ရွှေငါး
တစ်ခါတုန်းက ဘဲမေမေကြီးဟာ ဥကလေးငါးလုံးကို ဥနိုင်ခဲ့တယ်။
“ချစ်ဖို့ကောင်းလိုက်တဲ့ ငါ့ဥကလေးတွေကွယ်... ချစ်လိုက်တာ.. အကုန် ကောင်းကောင်းမွန်မွန် အကောင်ပေါက်လာပါစေ” လို့ ဘဲမေမေကြီးက နေ့တိုင်းဆုတောင်းနေပါတယ်။
ဒီနေ့တော့ ဘဲမေမေကြီးရဲ့ ဥကလေးတွေဆီကနေ အသံလေးတွေကြားရပြီ။
“ခရက် ခရက် ခတ် ခတ်”
“ခရက် ခရက် ခတ် ခတ်”
ဘဲမေမေကြီးရဲ့ ဥကလေး ငါးဥစလုံး အကောင်လေးတွေ ပေါက်လာပါပြီ။ ဘဲမေမေကြီးက အံ့သြသွားတယ်။
“ဟင်”
ဘဲမေမေကြီး ဘာလို့အံ့သြသွားလဲသိလား။ ပေါက်လာတဲ့ ဘဲလေးတွေထဲမှာ လေးကောင်က ပုံမှန်ဘဲလေးတွေလို ဝါဝါထိန်ထိန်အရောင်လေး အမွှေးပွပွလေးတွေနဲ့ လှလှလေးတွေ။ ဒါပေမယ့် တစ်ကောင်ကတော့ ပုံမှန်ဘဲကလေးလေးကောင်နဲ့ မတူဘဲ ခဲရောင်ညစ်ညစ် အမွှေးစုတ်ဖွားဖွားနဲ့ ရုပ်ဆိုးဆိုးလေးဖြစ်နေပါရောလား။ အကောင်ကလည်း သာမန်ဘဲတွေထက်ကြီးပြီး အချိုးအစားကလည်း မကျ။ ပေတိပေစုတ်ပုံစံလေးနဲ့ပေါ့။ ဒါ့ကြောင့် အတူတူမွေးလာတဲ့ ဘဲဝါလေးလေးကောင်ဟာ သူ့ကို လှောင်ရယ်ကြတယ်။
“ဟားဟား ရုပ်ကလည်း ဆိုးလိုက်တာ ဘဲရုပ်ဆိုးဟေ့ ဘဲရုပ်ဆိုး”
ပြီးတော့ ရှောင်ဖယ်ကြတယ်။
“ငါတို့က ရုပ်ဆိုးတဲ့သူတွေနဲ့ မပေါင်းဘူး သွားသွား ဝေးဝေးသွား”
ဒါ့ကြောင့် ဘဲမေမေကြီးနဲ့ ဘဲသားလေးတွေရေကူးကြပြီဆိုရင် ဘဲရုပ်ဆိုးလေးက ခပ်လှမ်းလှမ်းကပဲ လိုက်ရရှာတယ်။ ဘဲရုပ်ဆိုးလေးဟာ ရေအိုင်ထဲမှာမြင်နေရတဲ့ သူရဲ့ပုံရိပ်ကိုကြည့်ပြီး အမြဲအားငယ် ဝမ်းနည်းနေရတယ်။
“ငါက တကယ်ရုပ်ဆိုးနေတာလား... အင်း သူတို့လောက် မလှတာတော့ အမှန်ပဲ..စိတ်ညစ်လိုက်တာနော်”
?????
ဘဲရုပ်ဆိုးလေးဟာ ရုပ်ဆိုးလို့ ညီအကိုဘဲလေးတွေ တခြားဘဲတွေဆီကနေ နေ့တိုင်း ရှောင်ဖယ်ခံနေရလာတဲ့အခါ သိမ်ငယ်လာပြီး သူ့ဘာသူ တစ်ကောင်တည်းလေလွင့်စွာနဲ့ ဘဲမိသားစုရှိရာကနေ ထွက်လာခဲ့ပါတယ်။ သူဟာ ရေအိုင်ကြီးရဲ့ သူမရောက်ဖူးတဲ့နေရာတွေကို သွားရင်း ဘဲငန်းတွေနေတဲ့ နေရာဆီ ရောက်သွားတယ်။ ဘဲငန်းတွေက သူ့ကို မကြိုဆိုကြပါဘူး။
“ငါတို့က ရုပ်ဆိုးတဲ့သူတွေနဲ့ မပေါင်းဘူး သွားသွား ဝေးဝေးသွား”လို့ ဘဲငန်းကြီးတစ်ကောင်က အော်လိုက်တယ်။ ဘဲငန်းတွေဟာ ဘဲရုပ်ဆိုးလေးကို နှုတ်သီးတွေနဲ့ထိုးပြီး မောင်းထုတ်လိုက်ကြပါတယ်။ ဘဲရုပ်ဆိုးလေးဟာ ဒဏ်ရာတွေနဲ့ ဝေးရာကို ရေကူးပြီး ပြေးခဲ့ရပြန်ပါတယ်။
?????
နောက်တစ်နေရာမှာ လှပတဲ့ဗျိုင်းတွေနဲ့ ဆုံတယ်။ ဗျိုင်းတွေကလည်း ဘဲရုပ်ဆိုးလေးကို မြင်တာနဲ့
“ငါတို့က ရုပ်ဆိုးတဲ့သူတွေနဲ့ မပေါင်းဘူး သွားသွား ဝေးဝေးသွား” ဆိုပြီး ဘဲရုပ်ဆိုးလေးကို ဝိုင်းဆိတ်ကြပြန်ပါရော။ ဘဲရုပ်ဆိုးလေးဟာ
“အဟင့် ဟင့် ငါ့ဘဝကြီးက ဆိုးလိုက်တာ ဘယ်သူမှ ငါ့ကို မပေါင်းချင်ကြဘူး... ငါရုပ်ဆိုးလို့တဲ့... အဟင့်” လို့ မျက်ရည်လေးဝဲပြီး ထွက်ပြေးခဲ့ရပြန်ပါတယ်။
?????
ဒီလိုနဲ့ နောက်တစ်နေရာကို ရောက်လာပြန်ပါရော။ သူပါးစပ်အဟောင်းသားဖြစ်သွားအောင် အံ့သြသွားတယ်။ အို အင်မတန်လှပကျော့ရှင်းတဲ့ငန်းတွေပါလား။ အမွေးအတောင်တွေကလည်း ဖြူဖွေးပြီး ကြည့်မဝအောင် လှလိုက်တာ။ ဒါနဲ့ ဘဲရုပ်ဆိုးလေးလည်း တွေးလိုက်တယ်။
“ငါ့ညီအကို ဘဲလေးတွေ ဘဲငန်းတွေ ဗျိုင်းတွေကတောင် ငါ့ကို ရုပ်ဆိုးလို့ဆိုပြီး မောင်းထုတ်ကြတာ ဒီအင်မတန်လှတဲ့ ငန်းကြီးတွေကတော့ ငါ့ကို သေချာပေါက် နှင်လွှတ်မှာပဲ”
ဘဲရုပ်ဆိုးလေးဟာ ငန်းတွေဆိတ်ကြမှာစိုးလို့ မျက်လုံးလေးစုံမှိတ်ပြီး သူ့ရဲ့တောင်ပံလေးနဲ့ မျက်နှာကို အုပ်ထားလိုက်တယ်။ ခဏကြာတဲ့အထိ ငန်းကြီးတွေ ရေကူးနေကြတဲ့အသံကလွဲရင် ဘာမှမကြားရဘူး။ သူလည်း မရဲတရဲ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူထင်ထားသလို မဟုတ်ဘဲ ငန်းလှလှကြီးတွေက သူ့ကို နှင်လည်းမထုတ် ဆိတ်လည်းမဆိတ်ဘဲ သူ့ဘာသာသူ နေထိုင်သွားလာနေကြတယ်တဲ့။ ဒါနဲ့ သူလည်း ဝမ်းသာသွားပြီး ငန်းကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှာ တစ်ကောင်တည်း သွားနေရှာတယ်။
?????
လပေါင်းများစွာတောင် ကြာသွားပြီ။ တစ်နေ့ ဘဲရုပ်ဆိုးလေးကို ငန်းကြီးတစ်ကောင်က စကားလာပြောတယ်။
“မင်းကိုကြည့်နေတာကြာပြီ မင်းက ဘာလို့ ဒီလောက်ရှက်နေတာလဲ”
“ဗျာ... ဟုတ် ဟုတ်”
“မင်းက မျက်နှာကိုကွယ်ထားပြီး အမြဲနေနေလို့လေ”
“ဟုတ်... ကျွန်တော်.. ကျွန်တော်က တအားရုပ်...ရုပ်ဆိုးလို့ပါ” လို့ မျက်နှာလေးကို တောင်ပံလေးနဲ့ကွယ်ပြီး မရဲတရဲဖြေလိုက်တယ်။
“ဟားဟား ဟားဟား” လို့ ငန်းကြီးက ရယ်လိုက်တာပေါ့။
ဘဲရုပ်ဆိုးလေးက နားမလည်သလို မော့ကြည့်လိုက်တယ်။
“မင်းဘာမင်း ရေထဲလည်း ပြန်ကြည့်ပါဦးကွ” လို့ ပြောလိုက်တယ်။ ဘဲရုပ်ဆိုးလေးဟာ နားမလည်စွာနဲ့ ရေမျက်နှာပြင်ကို ငုံ့ကြည့်လိုက်မိတယ်။
အလို ရေထဲမှာ အင်မတန် ချောမောလှပတဲ့ ငန်းပျိုလေးတစ်ကောင်ပါလား။
“ဟင် ...ဒါ ဒါ ကျွန်တော်.. ကျွန်တော်လားဟင်” လို့ မေးလိုက်မိတယ်။ အသံတောင် အတော်ကျယ်သွားသေး။
ဘဲရုပ်ဆိုးလေးဟာ ဘဲရုပ်ဆိုးလေးမဟုတ်တော့ပါဘူး။ တခြားငန်းတွေလို ဖြူဖွေးတဲ့ အမွေးအတောင် ကျော့ရှင်းတဲ့ခန္ဓာကိုယ်နဲ့ ငန်းပျိုတစ်ကောင်ဖြစ်နေပါပြီ။
“မင်းက ဘဲမဟုတ်ဘူး ငန်းကွ ငန်း ဟားဟား ဟားဟား” လို့ ငန်းတွေက သူ့ကို ရယ်ရယ်မောမောနဲ့ အားပေးကြိုဆိုကြပါတယ်။
ဘဲရုပ်ဆိုးလေး တစ်ဖြစ်လည်း ငန်းလှလှလေးဟာ အဲ့နေ့ကစပြီး တခြားဘယ်တိရိစ္ဆာန်ကိုမဆို ရုပ်ဆိုးတာ ချောမောလှပတာကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ ခင်မင်ချစ်ကြည်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် အတူနေထိုင်သွားပါတော့တယ်။
?????
The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d
Avo Story Magazine (Youtube)
https://youtube.com/@theavocadostoryrecipe?si=HiHvC7uoOTytv2Sa
#ဘာသာပြန် #story #theavocadostoryrecipe #ရွှေငါး #ရိုးရာပုံပြင် #StorymagazineMyanmar #folktale #ပုံပြင် #kidstory #children #kids #TheAvocadoStoryRecipe #ကလေးပုံပြင်
Keep Reading