရဲ့ အသံအားလုံးကို ထုတ်လာထွက်လာနိုင်ကြပါပြီ။ အသံတွေကို ပေါင်းစပ်ပြီး ရည်ညွှန်းဖော်ပြလိုတဲ့ အရာတွေကို ပြောနိုင်စွမ်း မရှိသေးတဲ့အတွက် ဘယ်နိုင်ငံက ဘယ်ဘာသာစကားမဆို ရှိနေတဲ့အသံတွေကို ကလေးတွေက ဒီအရွယ်မှာ သင်ယူပြီး အသံထွက်နိုင်ကြတာ ဖြစ်ပါတယ်။ စကားလုံးအဆင့်မရောက်မသေးတဲ့ အသံတွေ ဖြစ်တဲ့အတွက် အဓိပ္ပာယ်ကို တွဲမှတ်နားလည်နိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

အဆင့် ၂ - စကားလုံးများကို သင်ယူခြင်း။

အသံတွေကို သင်ယူပြီးတဲ့အရွယ်လွန်မြောက်လာချိန်မှာ ကလေးတွေက အဲဒီအသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့ စကားလုံးတစ်လုံးဖြစ်လာအောင် တည်ဆောက်တဲ့ ပုံစံကို သင်ယူကြပါတယ်။ ဥပမာအနေနဲ့ သူတို့သောက်နေတဲ့၊ အမေဖြစ်သူ၊ အဖေဖြစ်သူက ပါးစပ်အတွင်းဆီကို ထည့်ပေးတဲ့ အရည်ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘ရေ’ ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်လာဖို့ ‘အေ’ နဲ့ ‘ရ’ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုး၊ သူတို့အနားမှာ လာနေတတ်တဲ့ အမွေးပွပွ၊ အမြီးရှည်ရှည်၊ နှုတ်သီးရှည်ရှည် ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘dog’ ဆိုတဲ့ စကားလုံးဖြစ်လာဖို့ /d/၊ /ɔ/ နဲ့ /g/ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုးတွေ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်၊ နောက်စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်ဆိုတာ ဒီအဆင့်မှာ သေချာပေါက် တတ်မြောက်အောင် သင်ယူကြရတယ်။ ဒါတွေကို "Word Boundaries" လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သင်ယူနေကြတာက ဘယ်အသံကို ဘယ်လိုထွက်ရမယ်ဆိုတာမျိုး စည်းစနစ်တွေနဲ့ မဟုတ်ဘဲ ရုပ်ရင်း (morpheme) တွေကို သင်ယူနေကြရုံသက်သက်ပါပဲ။ အရွယ်နဲ့ ထပ်ပြီး ခွဲခြားပြရရင် ၈ လသားအရွယ်မှာ Word Boundaries တွေကို ခွဲခြားလာနိုင်တယ်။ အသံအုပ်စုတွေကို သတိပြုမိလာတယ်။ ဒါပေမဲ့ အလုံးစုံ သိနားလည်နေတာမျိုးမဟုတ်ဘဲ စကားလုံးတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကို စူးစမ်းသင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ အရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ စကားလုံးမျိုးတွေပါ။ ၁ နှစ်သားအရွယ်ရောက်လာရင်တော့ ဝေါဟာရစကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်ကို တွဲစပ်နားလည်လာပြီး ဘယ်အရာကို ဘယ်လိုညွှန်းဆိုပြောရမလဲ ဆိုတာကို တတ်မြောက်လာကြပါတယ်။ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ စကားလုံးတွေကိုတောင် တုပပြောနိုင်တဲ့ အရွယ်ပါ။ ၁ နှစ်ခွဲအရွယ်ဖြစ်လာတဲ့အခါ သင်ယူနေရတဲ့ စကားလုံးတွေကို အသုံးချတတ်ဖို့ ကလေးတွေ သိနေကြပြီလို့ ဆိုရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးတွေက ဒီအဆင့်မှာ နာမ်တွေ၊ ကြိယာတွေကို ခွဲခြားသိမှတ်နိုင်စွမ်းရှိနေကြပြီလို့ ဆိုထားကြပါတယ်။

အဆင့် ၃ - ဝါကျများကို သင်ယူခြင်း။

စကားလုံးတွေကို အဓိပ္ပာယ်နဲ့ တွဲသိပြီး အသုံးပြုလာနိုင်တဲ့အခါ ကလေးတွေက အဲဒီစကားလုံးတွေနဲ့ ဝါကျတည်ဆောက်တတ်ဖို့ အဆင့် ၃ မှာ သင်ယူကြပါပြီ။ ‘ဗိုက် တယ် ဆာ’၊ ‘ချင်တယ် စား ထမင်း’ လို အစီအစဉ်မကျတဲ့ ဝါကျမျိုးတွေ မဟုတ်ဘဲ ‘ဗိုက်ဆာတယ်’၊ ‘ထမင်းစားချင်တယ်’ လို အစီအစဉ်တကျရှိတဲ့ ဝါကျတွေဖြစ်လာအောင် စကားလုံးတွေကို သဒ္ဒါအရ နေရာတကျ စီတတ်လာတဲ့ အရွယ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဝါကျတစ်ကြောင်းရဲ့ နာမ်နဲ့ ကြိယာအထားအသိုကို ကောင်းကောင်းသိနေကြတာပါ။ ၂ နှစ်သားအရွယ်မှာ အခြေခံဝါကျတည်ဆောက်ပုံတွေကို နားလည်လာကြတယ်။ ၂နှစ်ခွဲနဲ့ ၃ နှစ်သားအရွယ်မှာတော့ ကလေးတွေ ပြောတဲ့ စကားတွေရဲ့ ၉၀% လောက်ထိ မှန်ကန်တာကို စစ်တမ်းတွေအရ တွေ့ရှိထားပါတယ်။ အင်္ဂလိပ်ဘာသာစကားသုံးတဲ့ နိုင်ငံတွေက ကလေးတွေဟာ အတိတ်ကာလပြကြိယာတွေကို ဖော်ပြရမှာ ပုံသဏ္ဍာန်မမှန်တဲ့ ကြိယာတွေကို မှားသုံးတာလောက်ပဲရှိပြီး တော်တော်များများ မှန်မှန်ကန်ကန် သုံးနေနိုင်ကြတာပါ။ ၃ နှစ်နဲ့ ၄ နှစ်အရွယ်အတွင်းမှာ အများကိန်း၊ အနည်းကိန်းတွေကို သိလာကြတယ်။ ဘာကြောင့်၊ ဘယ်လို၊ ဘယ်သူ၊ ဘယ်လောက် ဆိုတဲ့ မေးခွန်းမျိုးတွေကို နားလည်လာပါတယ်။ ဝါကျထဲမှာ စကားလုံး ၄/၅ လုံး ထည့်ပေါင်းသုံးလာနိုင်တယ်။ စကားဆက်လေးတွေလဲ ထည့်ပြောတတ်လာကြတယ်။ ၄ နှစ်နဲ့ ၅ နှစ်အရွယ်အတွင်းမှာ သဘောတရားတွေက တူသလား၊ ကွဲပြားသလား နားလည်လာနိုင်ပြီး ပုံပြင်တွေ ပြန်ပြောပြတာ၊ တစ်ခုခုကို ပြန်ရှင်းပြတာမျိုးတွေ လုပ်လာနိုင်ကြတယ်။ ၅ နှစ်နဲ့ ၇ နှစ်အရွယ်အတွင်းမှာတော့ ဟာသတွေ နားလည်လာတယ်၊ တင်စားစကားလေးတွေ သုံးတတ်တာမျိုး ရှိလာပါတယ်။ လူကြီးတွေ ပြောတဲ့ ဘာသာစကားမှာလို တင်စားတာမျိုး မဟုတ်သေးဘဲ အဲဒီနီးနီးရှိတဲ့ စကားလုံးအချို့ကို သုံးတတ်လာတာမျိုးပါ။ ခြုံငုံပြောရရင် ၃ နှစ်အထက်အရွယ်မှာတော့ ဝေါဟာရစကားလုံးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိလာကြတယ်။ အခြေခံဝါကျတည်ဆောက်ပုံတွေတင်မကဘဲ ပိုပြီး မြင့်တဲ့ ဝါကျတည်ဆောက်ပုံတွေကိုပါ အသုံးပြုလာနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ ကလေးတွေ သုံးတဲ့ ဘာသာစကားက ဆယ်ကျော်သက်နဲ့ လူကြီးတွေသုံးတဲ့ ဘာသာစကားနဲ့တော့ တူနေနိုင်မှာ မဟုတ်ပါဘူး။

ကလေးနဲ့ စကားပြောတတ်ခြင်းအကြောင်း ပြောရာမှာ ဆက်စပ်ပါဝင်လာတာကတော့ Speech Delay လို့ ခေါ်တဲ့ စကားပြောနောက်ကျခြင်းကိစ္စပါပဲ။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် စကားပြောတတ်ချိန်၊ စကားပြောတတ်နှုန်းမတူကြပါဘူး။ ယေဘုယျတွေ့ရှိချက်တွေကနေ သွေဖည်ပြီး speech delay ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ (၁) ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ၊ (၂) လိင်ကွဲပြားခြင်း၊ (၃) မျိုးရိုးဗီဇတို့ပဲ ဖြစ်ပါတယ်။

(၁) မိသားစုရဲ့ လူမှုစီးပွားရေးအခြေအနေ (Socioeconomic Status - SES)၊ မိဘရဲ့ ပညာရေးအဆင့်အတန်း၊ ကျန်းမာရေးအဆင့်အတန်း၊ ကလေးနဲ့ မိဘကြားက ထိတွေ့ဆက်ဆံမှုအဆင့် စတဲ့ မိသားစုဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေက ကလေးရဲ့ ဘာသာစကားသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ SES မြင့်တဲ့ မိသားစုက ကလေးဟာ SES နိမ့်တဲ့ မိသားစုက ကလေးထက် စကားလုံးရေ သန်း ၃၀ ကျော်ပိုပြီး ထိတွေ့ခွင့်ရတာတွေ၊ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက အခြားအခြားသော ကျန်းမာရေးချို့ယွင်းချက်တွေ၊ ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေကြောင့် speech delay အဖြစ်များတာတွေ စတဲ့ ကိစ္စရပ်တွေလိုပါ။

(၂) ကျား/မ လိင်ကွဲပြားခြင်းက စကားပြောတတ်တဲ့ ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှုရှိစေတာကတော့ SES မြင့်တဲ့ မိသားစုတွေမှာမဟုတ်ဘဲ SES နိမ့်တဲ့ မိသားစုတွေမှာပဲ တွေ့ရတယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြကြပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေက မိန်းကလေးတွေထက် speech delay အဖြစ်များပြီး ဘာသာစကားတိုးတက်မှုဖြစ်စဉ်နှောင့်နှေးတာတွေကိုလဲ ယောက်ျားလေးတွေမှာ ပိုပြီးတွေ့ရပါတယ်။ ကိုယ်ခံအားတုံ့ပြန်မှု ဒါမှမဟုတ် testosterone လို ဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ယောက်ျားလေးတွေမှာ ပိုပြီးအဖြစ်များနိုင်ခြေရှိတယ်လို့ ယူဆကြတာပါ။

(၃) မျိုးရိုးဗီဇကွဲပြားခြင်းက ကလေးတစ်ယောက်ရဲ့ သင်ယူတတ်မြောက်နိုင်စွမ်းနှုန်းအတွက် အတော်လေး အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး အခက်အခဲရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ ကလေးက အခက်အခဲမရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ ကလေးထက် ၃ ဆကျော် ပိုမြင့်တဲ့ အဟန့်အတားမျိုးတွေ ကြုံရတာကို ပညာရှင်တွေက လေ့လာတွေ့ရှိထားပြီးပါပြီ။ ဒါ့အပြင် မိသားစုတစ်စုမှာ reading disorder ရှိနေတာက ကလေးတွေကို language disorder ဖြစ်ဖို့ အခွင့်ပိုများနေတာကိုလဲ တွေ့ရပါတယ်။

အထက်မှာ တင်ပြထားတဲ့ အချက်အလက်တွေက မြန်မာဘာသာစကားမဟုတ်တဲ့ အခြားသော ဘာသာစကားတွေကို သိပ္ပံနည်းကျလေ့လာထားတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ မြန်မာဘာသာစကားသုံးတဲ့ ကလေးငယ်တွေရဲ့ ပထမဘာသာစကားသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကိုတော့ ထပ်မံလေ့လာဖို့ လိုအပ်နေဆဲပါ။ မြန်မာဘာသာစကားနဲ့ ရေးသားထားတဲ့ ဆိုင်ရာနယ်ပယ်က စာအုပ်စာတမ်း (မရှိသလောက်) နည်းပါးခြင်းနဲ့ လေ့လာနိုင်ဖို့ အရင်းအမြစ်အထောက်အပံ့တွေ နည်းပါးနေတာတွေကြောင့် ဒီပညာရပ်နယ်ပယ်မှာ မြန်မာဘာသာစကားကို ပထမဘာသာစကားအဖြစ် သင်ယူတတ်မြောက်ခြင်းကို လေ့လာထားတဲ့ သုတေသနတွေ နည်းပါးနေခြင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးငယ်တွေရှိနေတဲ့ မိသားစုတွေက ကိုယ့်ရဲ့ သားသမီး၊ မြေး၊ တူ၊ တူမ၊ ညီ၊ မောင်၊ ညီမတွေရဲ့ စကားပြောတတ်လာပုံကို အထက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်ပြီး ဆန်းစစ်ကြည့်ရင်တော့ သိနားလည်နိုင်စရာ တစ်ခုခုရလာမှာတော့ အသေအချာပါပဲ။ ။

References - Bainbridge, C. (2022). How do babies and young children learn language?, Verywell Family.

- Bergelson E, Swingley D. At 6-9 months, human infants know the meanings of many common nouns. Proc Natl Acad Sci USA. 2012;109(9):3253-8.

- Feldman, H.M. (2019). How young children learn language and speech, Pediatrics in review.

- Kuhl PK. Early language learning and literacy: neuroscience implications for education. Mind Brain Educ. 2011;5(3):128-142.

- Saffran, J.R., Senghas, A. and Trueswell, J.C. (2001). The acquisition of language by children. Proceedings of the National Academy of Sciences, [online] 98(23), pp.12874–12875.

- Waxman S, Fu X, Arunachalam S, Leddon E, Geraghty K, Song HJ. Are nouns learned before verbs? Infants provide insight into a longstanding debate. Child Dev Perspect. 2013;7(3).

Image - Getty

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

www.facthub-mm.org မှာလဲ ဝင်ဖတ်နိုင်ပါတယ်။

Written by - Htet Phone Shein
Edited by - Fact Hub Editor Team
©️ ????-???? | ???? ??? ???????

#Fact_Hub #Language #Linguistics #How_do_children_learn_to_talk #Literature #Article

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ