ဆောင်းလုလင်
ဆောင်းလုလင်
ထောင်ထွက်ချာလီ
ချာလီ့ကိုတွေ့ရမြင်ရသည်မှာ ယခင်ကလိုမဟုတ်တော့ပါ။ ချာလီ့ဘ၀သည် လွန်ခဲ့သောကာလများကနှင့် များစွာ ခြားနားသွားပါပြီ။
ယခုအခါတွင်.. ချာလီ့ကို ကျွန်တော်တို့တစ်ရပ်ကွက်လုံးက ဘီးတပ်ကုလားထိုင်ပေါ်တွင်သာ တွေ့မြင်နေရ တော့သည်။
ချာလီသည် မည်သူ့ကိုမှ မမှတ်မိတော့။ သူ့မိဘ၊ သူ့ညီအစ်ကိုမောင်နှမ၊ သူ့အိမ်သားများကိုပင် မှတ်မိပုံ မပေါ်တော့ပါ။
ချာလီ၏ခန္ဓာကိုယ်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ပျော့ခွေလျှက်ရှိသည်။ ဘီးတပ်ကုလားထိုင်ကို တစ်ယောက်ယောက်က တွန်းပေးရသည်။ ချာလီသည် ဘီးတပ်ကုလားထိုင်နှင့် ညနေတိုင်း အိမ်ရှေ့ကို ထွက်လာတတ်၏။ သူ့ဖခင်အစီအစဉ်အရ.. အိမ်ရှေ့သစ်ပင်ရိပ်တွင် ချာလီထိုင်နေသော ဘီးတပ်ကုလားထိုင်ကို ရပ်ထားကာ ချာလီ့ကို စိတ်အပန်းဖြေစေခြင်းဖြစ်သည်ဟုဆိုပါသည်။
သို့သော်.. ချာလီကတော့ အိမ်ရှေ့မှဖြတ်သွားသူများက သူ့ကို နှုတ်ဆက်သော်လည်း မသိ၊ မမှတ်မိ။ ကြာတော့… ဘယ်သူကမှ ချာလီ့ကို နှုတ်မဆက်တော့ပေ။
ချာလီ့အပေါင်းအသင်းသူငယ်ချင်းများသည်လည်း ချာလီသည်ဘ၀ ရောက်ခါစက လာကြသေးသည်။ ချာလီက သူတို့ကို မမှတ်မိတော့သည့်အခါ တဖြည်းဖြည်းအလာကျဲသွားသည်။ ခုတော့.. ဘယ်အပေါင်းအသင်းမှ ချာလီ့ ဆီမလာကြတော့ပါ။
ချာလီက လမ်းသွားလမ်းလာများ၊ လမ်းမှာဆော့ကစားနေသည့် ကလေးသူငယ်များကို ငေးကြည့်နေ တတ်သည်။ သူ့ပါးစပ်သည် အမြဲပွင့် နေသည်။ သူ့ပါးစပ်ထဲမှ သားရေများအမြဲစီးကျနေသည်။
ချာလီ့လက်များခြေများက ကောက်ကွေးနေလေပြီ။
ချာလီသည် အသိမရှိတော့သည်သာ မဟုတ်။ စကားလည်း မပြောတော့ပြီ။ နားလည်းမကြားတော့ပြီ။
ချာလီ့အဖြစ်ကိုကြည့်ရသည်မှာ ရင်နာစရာကောင်းလှပေ၏။
လွန်ခဲ့သောတစ်နှစ်ကပင် ချာလီသည် ဤသို့သောအသွင်အပြင်မျိုးမဖြစ်သေး။ ဒီလိုဘ၀မျိုးကို မရောက်သေး။
ချာလီ့ကိုကြည့်လိုက်လျှင် အမြဲတမ်းတက်ကြွနေသည်။ လန်းဆန်းနေသည်။ ချာလီသည် ရုပ်ရည် ချောမောသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်တတ်သည်။ လှအောင်လည်း ဝတ်တတ် သည်။ သူဌေးသားမို့ အဖိုးတန်အဝတ်အစားတွေလည်း အများအပြားရှိပါသည်။
မိန်းကလေးများက ချာလီ့ကိုငေးကြည့်ရသည်။ ချာလီ့ကိုတစ်ဖက်သတ်နှစ်သက်နေသော မိန်းကလေးတွေ ဤလမ်းထဲမှာပင် အများအပြားရှိ ပါသည်။
ယခင်က ချာလီ့ဓာတ်ပုံများကိုပြ၍… လက်ရှိချာလီနှင့်နှိုင်းယှဉ်ကြည့်ခိုင်းလျှင် မသိသူများက လူတစ် ယောက်စီ ဟုပင် ပြောကြပေမည်။ တစ်ယောက်တည်းဆိုသည်ကို ယုံကြည်ကြမည်မဟုတ်ပေ။
ချာလီသည် ထိုမျှထိ ဆန့်ကျင်ဖက် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပါသည်။
ဟိုတုန်းက မော်တော်ဆိုင်ကယ်လေးတဝီဝီဖြင့် လမ်းတကာလည်ကာ ကျော့ကျော့မော့မော့လေးနေခဲ့သော ချာလီ။
#ထောင်ထွက်ချာလီ.. ဆိုသည့် နာမည်ကို ရခဲ့သည့်ချာလီ။
မော်တော်ဆိုင်ကယ်စီးရာတွင် ကျွမ်းကျင်လှသောကြောင့် ချာလီသည် "ထောင်ထွက်ချာလီ"ဟုပင် အခေါ်ခံခဲ့ရ လေသည်။
xxxxx
ထောင်ထွက်ဆို၍ အကျဉ်းထောင်၊ အချုပ်ထောင်ထဲက ထွက်လာ သူလို့ မထင်လိုက်ကြပါနှင့်။
ကျွန်တော်တို့မန္တလေးသည် မော်တော်ဆိုင်ကယ်မြို့တော်ဖြစ်သည်။ မော်တော်ဆိုင်ကယ်ပေါလှသလို ဆိုင်ကယ် စီးသူအားလုံးကလည်း အစီးကျွမ်းကျင်ကြပေသည်။ ထိုအထဲမှာ တချို့လူငယ်များက သူတကာထက် ပိုကဲကာ မော်တော် ဆိုင်ကယ်ကို ပုံစံအမျိုးမျိုးအဖုံဖုံဖြင့် စွန့်စွန့်စားစား စီးတတ်ကြပြန်သေးသည်။
ဆိုင်ကယ်ကို မောင်းသူထိုင်ခုံပေါ်ကမဟုတ်ပဲ နောက်ကယ်ရီယာ ခုံပေါ်မှာထိုင်၍ စီးခြင်း၊ မတ်တပ် ရပ်၍စီးခြင်း၊ ပက်လက်လှန်အိပ်၍စီးခြင်း၊ ဆိုင်ကယ်ရှေ့ဘီးကို မိုးပေါ်ထောင်၍စီးခြင်းတို့ ဖြစ်ပါသည်။
ချာလီသည် ဆိုင်ကယ်ရှေ့ဘီးကို မိုးပေါ်ထောင်စီးရာတွင် အထူး ကျွမ်းကျင်သည်။ အိမ်မှထွက်လျှင်ပင် သမားရိုးကျမထွက်။ လီဗာကို တအား ကုန်တင်ကာ ရှေ့ဘီးကိုထောင်၍ထွက်သည်။
ရှေ့ဘီးထောင်၍ ဆိုင်ကယ်ထွက်ရာတွင် ကျွမ်းကျင်လွန်းသော ကြောင့် ချာလီ့ကို "ထောင်ထွက်"…ဟု ဘွဲ့ပေးကြခြင်းပင်ဖြစ်ပါသည်။
xxxxx
ညအချိန်ဆိုလျှင် ကျုံးနဘေး၌ ဆိုင်ကယ်ကိုစတန့်အမျိုးမျိုးလုပ်စီးသူများကို တွေ့ရနိုင်ပါသည်။ ထိုအထဲတွင် ဆိုင်ကယ်ရှေ့ဘီးကိုထောင်စီးသည့် ချာလီသည်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါ၏။
မိုးသည်းသောညများမှအပ ကျုံးနဘေး၌ ဆိုင်ကယ်ထောင်စီးသူ အများအပြားတွေ့ရတတ်ပေသည်။ ကျုံးတောင် ဖက်ခြမ်းဖြစ်သော ၂၆ဘီ လမ်းအနောက်ဖက်ခြမ်း၊ ကျုံးမြောက်ဖက်ဖြစ်သော ၁၂လမ်းအနောက်ဖက်ခြမ်း တိရိစ္ဆာန်ရုံ ရှေ့များတွင် ဆိုင်ကယ်သမားလူငယ်အချင်းချင်းချိန်းကာ ဆိုင်ကယ်ထောင်စီးပြိုင်ကြသည်။
ဘေးမှကြည့်သူများအတွက်တော့ အသည်းယားစဖွယ်ဖြစ်ပေ၏။ ကိုယ့်ကိုလာပြီး ထိခိုက်မိမှာ တိုက်မိမှာစိုး၍ ဝေးဝေးကကွင်းရှောင်သူမရှားချေ။ လူငယ်တွေကတော့ သူတို့စတန့်လုပ်စီးသည်ကို ဂုဏ်အယူကြီးယူကာ အမျိုးမျိုး လုပ်ပြနေတတ်ကြပြန်သည်။
အိတ်ဇောကိုဖြုတ်ထား၍ အသံကလည်း နားမခံသာအောင် ကျယ်လောင်နေတတ်သည်။
ချာလီက ထိုနေရာတွေအားလုံးကို ညတိုင်းရောက်သည်။ ဆိုင်ကယ် ထောင်စီးရာတွင် ချာလီ့ကို ဘယ်သူမှမမီ။ ထို့ကြောင့်လည်း ထောင်ထွက်ချာလီဟု နာမည်ရခဲ့ခြင်းဖြစ်ပါသည်။
ချာလီကလည်း ထောင်ထွက်ဘွဲ့ကို ဝမ်းပန်းတသာခံယူသည်။ ထောင်ထွက်ဘွဲ့ကပင် သူ့ကိုမကောင်းကျိုး ပေးခဲ့သလားမသိပါ။
အားပေးအားမြှောက်လုပ်ပြီးပေးထားသောနာမည်လေးကရှိနေတော့ ထိုနာမည်၏ဂုဏ်ပုဒ်ကို ထိမ်းသိမ်းရမည့် တာဝန်ရှိသည်ဟု မှတ်ယူပုံရပေသည်။ ချာလီသည် နေရာမရှောင်၊ အချိန်မရှောင် သူ၏ဆိုင်ကယ်ထောင်စီးခြင်း အစွမ်း အစကိုပြလေတော့သည်။
မြွေအလမ္မါယ်ဆရာ မြွေကြောင့်သေရတယ်ဆိုတဲ့စကားနဲ့ ဥပမာ ပြရမည်လားမသိပါ။
နေရာမရှောင်၊ အချိန်မရွေး ဆိုင်ကယ်ထောင်စီးလေ့ရှိသောချာလီ၊ တစ်နေ့တော့ ဒုက္ခတွေ့လေသည်။
ဖြစ်မယ့်ဖြစ်တော့ လူငယ်အချင်းချင်းပြိုင်စီးသည့်နေရာတွင် မဖြစ်။ လူရှုပ်သောလမ်းမပေါ်မှာဖြစ်ခြင်း မဟုတ်။
တစ်နေ့တွင် ညဖက်ဆိုင်ကယ်အပြိုင်စီးပြီးပြန်အလာ…
ဘီယာသောက်လာခဲ့သည်ဟု နောက်ပိုင်းတွင်သိရသည်။ လူကလည်း သွေးကြွနေသည်ထင်ပါသည်။
အိမ်ရှိရာလမ်းထဲသို့ချိုးအကွေ့တွင် အရှိန်ကိုမလျှော့ပဲ လီဗာကို တအားကုန်ဆွဲကာ ရှေ့ဘီးကို မိုးပေါ်ထောင် လိုက်သည်။
ထိုနေ့က ညဆယ်နာရီလောက်ကြီး… အိမ်ထဲမှာရှိနေသူများပင် ချာလီ့ဆိုင်ကယ်သံကိုကြားလိုက်ရ ပါသည်။
လီဗာမြှင့်သံ၊ အိတ်ဇောကိုဖြုတ်ထား၍ ကျယ်လောင်စွာမြည်သော အသံ… တို့နှင့်အတူ ဝုန်းကနဲ လဲပြိုလိုက် သောအသံကြီး။
တစ်လမ်းလုံးမှာရှိသမျှလူတွေ အိမ်ထဲကပြေးထွက်လာကြသည်။
အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်သံကြောင့် ချာလီပဲဆိုတာလည်း တစ်လမ်းလုံးက သိနေကြသည်။
ချာလီ့အိမ်ကလူများလည်း အစေအပါးကမကျန် အားလုံးပြေးထွက် လာကြလေ၏။
လမ်းပေါ်ကမြင်ကွင်းကိုကြည့်လိုက်တော့ ချာလီ့ဆိုင်ကယ်က စက်မရပ်သေးပဲ နောက်ဘီးလည်ကာ လမ်းပေါ် တွင်လဲနေသည်။ ချာလီကိုယ်တိုင်လည်း ဆိုင်ကယ်နှင့်မလှမ်းမကမ်းတွင်လဲနေသည်။
ဆိုင်ကယ်ကိုထောင်အစီး လမ်းဘေးက ထနောင်းပင်အိုကြီးအနီးတွင် လမ်းလမ်းခေါင်၌ကျနေသော ခဲလုံးကြီးတစ် လုံးကိုတိုက်မိခြင်းဖြစ်သည်။ ဘီးတစ်ဘီးထဲဖြင့် ဟန်ချက်ပြုထားစဉ်မှာ ခဲလုံးကိုနင်းမိလိုက်တော့ ဟန်ချက်ပျက်သွားသည်။ ဆိုင်ကယ်က လည်ထွက်ကာ ထနောင်းပင်ကို ဝင်တိုက်မိခြင်းဖြစ်သည်။
ဘယ်လောက်အရှိန်ပြင်းလည်းတော့ မသိ။ အလွန်တရာမာကျောသော သံထည်ဖြင့်ပြုလုပ်ထားသော ဆိုင်ကယ် ရှေ့ဘီးမှာ ကောက်ကွေးသွားသည်။
စက်လည်နေဆဲဖြစ်သောဆိုင်ကယ်ကို ကျွန်တော်က သော့ဖြုတ်၍ ရပ်အောင်လုပ်ပေးလိုက်ရသည်။
ချာလီကတော့ လမ်းမပေါ်လဲနေရာမှ ထမလာတော့။
ချာလီ့အစ်မများ၊ ညီမများ၏ အော်ငိုသံက ပတ်ဝန်းကျင်ကိုလွှမ်းသွားသည်။
ချာလီ့ကို တစ်လမ်းလုံးက ခင်မင်ကြ၍ အားလုံးလည်း စိတ်မကောင်းဖြစ်ကြသည်။
ချာလီတို့အိမ်ကကားနှင့်ပင် ဆေးခန်းကိုပို့ရသည်။
ယာဉ်တိုက်မှုဖြစ်ရုံမက၊ ချာလီ့ဒဏ်ရာများကဆိုးလွန်း၍ ပြင်ပဆေးခန်းကြီးက လက်မခံ။ ဆေးရုံကြီး အရေးပေါ် ဌာနကို သွားရလေသည်။
ထိုအချိန်မှစ၍ ချာလီဆိုသော ထောင်ထွက်ဘွဲ့ပိုင်ရှင်လူငယ်ကို လူကောင်းတစ်ယောက်အဖြစ် မတွေ့ရ တော့သည်မှာ ယနေ့အထိပင်ဖြစ်တော့သည်။
xxxxx
ဆိုင်ကယ်တိုက်မိသည့်အရှိန်မှာ ပြင်းထန်လွန်းလှ၍ ချာလီသည် လူကောင်းပြန်ဖြစ်မလာတော့ပေ။
အာရုံကြောများထိခိုက်သွား၍ မှတ်ဉာဏ်ချွတ်ယွင်းသွားသည်။ အကြောများသေသွားသည်။ ခြေတွေ လက်တွေ လှုပ်လို့မရတော့။ တစ်ကိုယ်လုံးလှုပ်လို့မရတော့။ စကားပြောလို့လည်း မရတော့။ နားလည်းကြားပုံ မရတော့ပေ။ ချာလီသည် အသက်ရှင်ရက်မှ လူ့လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွားလေသည်။
ချာလီ့မိဘများမှာ ချမ်းသာကြွယ်၀သူများဖြစ်သည်။ ဈေးချိုအနီးရှိ ကိုယ်ပိုင်လေးထပ်တိုက်ကြီးတွင် ကုန်မာ ဆိုင်ဖွင့်ထားသော သူဌေးများဖြစ်သည်။ လေးထပ်တိုက်ကို ဆိုင်ခန်းအဖြစ်သာသုံးသည်။ နေတော့ ဆိတ်ငြိမ် သူဌေး ရပ်ကွက်မှာနေသည်။
တတ်န်ိုင်သူများမို့ ချာလီ့ကို နိုင်ငံခြားပို့ ဆေးကုဖို့အထိ ကြိုးစားခဲ့သေးသည်။ မည်သို့မျှပြန်မကောင်း နိုင်တော့ဆိုသော ပါရဂူကြီးများ၏ မှတ်ချက်ကြောင့်သာ လက်လျှော့လိုက်ရခြင်းဖြစ်သည်။
ခုတော့… ချာလီသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် အသိမဲ့စွာ အရုပ်ကြိုးပြတ်ဟန်ဖြင့်ရှိနေတော့သည်။ အညစ်အကြေးကိုလည်း သူများက လုပ်ပေးရသည်။ အစားအသောက်ကိုလည်း သူများခွံ့ကျေွးမှစားနိုင်တော့ သည့်ဘ၀။ ပါးစပ်ကသွားရည်ကိုလည်း မထိန်းနိုင်တော့။ ခြေလက်များမှာ တဖြည်းဖြည်းကောက်ကွေး လာခဲ့သည်။
သို့သော်… ထိုမျှလောက်ကြီး မသန်မစွမ်းဖြစ်သွားသော်လည်း အစားအသောက်ကိုတော့ ချာလီက စားနိုင်သည်။ အစားအသောက်ကို ဝူးဝူးဝါးဝါးအော်၍တောင်းသည်။ အနီးတွင်စားစရာသောက်စရာမြင်လျှင် မသန်တော့သောလက်ဖြင့် တုန်ချိစွာပြကာ အစာကိုတောင်းသည်။ အရည်လည်နေသော မျက်လုံးကြီးများဖြင့် အစားအသောက်ကို မျက်တောင်မခပ် တမ်းကြည့်နေတတ်သည်။
ချာလီ့အဖြစ်က ဆိုင်ကယ်အစီးကြမ်းသည့်လူငယ်များ သံဝေဂ ယူလောက်သည့်အဖြစ်ပင် ဖြစ်တော့သည်။
xxxxx
ရပ်ကွက်ထဲမှ ရှေးရိုးဆန်သည့်လူကြီးသူမများအတွက်တော့ ချာလီ့အဖြစ်ကို အမြင်တစ်မျိုးဖြင့် မြင်ကြလေသည်။
ချာလီဝင်တိုက်ခဲ့သောထနောင်းပင်ကြီးမှာ ရာဇဝင်ရှိသောသစ်ပင်တစ်ပင်ဖြစ်လေသည်။
ချာလီဆိုင်ကယ်ဖြင့်ဝင်တိုက်မိသည်မှာ ထိုထနောင်းပင်ကြီးဖြစ်နေ၍ အထင်အမြင်များ အမျိုးမျိုးပေါ်ထွက်လာ လေတော့၏။
ချာလီသည် ညအချိန်အိမ်ပြန်လာတိုင်း ထိုသစ်ပင်ကြီးအောက်တွင် အပေါ့စွန့်သည်ကို မြင်သူကမြင်သည်ဟု ဆိုသည်။ ထနောင်းပင်ကြီးမှာ ရုက္ခစိုးရှိသည်ဟုယုံကြည်ထားကြသူများက တစ်ပေပတ်လည်ခန့် စင်ကလေးတစ်ခုကို ထနောင်းပင်၏လူတစ်ရပ်အမြင့်ခန့်၌ရိုက်ထားသည်။ စင်ကလေးပေါ်တွင် မြေပန်းအိုး တစ်လုံးကိုလည်း တင်ထားသည်။ ပန်းအိုးထဲတွင် ပန်းများမပြတ် ရှိနေတတ်သည်။ ထနောင်းပင်ကြီးမှာ တစ်ဦးတစ်ယောက်၏အိမ်ရှေ့တွင် ရှိနေခြင်းမဟုတ်ပဲ လမ်းထိပ်မှာ စည်ပင်သာယာနယ်မြေအတွင်းရှိနေခြင်း ဖြစ်သည်။
ချာလီသည် ညစဉ် အပြင်ကပြန်လာတိုင်း ထိုနေရာတွင်ရပ်၍ ထနောင်းပင်အောက်တွင် အပေါ့သွားသည်။ ဟုတ်မဟုတ်တော့မသိ။ ချာလီ ယခုလိုဖြစ်ပြီးနောက်ပိုင်းပြောသည့်စကားများထဲတွင် သစ်ပင်ကိုပင် သေးနဲ့ပန်းသည် ဟုပြောကြပြန်သည်။ ဖြစ်လာလို့ ပိုပြောတတ်တဲ့ လူ့သဘာ၀အတိုင်း ပြောကြတာလည်း ဖြစ်ရင် ဖြစ်မည်။ မည်သို့ဆိုစေ.. ရုက္ခစိုးရှိသောသစ်ပင်ကို သေးနဲ့ပန်းလို့ ရုက္ခစိုးကဒဏ်ခတ်အပြစ် ပေးလိုက်တာလို့ ပြောကြလေ၏။
ရုက္ခစိုးလက်ချက်လို့ စွတ်စွဲသူများက တစ်အုပ်စုဖြစ်သလို… ထနောင်းပင်ကြီးရာဇဝင်ကို အကြောင်းပြု၍ တစ်နည်းတစ်ဖုံစွတ်စွဲသည့် စကားများလည်း ပေါ်ထွက်လာခဲ့သည်။
ထနောင်းပင်ကြီးတွင် တစ်ချိန်က လူတစ်ယောက်ကြိုးဆွဲချ၍ သေဖူးသည်။ ကြာလှပါပြီ။ ဤအရပ်တွင် လူတွေသိပ်မနေခင် မြေကွက်များ စံနစ်တကျချမထားခင် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ကျော်က ဖြစ်ပါသည်။ ဘာအတွက်ကြောင့် သတ်သေသွားတယ်၊ သေတာဘယ်သူဆိုတာပင် မှတ်မိသူမရှိတော့။ တစ်ဆင့်စကား တစ်ဆင့်နား ပြောကြရင်းဖြင့်သိနေကြခြင်းသာ ဖြစ်သည်။
မည်သို့ဆိုစေ… မြန်မာလူမျိုးတို့ထုံးစံအတိုင်းပေါ့၊ သေသူဟာ သရဲဖြစ်ပြီး ထနောင်းပင်ကြီးမှာ မှီခိုနေသည်ဟု ပြောသူကပြောကြလေ၏။ ချာလီ့ ကိုဒုက္ခရောက်အောင်လုပ်လိုက်သူက ထိုသရဲကြီးဟု ဆိုကြပြန်သည်။
ရုက္ခစိုးလက်ချက်လား၊ သရဲလက်ချက်လား… လက်ဆုပ်လက်ကိုင် ပြလို့ရတာမဟုတ်လို့ ဘယ်ဟာကို ယုံရမှန်းမသိ။ နှစ်မျိုးစလုံးလည်း ဟုတ်ချင်မှဟုတ်ပါလိမ့်မည်။ သူ့ဟာသူ ဖြစ်ချိန်တန်လို့ဖြစ်လာတာရော မဖြစ်နိုင်ဘူးလား။
xxxxx
ချာလီမသန်မစွမ်းဖြစ်သွားပြီး ခြောက်လကြာချိန်၌ လမ်းထဲတွင် ထူးခြားသောအဖြစ်တစ်ခု ပေါ်ပေါက်ခဲ့သည်။
အချိန်က နေဝင်ရီတရောအချိန်ကြီး။
ချာလီတို့အိမ်နှင့်မျက်စောင်းထိုးခြံမှ အိမ်ဖော်မလေးကို သရဲဝင်ပူး ခြင်းဖြစ်သည်။
ကောင်မလေးကိုသရဲပူးသည်ဆို၍ အိမ်နီးချင်းတွေအကုန် ပြေးသွားကြည့်ကြသည်။ ကျွန်တော်လည်း ပါပါသည်။
ကောင်မလေးမှာ ပါးစပ်မှသွားရည်တွေထွက်ကျနေပြီး အသားတွေ တဆတ်ဆတ်တုန်နေသည်။
"ငါဆာတယ်… ငါဆာတယ်… ငါ့ကိုအမဲသားကျွေး"
…ဆိုကာ အမဲသားစားချင်ကြောင်းပြောသည်။
ကြားဖူးနား၀နှင့် အတွေ့အကြုံအနည်းငယ်ရှိဟန်တူသောမိန်းမကြီးတစ်ယောက်က ကောင်မလေးရှေ့မှာ သွားရပ် သည်။
"ဟဲ့- နင်ဘယ်သူလဲ"
"ငါ့ကိုအမဲသားကျွေး"
"ကျွေးမယ်၊ အမဲသားဟင်းသွားဝယ်စမ်း၊ နင်ဘယ်သူလဲပြော"
"အမဲသားဟင်းကျွေး၊ ကျွေးမှပြောမယ်"
ဝင်ပူးသောသရဲက အမဲသားချည်းဇွတ်တောင်းကာ ဘယ်သူဘယ်ဝါ မပြောပဲ တင်းခံနေသည်။ ကောင်မလေး ပြန်ပြောသောအသံကတော့ ပုံမှန် အသံမျိုးမဟုတ်။ အသံတုန်တုန်၊ ဩဩကြီးဖြစ်နေသည်။
"အမဲသားဟင်း ရှိတယ်၊ ရှိတယ်၊ ရော့- ရော့- အမဲသားဟင်း၊ ရပြီ"
တိုက်ဆိုင်ချင်တော့… ထိုအိမ်က ထိုနေ့မှာ အမဲသားဟင်းချက်တဲ့နေ့ဖြစ်နေသည်။ အိမ်ရှင်မက အမဲသားဟင်း တစ်ခွက်ကြီးခပ်ယူလာကာ ကောင်မလေးရှေ့ချပေးလိုက်သည်။
ကောင်မလေးအမဲသားဟင်းကို စားပုံမှာ ကြောက်စရာကောင်းလှသည်။ လက်ငါးချောင်းဖြင့် အမဲသား နှပ်များကို နှိုက်သည်။ ပလုပ်ပလောင်း စားသည်။ စားရင်းဖြင့် ဝိုင်းကြည့်နေသူများကို မျက်ထောက်နီကြီးဖြင့် ကြည့်သေးသည်။ ပါးစပ်တဝိုက်လည်း ဟင်းဆီရည်တွေပေကျံနေသည်။
အိမ်ဖော်မလေးသရဲပူးသည်ကိုမကြည့်ရဲ၍ မိန်းကလေးနှစ်ယောက်မှာ ပြန်ပြေးသွားလေသည်။
'ဟဲ့- နင့်ကိုအမဲသားဟင်းကျွေးပြီးပြီ၊ နင်ဘယ်သူလဲပြောစမ်း '
မိန်းမကြီးက အထက်စီးနင်းလေသံဖြင့် ခါးထောက်ကာ သရဲကို မေးလိုက်သည်။
"ချာလီ၊ ချာလီ၊ ငါ ချာလီ ''
"ဟယ်…" "ဟင်…" "ဟာ…"
ကြားရသူအားလုံး အံ့ဩသွားကြသည်။
ချာလီတဲ့။ ချာလီက သေမှမသေသေးပဲ။
တိုက်ဆိုင်စွာ ထိုအချိန်၌ ချာလီသည် ဘီးတပ်ကုလားထိုင်ဖြင့် မျက်စောင်းထိုးက သူ့အိမ်ရှေ့မှာ ထိုင်နေသည်။း
"ဟဲ့- နင်ချာလီဘယ်လိုဖြစ်နိုင်မှာလဲ၊ ချာလီက ဟိုမှာလေ"
"မဟုတ်ဘူး၊ အဲဒါ ငါမဟုတ်ဘူး၊ ငါက ထနောင်းပင်ပေါ်မှာနေ ရတယ်၊ ထနောင်းပင်ပေါ်ကကောင်က ငါ့အယောင်ဆောင်ပြီး ငါ့အိမ်ပေါ် တက်နေတာ၊ ငါ… ငါ…. အီး… ဟီးဟီး…."
ကောင်မလေးက ရှိုက်ကြီးတငင်ငိုလိုက်ပြီးနောက် ကြမ်းပြင်ပေါ် ပုံလဲကျသွားလေတော့သည်။
သရဲထွက်သွားပြီ။ ဘာမှဆက်မေးလို့မရတော့။
လူအားလုံးအကြည့်များက ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေသော ချာလီ့ဆီရောက်သွားကြ၏။ ချာလီက မျက်လုံးကြီးပြူးကာ လူတွေကိုပြန် ကြည့်နေသည်။ အားလုံး ကြက်သီးမွေးညင်းထသွားကြ၏။
"အောင်မယ်လေး… ဒါဖြင့်… ဟိုဟာ… ဟိုဟာ… ချာလီအစစ် မဟုတ်ဘူးပေါ့၊ ဖုတ်… ဖုတ်… ဖုတ်ဝင်နေတာ၊ အမလေးတော့…."
အများရှေ့မှာ လူတတ်ကြီးလုပ်ပြီး သရဲကိုမေးမြန်းခဲ့သောမိန်းမကြီးက အလန့်တကြားအော်လိုက်လေသည်။
xxxxx
အိမ်ဖော်မလေးကိုပူးပြီးပြောသွားသော သရဲ၏အပြောအရဆိုလျှင် အဖြစ်အပျက်က ရှင်းနေသည်။
ထနောင်းပင်ကြီးတွင် နေနေသောသရဲက သေသွားသောချာလီ့ကိုယ်ထဲ ပူးဝင်နေခြင်းဖြစ်သည်။ ချာလီ အယောင်ဆောင်၍ ချာလီ့အိမ်ပေါ်မှာ တက်နေနေခြင်းဖြစ်လေသည်။ လက်ရှိမြင်တွေ့နေရသောချာလီမှာ ဖုတ်ဝင်နေ သောဖုတ်ကောင်ကြီးဖြစ်လေသည်။
တကယ့်ချာလီအစစ်ကတော့ သေပြီးနောက်မှာ သရဲဖြစ်ကာ ထနောင်းပင်ကြီးပေါ်မှာ နေနေရတယ်တဲ့။
ဖုတ်ဝင်သောဇာတ်လမ်းဇာတ်ကွက်တွေမှာ မဆန်းသော်လည်း ချာလီ့အဖြစ်က ဆန်းနေသည်။ ကြားဖူးနေကျ ဖုတ်ဇာတ်လမ်းများမှာ သေသူကိုယ်ထဲကို အပြင်ပက နာနာဘာ၀က ဝင်ပူးနေကာ အစားအသောက်များ အဆမတန် စားသောအဖြစ်မျိုးသာဖြစ်သည်။ အပူးခံရသူမှာ သေသွားပြီ။ သေသူ၏ဝိညာဉ်က ဘယ်ရောက်သွားမှန်းမသိ။ သမရိုးကျ ဖုတ်ဇာတ်လမ်းများတွင် သေသူ့အပိုင်းကိုထည့်မစဉ်းစားကြပေ။
အိမ်ဖော်မလေးကို ပူးပြောသွားပုံအရတော့ သေသူချာလီကိုယ်တိုင်ပင် သရဲဖြစ်နေရသည်။ သူ့ခန္ဓာကိုယ်ကို တော့ အခြားနာနာဘာ၀တစ်ကောင်က အပိုင်စီးထားခြင်းခံနေရသည်။ ဒါကို… တကယ့်ချာလီအစစ်ဖြစ်သော သရဲက မခံမရပ်နိုင်ဖြစ်ပြီး ပူးပြောခြင်းဖြစ်ပါသည်။
xxxxx
အိမ်ဖော်မလေးကို ချာလီသရဲဝင်ပူးသောသတင်းက ချာလီတို့ မိသားစုထံသို့ ရောက်ရှိသွားလေသည်။
အိမ်ဖော်မလေး၏ အိမ်ရှင်မိန်းမကြီးကပင် သွားပြောခြင်းဖြစ်၏။ သူကတော့ စေတနာနှင့်သွားပြောခြင်းဖြစ်ပါ သည်။ ပယောဂဆရာခေါ်ပြီး ဖုတ်ထုတ်ဖို့ပင် အကြံပေးလိုက်သေးသည်။
သို့သော်… ချာလီ့အဖေဦးမိုက်ကယ်က လက်မခံ။ ဒါတွေမဖြစ်နိုင်၊ အယုံအကြည်မရှိဘူးဟု ပြန်ပြောလိုက်သည်။ သတင်းလာပေးသောမိန်းမကြီးကိုပင် စိတ်ဆိုးသွားသေးသည်။
"ကျုပ်သားကို ကျုပ်တို့မျက်စိရှေ့မှာမြင်နေရတာပဲ၊ ကျုပ်သား မသေသေးဘူး၊ ဖုတ်ဝင်တာတွေဘာတွေ ကျုပ်နားမလည်ဘူး၊ ယုံလည်း မယုံဘူး၊ နောင် ဒါမျိုးပြောရင် ခင်ဗျားတို့ကို တရားစွဲရလိမ့်မယ်၊ ဒါပဲ"
စေတနာနှင့်သွားပြောသောအန်တီကြီးမှာ မျက်နှာမရပဲ တပ်လန်၍ပြန်လာရလေသည်။
ခက်တာက ချာလီတို့မိသားစုသည် ဗုဒ္ဓဘာသာဝင်များမဟုတ်။ ဖုတ်တို့၊ ပြိတ္တာတို့၊ တစေၧတို့ကိုလည်း အယုံ အကြည်မရှိပေ။ သူတို့မျက်မြင်မှာ သူတို့ရှေ့၌ ချာလီရှိနေသည်။ မသန်းမစွမ်းဖြစ်နေသော သူတို့သားကို ပြုစုရမည်။ အလိုလိုက်ရမည်။ လိုချင်တာလုပ်ပေးရမည်။ ဒါပဲသိသည်။
xxxxx
တစ်လမ်းလုံးကတော့ ထိုအချိန်မှစ၍ ထိတ်လန့်ချောက်ခြားမှုများ ဖြင့် လွှမ်းခြုံသွားလေတော့သည်။
ညနေပိုင်း ချာလီ ဘီးတပ်ကုလားထိုင်ဖြင့်အိမ်ရှေ့ထွက်ထိုင်နေလျှင် ထိုရှေ့က မဖြတ်ရဲကြတော့။ ကွင်းရှောင် သွားကြသည်။
ထိုအနားမှာ ကစားနေကျကလေးများလည်း နေရာရွှေ့ကစားကြသည်။
ချာလီ့ကို စေ့စေ့မျှပင် မကြည့်ရဲကြတော့ပေ။
လမ်းထိပ်ကထနောင်းပင်ကြီးကိုလည်း နေဝင်သည်နှင့်ကွင်းရှောင်ကြသည်။ မလွှဲမရှောင်သာဖြတ်သွားရပါက လည်း နှုတ်မှ ဘုရားစာကို တီးတိုး ရွတ်ဆိုကြသည်။ "ဖွ-ဖွ"..ဟု ရွတ်ဆိုကြသည်။ ကလေးပါလာလျှင် မြေမှုံဖြင့် နဖူးကိုသိပ်ပေးကြသည်။ လမ်းသူလမ်းသားများလည်း အတော်ပင် အလုပ်များသွားကြလေ၏။
"ဒုက္ခပဲ၊ သူတို့ဟာသူတို့အယုံအကြည်မရှိတာ အရေးမကြီးဘူး၊ ရပ်ကွက်ထဲမှာ ဖုတ်ဝင်နေတဲ့လူရှိတာ ရပ်ကွက်နာတယ်တော့"
"ဒါတွင်လား၊ ဝင်နေတဲ့ဖုတ်က ထွက်သွားရင် တစ်ရပ်လုံးဒုက္ခ ရောက်ကြဦးမှာလေ၊ ဖုတ်ဝင်တယ်ဆိုတာ သေပြီး တဲ့လူရဲ့ကိုယ်ထဲ တခြားသရဲက ဝင်အောင်းနေတာ၊ ဖုတ်ထွက်သွားတာနဲ့ သေတဲ့အချိန်ကာလအတိုင်း ပုပ်ပွနေတာတို့၊ အရိုးကျနေတာတို့ ဖြစ်တတ်တာတဲ့လေ၊ ဖုတ်ထွက်သွားမှ သူတို့နောင်တရမှာ မြင်ယောင်သေးသတော်"
"အယုံအကြည်မရှိတဲ့လူတွေ နောင်တရ, ရပေစေ၊ အဲဒီကျမှ မှတ်မယ်၊ လောလောဆယ် အရပ်ထဲမှာ ဖုတ်ကောင်ကြီးရှိနေတာ ကျုပ်တို့ မှာအနေရခက်လိုက်တာ၊ လာဘ်တိတ်တာပေါ့တော်"
ချာလီ့အခြေအနေကလည်း သတိချွတ်ယွင်းပြီး မစွမ်းမသန်ဖြစ်သွားသည်ဆိုသည့်တိုင် အစားအသောက်ကတော့ မပျက်။ သာမန်လူကောင်းသူကောင်း သန်မာသူများထက်ပင် စားနိုင်သောက်နိုင်သေးသည်။ ပြီးတော့ အသားငါးကိုမှ မက်မက်မောမောစားသည်။ ဒါတွေကိုကြည့်၍ ဖုတ်ဝင်နေတာ အမှန်ပါပဲလို့ ကောက်ချက်ချကြသည်။
ချာလီတို့အိမ်ဘေးတစ်ဖက်တစ်ချက်မှ ကပ်ရက်အိမ်များသည် ၂၄ပစ္စည်းပဌာန်းကို ကွန်ပြူတာစာစီပြီး အိမ်၏ လေးဖက်လေးတန်မှာ ကပ်ထားကြသည်။ နာနာဘာ၀အတားအဆီးဖြစ်အောင်တဲ့။ ဒါကိုသိသွားသော ကျန်အိမ်များ ကလည်း အိမ်ရှေ့များတွင် ပဌာန်း၂၄ပစ္စည်းသာမက သံဗုဒေ္ဓဂါထာတို့၊ စမ္မခဏ်ဂါထာတို့ကို စာရွက်ဖြင့်ရေး၍ရိုက်၍ ကပ်ထားကြတော့သည်။
တစ်လမ်းလုံးမှရှိသမျှလူများနှင့် ချာလီတို့မိသားစုမှာလည်း ခပ်တန်းတန်း၊ ခပ်စိမ်းစိမ်း၊ ခပ်စောင်စောင်ဖြစ်သွား ကြလေတော့သည်။
xxxxx
တစ်နေ့သ၌… ချာလီ့အဖေ ဦးမိုက်ကယ်သည် ကျွန်တော့်ကိုခေါ်၍ စကားပြောခဲ့သည်။
"ဆရာတို့လမ်းထဲကလူတွေက ဘယ်လိုလဲဗျ၊ တော်တော်ရူးကြောင်ကြောင်နိုင်တဲ့လူတွေပဲ"
"ဗျာ-"
"ကျွန်တော့်သားကို ဖုတ်ဝင်သလေးဘာလေးစွတ်စွဲနေကြတယ်၊ သူတို့မရှက်ဖူးလားဗျာ၊ ဒီကိစ္စဘယ်လိုဖြစ်လာ တယ်ဆိုတာ ဆရာကော သိသလား"
"အဲ… အင်း… ပြောနေကြတာပဲ"
ကျွန်တော်က သရဲပူးချိန်က ကျွန်တော်ရှိနေကြောင်းမပြောချင်၍ ရောချလိုက်ရသည်။
"အိမ်ရှေ့အိမ်က အိမ်ဖော်မလေးကို သရဲပူးသတဲ့ဗျာ၊ ပူးတဲ့သရဲက သူဟာ ကျွန်တော့်သားချာလီပါလို့ပြောသတဲ့၊ ကျွန်တော့်သားကိုယ်ထဲမှာတော့ ဖုတ်ဝင်နေတာပေါ့လေ၊ ဒီမယ်.. အဲဒီအိမ်ကလူတွေ ဘယ်လောက် ကပ်စီးနဲတယ်ဆိုတာ ဆရာသိသလား"
"ဗျာ-"
"သရဲပူးတယ်လို့ဖြစ်လာရတဲ့အကြောင်းရင်းကို ကျွန်တော်ပြောမလို့ပါ၊ တကယ်တော့.. အဲဒီအိမ်ကလူတွေက အိမ်ဖော်မလေးကို ထမင်းကောင်း ကောင်းမကျေွးဘူး၊ ၀အောင်တောင် မကျွေးဘူးဗျ"
"ဟင်…"
"ကျွန်တော်စုံစမ်းပြီးပြီ၊ သူတို့က ထမင်းကို အိမ်ဖော်မလေးအတွက် မကောင်းတဲ့ဆန်ကို တစ်အိုးသပ်သပ်ချက်ပြီး စားခိုင်းတယ်၊ သူတို့စားတဲ့ ဆန်နဲ့ ကောင်မလေးက မစားရရှာဘူး၊ ဟင်းကိုလည်း ၀အောင်မပေးဘူး၊ ပုံစံခွက်နဲ့ နည်းနည်းပဲထည့်ပေးတာဗျ"
"ဪ…"
"အဲဒီတော့ အိမ်ဖော်မလေးက ဟင်းကောင်းကောင်းစားချင်လို့ သူ့နည်းသူ့ဟန်နဲ့ကြံတာပေါ့ဗျာ၊ သရဲဝင်ပူး တယ်ဆိုပြီး အမဲသားဟင်းတောင်းစားတော့ သူလည်း အမဲသားအဝစားရရောမဟုတ်လား"
"ဗျာ- အဲဒီလိုလား"
"ဆရာစဉ်းစားကြည့်လေ၊ အိမ်ဖော်မလေးသရဲဝင်ပူးတဲ့နေ့မှ အမဲသားက အဆင်သင့်ချက်ပြီးသားရှိနေတာကို၊ အိမ်ဖော်မလေးက အိမ်မှာ အမဲသားချက်မှန်းသိလို့ စားရအောင် ဒီလိုကြံတာပေါ့ဗျ၊ ရှင်းနေတာပဲ"
"အင်း… ရှုပ်လိုက်တာနော်"
"အို… ရှုပ်တာမှ တော်တော်ရှုပ်ပါတယ်ဗျာ၊ ဘယ့်နှယ်.. တောကလာတဲ့ ဆယ့်လေးငါးနှစ်အရွယ် ကောင်မလေး လိမ်တာကို တစ်လမ်းလုံးက ဝိုင်းယုံနေကြတယ်လို့၊ သူတို့အစားရှက်လိုက်တာဗျာ"
"ဟုတ်တာပေါ့လေ"
"ကျွန်တော့်သားကို ဓားစာခံလုပ်တာကို ကျွန်တော်က မခံချင်ဘူး၊ အင်း… ချာလီ့အဖြစ်ကလည်း ဟိုကောင်မလေး လိမ်စားဖို့ အံဝင်နေတာကိုး"
"ဟုတ်ပါရဲ့ဗျာ၊ ဒါတော့မကောင်းပါဘူး"
"မြို့ကြီးပြကြီးမှာနေပြီးတော့ ဒီလိုရှေးဆန်ဆန်အခြေအမြစ်မရှိတဲ့ဟာတွေ ယုံနေတဲ့လူတွေ… ဘယ်လိုကြီးပွားနိုင် တော့မှာလဲဗျာ၊ ကျွန်တော်တော့ ရင်လေးပါရဲ့၊ ဒါမျိုးတွေများများရှိနေရင်…"
xxxxx
ဦးမိုက်ကယ်စွပ်စွဲတဲ့ အသုံးမကျသူတွေစာရင်းမှာ ကျွန်တော်ရော ပါနေပြီလား။
အိမ်ဖော်မလေးဟာ တကယ်ပဲ အမဲသားစားချင်လို့လိမ်တာလား။
ချာလီ့ကိုဖုတ်ဝင်နေတာ အမှန်ပဲလား။
ဘယ်လိုမှ ဖြေရှင်းလို့မဖြစ်နိုင်သောကိစ္စများဖြစ်ပါသည်။
လမ်းထဲကလူတွေ ယုံနေတဲ့အစွဲအလန်းကိုလည်း ခုအချိန်ကျမှ ချွတ်လို့မဖြစ်တော့။ လမ်းထဲကလူတွေကတော့ ချာလီ့ကို စေ့စေ့မကြည့်ရဲအောင်ပင်ကြောက်နေကြသည်။ ချာလီ့ကိုယ်ထဲက ဖုတ်ထွက်သွားလျှင် ဖြစ်လာမည့်အဖြစ်ကို တွေးတောရင်း ရင်သိမ့်တုန်နေကြသည်။
ယခုအထိတော့.. ဘာမှဆက်ဖြစ်မလာသေး။
ချာလီကလည်း ညနေတိုင်း အိမ်ရှေ့သို့ ဘီးတပ်ကုလားထိုင်လေး စီး၍ရောက်လာမြဲ။ တွေ့သမျှလူတွေကို မျက်လုံးစိမ်းစိမ်းကြီးဖြင့်ကြည့်နေမြဲ။ အစားအသောက်တွေကိုလည်း အဝအပြဲစားဆဲ။
အရပ်ထဲကလူတွေကလည်း ချာလီ့ကိုကွင်းရှောင်မြဲ။ ချာလီသရဲရှိတယ်ဆိုတဲ့ ထနောင်းပင်ကြီးကိုလည်း ရှောင်ရှား ကြမြဲ။
အခုဆိုလျှင် ချာလီမသန်မစွမ်းဖြစ်သွားသည်မှာ တစ်နှစ်ပင်ကျော်သွားပါပြီ။
ဘာမှတော့ ဆက်ဖြစ်မလာသေးပါ။
xxxxx
ဆောင်းလုလင်
Keep Reading