Author's Profile Photo

Fact Hub

4/09/2023

ဗဟိုခွာအား၏ နောက်ကွယ်သို့ အလည်သွားခြင်း

2 mins read
Education
General Knowledge
ဗဟိုခွာအား၏ နောက်ကွယ်သို့ အလည်သွားခြင်း's photo

ဗဟိုခွာအား၏ နောက်ကွယ်သို့ အလည်သွားခြင်း
-----------------------------------
နယူတန်ရဲ့နာမည်ကျော် တတိယနိယာမအရ သက်ရောက်မှုတိုင်းမှာ ပမာဏတူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်၊ ဘောလုံးတစ်လုံးကို ခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာ ဘောလုံးကလည်း ခြေထောက်ကို တူညီတဲ့အားနဲ့ ပြန်ကန်တယ်၊။ တစ်နည်း ဘောလုံးအပေါ်ကို အားသက်ရောက်တဲ့အခါမှာ ဘောလုံးကလည်း တူညီတဲ့အားကို ပြန်သက်ရောက်စေတယ်ပေါ့။ ဘောလုံးအပေါ်ကိုသက်ရောက်တဲ့အားက ဘောလုံးကိုရွေ့သွားစေသလို ဘောလုံးကပြန်သက်ရောက်တဲ့အားကလည်း ‌ခြေထောက်ကို အနည်းငယ်ထိခိုက်နာကျင်စေတယ်၊ ဒါက နယူတန်တတိယနိယာမရဲ့ အရိုးရှင်းဆုံး နားလည်ပုံပဲ။

ကမ္ဘာနဲ့ လမင်းကြီးရဲ့ ဖြစ်ရပ်မှာဆိုရင် ကမ္ဘာဟာ လမင်းကြီးအပေါ်ကို ဒြပ်ဆွဲအားသက်ရောက်တယ်၊ နယူတန်တတိယနိယာမအရ လမင်းကြီးကလည်း ကမ္ဘာအပေါ်ကို တူညီတဲ့ တန်ပြန်ဒြပ်ဆွဲအားပြန်သက်ရောက်တယ်၊ ကမ္ဘာရဲ့ဒြပ်ဆွဲအားက လမင်းကြီးကိုစက်ဝိုင်းပုံလည်ပတ်စေသလို လမင်းကြီးရဲ့တန်ပြန်ဒြပ်ဆွဲအားက ကမ္ဘာကိုဒီရေအတက်အကျဖြစ်လာစေတယ်၊ ဒါသဘာဝပဲ။ ချိန်သီးကို ကြိုးနဲ့လွှဲယမ်းတဲ့ဖြစ်စဉ်မှာလည်း ဒီသဘာဝကို တွေ့နိုင်သေးတယ်။

ကြိုးဟာ ချိန်သီးအပေါ်ကိုအားသက်ရောက်နေသလို ချိန်သီးကလည်း ကြိုးအပေါ်ကို တန်ပြန်အားသက်ရောက်နေတယ်၊ ကြိုးရဲ့သက်ရောက်အားက ချိန်သီးကို စက်ဝိုင်းပုံရွေ့စေသလို ချိန်သီးရဲ့တန်ပြန်သက်ရောက်အားကလဲ ကြိုးကိုတင်းလာစေတယ်။

ဒီဖြစ်ရပ် ၂ ခုစလုံးမှာ ဗဟိုခွာအားဆိုတာကို မမြင်ခဲ့ရဘူး။ ဒါဆိုရင် ဗဟိုခွာအားဆိုတာ ဘာဖြစ်မလဲ။ သီအိုရီနည်းအရ ဗဟိုခွာအားဆိုတာ တကယ်မရှိဘူး၊ သူဟာ အင်နားရှားသပ်သပ်ပဲ။ အရာဝတ္ထုတိုင်းဟာ နေမြဲအခြေအနေကို ဖက်တွယ်တတ်တဲ့သဘာဝရှိတယ်။

ရပ်နေတဲ့အရာဝတ္ထုဟာ ဆက်ပြီးရပ်လိုတယ်၊ ရွေ့နေတဲ့အရာဝတ္ထုဟာ ဆက်ပြီးရွေ့လိုတယ်။ အဲ့ဒီအရာဝတ္ထုတွေအပေါ်ကို ရုတ်တရတ် အားသက်ရောက်လိုက်တဲ့အခါမှာ အရာဝတ္ထုဟာ အဲ့ဒီအားကို ခုခံတော့တယ်၊ ဒါဟာအင်နားရှားကို ခံစားရခြင်းပဲ။ ရပ်ထားတဲ့ကားတစ်စီးဟာ ရုတ်တရတ်ထွက်သွားတဲ့အခါ ကားပေါ်ကလူတွေအနေနဲ့ နောက်ကိုယိုင်သွားလေ့ရှိတယ်၊ အဲ့ဒီရွေ့နေတဲ့ကားဟာ ရုတ်တရတ်ရပ်လိုက်တဲ့အခါ ကားပေါ်ကလူတွေအနေနဲ့ ခုနကဖြစ်ရပ်လို ယိုင်သွားကြပြန်တယ်၊ ဒီတစ်ခါတော့ အရှေ့ကိုဖြစ်မှာပေါ့။

အင်နားရှားအရ ရပ်နေတဲ့ကားပေါ်ကလူတွေဟာ ဆက်ပြီးရပ်လိုတဲ့အတွက် ကားကိုထွက်သွား‌စေတဲ့ အင်ဂျင်ရဲ့သက်ရောက်အားကို ခုခံတယ်၊ ဒါကြောင့် နောက်ကိုယိုင်သွားတယ်၊ ရွေ့နေတဲ့ကားပေါ်ကဖြစ်ရပ်ဟာလည်း ထိုနည်းလည်းကောင်းပဲ၊ လူတွေဟာ ဆက်ပြီးရွေ့လိုတဲ့အတွက် ကားကိုရပ်သွားစေတဲ့ ဘရိတ်ရဲ့ သက်ရောက်အားကို ခုခံတယ်၊ ဒါကြောင့် အရှေ့ကိုယိုင်သွားတာ၊ ဒီဖြစ်ရပ်တွေက ဗဟိုခွာအား အိုင်ဒီယာရဲ့ကျောရိုးတွေပဲ။

စက်ဝိုင်းပုံအရွေ့တွေမှာ အရာဝတ္ထုတိုင်းဟာ ဗဟိုတည်အားရဲ့သက်ရောက်မှုကို ခံစားရတယ်၊ အင်နားရှားအရ အဲ့ဒီအားသက်ရောက်မှုမှာ ခုခံမှုတစ်ခုဖြစ်လာပြီး ဝတ္ထုကိုဗဟိုနဲ့ဝေးရာဆီ ရွေ့သွားတယ်လို့ ထင်ရစေတယ်၊ ကားရှေ့တိုးတဲ့အခါ လူတွေနောက်ကိုယိုင်သွားသလိုမျိုးပေါ့။ ဗဟိုတည်အားဟာ အမြဲတမ်းသက်ရောက်နေတဲ့အတွက် ခုခံမှုအင်နားရှားဟာလဲ အမြဲတမ်းဖြစ်နေရတယ်။ ဒါဟာ ဗဟိုခွာအားရဲ့အိုင်ဒီယာပဲ။ သူဟာ သက်ရောက်အား လုံးဝမဟုတ်ဘူး။ အင်နားရှားကြောင့်ဖြစ်ပေါ်တဲ့ အားလို့ထင်ရတဲ့အရာသာဖြစ်တယ်၊

ဒါပေမဲ့ သူ့ရဲ့သဘောတရားဟာ လက်တွေ့‌လောကရဲ့ ဖြစ်ရပ်တွေမှာ အတော်ကိုအသုံးဝင်တယ်၊ အားမဟုတ်ပေမဲ့ အားအဖြစ်ယူဆလိုက်တာက တွက်ချက်မှုတွေကို အရမ်းအဆင်ပြေသွားစေတယ်။ ဥပမာ - ကမ္ဘာရဲ့ လေစီးကြောင်းတိုက်ခတ်ပုံလမ်း‌ကြောင်းတွေဟာ ကမ္ဘာရဲ့ လည်ပတ်မှုကြောင့် ကွေးသွားတယ်၊ ဒီဖြစ်ရပ်ကို ကိုရိုးလစ်အားလို့ခေါ်တဲ့ ဗဟိုခွာအားသ‌‌ဘောတရားနဲ့ ရှင်းပြရာမှာ အတော်ကိုအဆင်ပြေတယ်။ ဒါကြောင့်လည်း အားမဟုတ်တဲ့ ဗဟိုခွာအားကို အားအဖြစ်ယူဆလိုက်ကြတာ။

ကောက်ချက်ချရမယ်ဆိုရင်တော့ ဗဟိုခွာအားဟာ ဗဟိုတည်အားကြောင့်ဖြစ်လာတဲ့ အင်နားရှားသက်သက်သာဖြစ်ပြီး သက်ရောက်အား လုံးဝမဟုတ်ဘူး။

ဗဟိုတည်အားသက်ရောက်မှုကြောင့်ဖြစ်တဲ့ တန်ပြန်သက်ရောက်မှုလဲမဟုတ်ပြန်ဘူး (Rotational Dynamics ကိုသင်ယူရတဲ့ ကျောင်းသားတော်တော်များများဟာ ဒီအားကို ဗဟိုတည်အားရဲ့ တန်ပြန်အားလို့ မှားယွင်းယူဆကြတာများတယ်)။

Written by - Julian Htet Aung
Edited by - Fact Hub Editor Team
©️ ????-???? | ???? ??? ???????

#Fact_Hub #Physics #Article #Behind_of_Centrifugal_forces

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ