Author's Profile Photo

Thway

13/06/2024

ခြေလေးချောင်းတော်လှန်ရေး

2 mins read
Book Review
ခြေလေးချောင်းတော်လှန်ရေး's photo


နဂါး(စာပေ)ကိုသွားရင်း တွေ့လာခဲ့တဲ့ စာအုပ်လေးတစ်အုပ်။ ခေါင်းစဉ်လေးက "ခြေလေးချောင်းတော်လှန်ရေး"တဲ့။ အံမယ်...ဟုတ်လှချေလားဆိုပြီး ယူကြည့်လိုက်တော့ ကာဗာက စစ်ဦးထုပ်ဆောင်းထားတဲ့ ယူနီဖောင်းဝတ် ဝက်လေးနဲ့ တိရစ္ဆာန်ပုံတွေ။ အမှာစာတွေဖတ်ကြည့်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာမို့ စိတ်ဝင်စားလာတာနဲ့ ဝယ်လာခဲ့တယ်။ 6,500 ကျပ်တဲ့။

ပြန်ရောက်‌လို့ ဖတ်ကြည့်တော့ အစပိုင်းမှာ ပေါ့များနေမလားထင်ခဲ့တယ်။ နည်းနည်းရူးကြောင်ကြောင် တိရစ္ဆာန်ဝါဒီဇာတ်ကွက်လားပေါ့။ ကိုယ့်ရဲ့ ကလေးကလားအတွေးသက်သက်ပါ။ ဒီစာအုပ်လေးကို စာရေးဆရာ George Orwell ကရေးပြီး သခင်ဘသောင်းက ဘာသာပြန်ထားပါတယ်။

အဓိကကတော့ သူတို့လယ်ပိုင်ရှင်ကို သူတို့မကြိုက်လို့ တိရစ္ဆာန်တွေက စုပေါင်းအားနဲ့တော်လှန်ကြတယ်။ နောက်ပြီး နိုင်သွားတယ်။ ကြိမ်တံတွေ၊ နဖားကြိုးတွေမရှိတော့ဘူး။ လွတ်လပ်ပြီ။ ဆိုတော့ သူတို့ကွင်းရဲ့ အာဏာက သူတို့လက်ထဲမှာရှိတယ်။ သူတို့ကွင်းက သူတို့ကိုယ်ပိုင်ဖြစ်သွားပြီ။ ဒါပေမယ့် ပြဿနာက အဲ့မှာစတယ်။ အစကတည်းက တိရစ္ဆာန်အမျိုးမျိုး အဖုံဖုံနဲ့ ဖွဲ့ထားခဲ့ရတဲ့ ကွင်းမှာရှိတဲ့ တိရစ္ဆာန်အားလုံးရဲ့ စိတ်ဓာတ်ကလည်း မတူကြဘူးပေါ့။ ဖျင်းတယ် တော်တယ်၊ စဉ်းစားတတ်တယ် မစဉ်းစားတတ်ဘူး၊ ခံယူချက်ရှိတယ် မရှိဘူး အစုံပေါ့။

အဲ့ကွင်းထဲမှာ အာဏာဆိုတာကို အရင်က မရဖူးပေမယ့်၊ လူသခင်ရဲ့ ထိန်းချုပ်မှုတွေအောက်မှာရှိခဲ့ပေမယ့် အာဏာကို တကယ်ရလိုက်တဲ့အချိန်မှာ ရလေ လိုလေ အိုတစ္ဆေဖြစ်ပြီး ကိုယ်တော်လှန်ခဲ့တဲ့ ခံယူချက်တွေကိုမေ့၊ ကိုယ်တော်လှန်ခဲ့တဲ့လူတွေရဲ့ ပုံစံအတိုင်း ချိုးမှန်းမသိ ချိုးနေမိတယ်။ အပြစ်မဲ့သေရတာတွေရှိတယ်၊ ထုတ်ဖော်ပြောကြားခွင့်မရတာတွေ၊ အမှန်တရားကိုသိပေမယ့် ရှောင်နေရရင်းပဲ ဇာတ်မြုပ်သွားရတာတွေ၊ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် စဉ်းစားဉာဏ်နည်းခဲ့တော့ အချည်းနှီးဖြစ်သွားရတာတွေ...။ တိရစ္ဆာန်‌တွေရဲ့ ဘဝမျိုးစုံပါတယ်။

ဆောင်ပုဒ်တွေပြောင်း၊ အခွင့်အရေး ပိုယူ၊ အာဏာကိုအလွဲသုံးစားလုပ်၊ လူသခင်တွေအတိုင်းပြုမူ၊ ခြိမ်းခြောက်...။ ဒီမိုကရေစီကနေ အာဏာရှင်အသွင် ကူးလာတယ်။ နောက်ဆုံးတော့လည်း လူသားသခင်ဖြစ်ဖြစ် ကိုယ်တိုင်သခင်ဖြစ်ဖြစ် ဒုံရင်းကဒုံရင်းပဲမို့ သူတို့ဘဝတွေ၊ ကြိုးစားခဲ့ ပေးဆပ်ခဲ့ရတာတွေ သနားဖို့ လွမ်းမောဖို့ ကောင်းလိုက်တာ။ ကိုယ်မကြိုက်လို့ တော်လှန်ခဲ့ပြီပဲကို ကိုယ်ကပါ အဲ့လိုတွေလုပ်နေရင် ကိုယ်ကလည်း သူတို့နဲ့အတူတူပဲမို့ နောက်ဆုံးတော့ ဒီလိုတိုင်းပဲဖြစ်နေရလိမ့်မယ် ဆိုတဲ့အကြောင်းပါ။

စာအုပ်ကိုဖတ်ပြီး ကျွန်မအမြင်ကတော့လေ တပ်မတော် မွေးဖွားလာရတဲ့ ရည်ရွယ်ချက်က နယ်ချဲ့တွေကို တိုက်ထုတ်မယ်၊ အမိမြေကို ကာကွယ်မယ်၊ ကိုယ့်မြေကိုယ်ကာကွယ်ဖို့ဆိုပြီး စဖွဲ့တယ်။ ဖက်ဆစ်တွေပြေးကြပြီ လွတ်လပ်ရေးရပြီ။ အာဏာက ကိုယ့်လက်ထဲမှာပဲ။ ဒါပေမယ့် မဆိုင်ရာ ဝင်ပါတယ်၊ အတ္တ၊ လောဘတွေရှေ့တန်းတင်၊ အာဏာကို ပိုပိုလိုချင်ပြီး ဖိနှိပ်တယ်၊ အခွင့်ကောင်းယူတယ်၊ ဂျပန်တွေ နယ်ချဲ့တွေအတိုင်းပဲ ပြုမူတယ်။ တပ်မတော်ဖြစ်လာရတဲ့အကြောင်းတွေ ရည်ရွယ်ချက်တွေကို မေ့ကြတယ်၊ ခံယူချက်တွေပျောက်ကြတယ်။ သေနတ်ပြောင်း ဦးတည်ရာစောင်းပြီး ကိုယ့်ပြည်သူအချင်းချင်း ပြန်ချိန်တယ်။ အဲ့ကြောင့် အခုဆို တပ်မတော်ကလည်း အရင်ကနယ်ချဲ့တွေနဲ့ ထူးမခြားနားပဲ။

တလရနိုင်ပြီဆိုလည်း သူတို့တွေ ငါတို့တွေသာ ငါတို့ဘာရည်ရွယ်ချက်နဲ့ အာဏာရှင်ကို တော်လှန်ခဲ့တာလဲဆိုတဲ့ ခံယူချက်တွေကိုမေ့ပြီး သူတို့လိုပဲ ပြုမူခဲ့ရင် *one day* *one day* နဲ့ တေးထားခဲ့ရသမျှတွေ၊ မျှော်လင့်ချက်တွေ၊ ပေးဆပ်ခဲ့ရတာတွေ အားလုံးက မြောင်းထဲကို အလကားရောက်ကုန်ရလိမ့်မယ်။ အဲ့လိုသာဖြစ်ခဲ့ရင်... ဆိုပြီး ရင်ထဲကို တနုံ့နုံ့ကျန်ခဲ့ပြီး မှန်းထားတာနဲ့ perfect အထိကိုက်ဖို့ အများကြီးလိုသေးမှန်း ပိုပြီးသိလိုက်ရတယ်။ အဲ့လိုမဖြစ်အောင် ကြိုးစားဖို့ ငါတို့အားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့အသိကိုလည်း ဆင်ခြင်နိုင်ခဲ့တယ်။

ဟုတ်ကဲ့။ my honest review ပါ။ ကျွန်မအမြင်ကို ဆွေးနွေးရုံပါ။ မည်သည့်အဖွဲ့အစည်းမျှ ထိခိုက်စေလိုခြင်းမရှိသလို သူ့လူကိုယ့်ဘက် ခွဲခြားတိုက်ခိုက်ခြင်းမဟုတ်ပါ။ စာအုပ်တွေဖတ်ပြီး ရူးကြောင်ကြောင်နဲ့ တွေးတတ်သူဖြစ်ပြီး ပေးချင်တဲ့ သကာအနှစ်ကို အပြည့်အဝယူနိုင်ဖို့ ကြိုးစားဆဲမို့ စိတ်ဝင်စားရင် ဖတ်ကြည့်ဖို့နဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ပါကြောင်းပြောကြားရင်းပဲ နှုတ်ဆက်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

သွေး
13. 6.2024
Thursday at 10:33 p.m.

Keep Reading

တန်ဆေးလွန်ဘေးသည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ