ဆောင်းလုလင်
ဆောင်းလုလင်
သရုပ်ဆောင်
မြို့ကလေးမှာ ကိုယ်ပိုင်ကားက ခပ်ရှားရှားပါ။ မြို့ကလေးကို အစိုးရပိုင်းက ဧည့်သည်ဆောင်သည် လာပြီဆိုရင် ကိုယ်ပိုင်ကားတွေ ချောဆွဲခံရနေကျ။ ကိုယ်ပိုင်ကားပိုင် ရှင်တွေကတော့ ညည်းညူကြတာပေါ့။ ဒါပေမဲ့ ရှောင်လွှဲလို့လည်း မရတော့ မြို့နယ်အာဏာပိုင်တွေက အလှည့်ကျချောဆွဲတာကို လက်ခံပြီး လိုက်မောင်းပေးရတာပါပဲ။
ဒီနေ့တော့ ကျွန်တော့်ကား ချောဆွဲခံရပါတယ်။ အစတော့ ထုံးစံအတိုင်း ၀န်ကြီးတို့၊ ဌာနဆိုင်ရာအရာရှိကြီးတို့ လာမှာမို့လို့ ထင်မိသေးတယ်။ ဒါပေမဲ့ မဟုတ်ဘူးဗျ။ ဒီတစ်ခါလာတာက စာရေးဆရာမ နှစ်ယောက်တဲ့။ စာပေဟောပြောပွဲအတွက် လာတာတဲ့။ မြို့ပေါ်မှာ အထကကျောင်း နှစ်ကျောင်းရှိရာမှာ နှစ်ကျောင်းစလုံးက ကျောင်းသူ၊ ကျောင်းသားလေးတွေကို စာပေဟောပြောပေးမှာတဲ့။
ကျွန်တော်၀မ်းသာသွားပါတယ်။ ကျွန်တော်က စာပေဝါသနာပါသူ။ အသက်ကြီးမှ စီးပွားရှာရတာနဲ့ စာမဖတ်ဖြစ်ပေမဲ့ ငယ်ငယ်ကတော့ စာပေနဲ့မွေ့လျော်ခဲ့သူပါ။ စာရေးဆရာမနှစ်ယောက် စာပေလာဟောမယ်ဆိုတော့ ဆရာမတွေနဲ့ တွေ့ရမှာမို့လည်း ၀မ်းသာတယ်။ ကျွန်တော့်သမီးလေးအတွက်လည်း ၀မ်းသာမိတယ်။
ဒီလိုပါ။ ကျွန်တော့်သမီးလေးက အထက (၂) မှာ ဆယ်တန်းတက်နေတာလေ။ တစ်ဦးတည်းသောသမီးလေးဆိုတော့ ကျွန်တော်က လိမ္မာရေးခြား ရှိစေချင်တယ်။ ဆရာမနှစ်ယောက်ရဲ့ ဟောပြောမှုကို နားထောင်ရရင် ဘာပဲဖြစ်ဖြစ် ကျွန်တော့် သမီးလေး အသိအလိမ္မာတိုးမယ်လို့ ယုံကြည်မိတယ်။ ဒါကြောင့် သမီးလေးအတွက်ပါ ၀မ်းသာမိတာပါ။
+ + + + +
ကျောင်းနှစ်ကျောင်းမှာ စာပေရေးရာတွေဟောပြောမယ့် စာရေးဆရာမနှစ်ယောက်က လင်းလက်လက်လွင်နဲ့ တက္ကသိုလ် ယဉ်မျိုးစုတို့ပါ။ ဒီစာရေးဆရာမ နှစ်ယောက်လုံးကို ကျွန်တော်သိပါတယ်။ လင်းလက်လက်လွင်ဆိုတာက လူငယ်ကြိုက် လက်ရှိ အရောင်းရအတွင်ကျယ်ဆုံး စာရေး ဆရာမလေးပါ။ သူ့၀တ္ထုတွေ ရုပ်ရှင်၊ ဗီဒီယိုတွေ ခဏခဏရိုက်ရတဲ့ ဘက်ဆဲလား စာရေးဆရာမလေးပေါ့။
ကျွန်တော်ပိုပြီး စိတ်၀င်စားမိတာက စာရေးဆရာမကြီး တက္ကသိုလ် ယဉ်မျိုးစုပါဗျာ။ ဆရာမကြီး စာရေးတာကြာပြီဆို တော့ ဆရာမကြီးရဲ့ စာတွေကို ကျွန်တော် ငယ်ငယ်ကတည်းက ဖတ်ဖူးပါတယ်။ ဆရာမကြီးဟာ အမျိုးသမီးတွေကို ပညာပေးတဲ့ ၀တ္ထုဇာတ်လမ်းတွေ ရေးနေကျ ဆရာမကြီးပါ။
လူငယ်တွေကတော့ လင်းလက်လက်လွင်ကို ပိုစိတ်၀င်စားကြမှာ အမှန်ပါ။ ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက နှစ်သက်ခဲ့တဲ့ ဆရာမကြီး တက္ကသိုလ် ယဉ်မျိုးစုကိုပဲ စိတ်၀င်စားပါတယ်။ ဆရာမကြီးရဲ့ အဟောအပြောတွေဟာလည်း သူရေးတဲ့၀တ္ထုတွေလို ပညာပေးကဲတဲ့ မှတ်သားစရာ အပြည့်နဲ့ ခွန်အားရှိတဲ့ အဟောအပြောတွေဖြစ်မှာ သေချာ ပါတယ်။
+ + + + +
ဆရာမနှစ်ယောက် မနေ့ကရောက်လာပြီး တည်းခိုခန်းမှာ တည်းနေကြပါတယ်။ မနေ့ကတော့ တခြားကားပိုင်ရှင်တစ်ယောက်ရဲ့ကားကို ချောဆွဲထားတာပါ။ ဒီနေ့မှ ကျွန်တော့်ကားအလှည့်ဖြစ်ပြီး ဆရာမနှစ်ယောက်ကို ဟောပြောမယ့် ကျောင်းနှစ်ကျောင်းလိုက်ပို့၊ နှစ်ကျောင်းလုံး ဟောပြောပြီးရင် တည်းခိုခန်းပြန်၊ ပစ္စည်းတွေယူပြီး ဘူတာရုံကို လိုက်ပို့ရမှာပါ။ ကားကို ကျွန်တော့်ရဲ့တပည့် မောင်စိုးကို မောင်းခိုင်းလို့ရပေမဲ့ ဆရာမတွေရဲ့ဟော ပြောချက်တွေကို နားထောင်ချင်လို့ ကျွန်တော် ကိုယ်တိုင် မောင်းခဲ့တာပါ။
တည်းခိုခန်းရောက်တော့ ဆရာမနှစ်ယောက်က အဆင်သင့် စောင့်နေပါတယ်။ လင်းလက်လက်လွင်က အသက်လည်းငယ်၊ လူငယ်ကြိုက် စာရေး ဆရာမလေးလည်းဖြစ်တာမို့ ၀တ်စားဆင်ယင်ထားပုံလေးက မြန်မာဆန်ပေမဲ့ ခေတ်ဆန်တဲ့ အသွင်အပြင်လေး ရောနှောလို့ပါ။ အသက် ၃၀ ကျော်လောက် ခပ်ချောချော ဆရာမလေးတစ်ယောက်ပါပဲ။ ဆရာမကြီး တက္ကသိုလ် ယဉ်မျိုးစုကတော့ မန်းမြို့သူလို့ မပြောရဘူး။ နုနုနွဲ့နွဲ့ ရိုးရိုးယဉ်ယဉ်နဲ့ အချိတ် ထဘီပန်းနုရောင်မှာ အနီရောင်ပဝါစလေး နှစ်ဖက်ချလို့။ အသက်ကြီးပေမဲ့ လင်းလက်လက်လွင်ထက် ခံ့ညားမှု ပိုပါတယ်။ ကျွန်တော့် ကားရှိရာကို လျှောက်လာပုံကိုက ယဉ်စစ လေး။
+ + + + +
အထက (၁) ကို အရင်လိုက်ပို့ရပါတယ်။ ကျွန်တော်လည်း ကားကို သစ်ပင်ရိပ်မှာရပ်ပြီး ဟောပြောတဲ့ခန်းမဘေးမှာ အသာရပ်လို့ ဆရာမနှစ်ယောက်ရဲ့ဟောပြောမှုကို ကျောင်းသားများနဲ့အတူ နားထောင်မိပါတယ်။
လင်းလက်လက်လွင်က အရင်ဟောပါတယ်။ မဆိုးပါဘူး။ အဟောအပြောကောင်းပါတယ်။ ရယ်စရာလေးတွေလည်းပါရဲ့။ လင်းလက်လက်လွင်က သူ့၀တ္ထုကို ရုပ်ရှင်ရိုက်ထားတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ရိုက်ကွင်းကို သူလိုက်ပါသွားတုန်းက ကြုံရတဲ့အကြောင်းအရာတွေကို ဟောတာပါ။
နာမည်ကြီး မင်းသား၊ မင်းသမီးတွေရဲ့ ပိတ်ကားနောက်ကွယ်ကအကြောင်းတွေဆိုတော့ ကျောင်းသားပရိသတ်နဲ့က ကွက်တိပေါ့။ ကျွန်တော်ကတော့ ဒါမျိုးထက် အနှစ်သာရရှိတဲ့ ပညာပေးဟောပြောချက်မျိုးကိုသာ နားထောင်ချင်ပါတယ်။
လင်းလက်လက်လွင်ပြီးတော့ ဆရာမကြီး တက္ကသိုလ်ယဉ်မျိုးစု ဟောပါတယ်။ ကောင်းလိုက်တာဗျာ။ တကယ့် အနှစ်သာရ အပြည့်ပါပဲ။
ဆရာမကြီးဟောပြောချက်ထဲမှာ ဘုရားဟောဇာတ်တော်လည်း ပါတယ်။ မှတ်သားစရာ ပုံပြင်တွေလည်း ပါတယ်။ ဗုဒ္ဓရဲ့ ဘာသာရေးအဆိုအမိန့်တွေလည်း ပါတယ်။ ဟောပြောချိန် တစ်နာရီကို နားထောင်သူ လူငယ်လေးတွေ မငြီးငွေ့အောင် အဟောအပြောကလည်း ကောင်းပါပေ့။
ဆရာမကြီးရဲ့ ဟောပြောချက်ထဲမှာ အထူးသဖြင့် မိန်းကလေးတွေလိုက်နာရမယ့် အချက်တွေကို ဟောပြောတာ ကျွန်တော် အကြိုက်ဆုံးပါပဲ။
မိန်းမသားတွေဟာ ကိုယ် ကျင့်သီလ ရှိရမယ်တဲ့။ အမျိုးဂုဏ်ကို စောင့်ထိန်းရမယ်တဲ့။ သီလမြဲရမယ်တဲ့။ ယဉ်ကျေးသိမ်မွေ့ရမယ်တဲ့။ ရိုးသားရမယ်တဲ့။ အကျင့် စာရိတ္တကောင်းရမယ်တဲ့။ ရှေးအစဉ်အလာထဲက မိန်းမမြတ်တွေကို နမူနာပြပြီး ဟောပြောသွားလိုက်တာများ နားထောင်သူ ကျောင်းသား၊ ကျောင်းသူတွေ အားရလွန်းလို့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ပါ။ လင်းလက် လက်လွင်ဟောခဲ့တာ ကောင်းပေမဲ့ အနှစ်သာရပိုင်းမှာတော့ ဆရာမကြီးယဉ်မျိုးစုကို မမီဘူးလို့ ကျွန်တော့်စိတ်မှာ ခံစားရပါတယ်။
+ + + + +
အထက (၁) မှာ ဟောပြီးတော့ အထက (၂) ကို လိုက်ပို့ရပါတယ်။ ကျွန်တော့်စိတ်တွေ အားရရွှင်လန်းနေတယ်။ အထက (၂) မှာ ဆယ်တန်းတက်နေတဲ့ ကျွန်တော့်သမီးလေးလည်း ဆရာမတွေရဲ့ အဖိုးတန်တဲ့ ဟောပြောချက်တွေကို နားထောင်ရတော့မယ်။ အိမ်ပြန်ရောက်ရင်လည်း သားအဖနှစ်ယောက် ဟောပြောပွဲအကြောင်း ပြန်ဆွေးနွေးပြီး သမီးလေး ဘယ်လောက်မှတ်မိတယ်ဆိုတာ စစ်ဆေးဦးမှ။
ဆရာမနှစ်ယောက်က အထက (၂)မှာလည်း အထက (၁) မှာ ဟောခဲ့တဲ့ ခေါင်း စဉ်နဲ့ အကြောင်းအရာများအတိုင်း ဟောပြောသွားပါတယ်။
ဟောပြောပွဲပြီးတော့ ကျွန်တော့်ရင်မှာ ပီတိဖြစ်လိုက်တာ။ ဆရာမနှစ်ယောက်ကို ကျောင်းသား၊ ကျောင်းသူ ပရိသတ်များရှေ့မှာ ထိုင်ခိုင်းပါတယ်။ ကျောင်းသား၊ ကျောင်းသူ များကို ဆရာမနှစ်ယောက်ကို ကန်တော့ စေပါတယ်။ ကျွန်တော်ပီတိဖြစ်တာကတော့ ဆရာမနှစ်ယောက်ကို လက်ဆောင်ပေးတဲ့ အစီအစဉ်ပါပဲ။
ကျွန်တော်မျှော်လင့်မထားဘူး။ ကျွန်တော့်သမီးလေးနဲ့ တခြားဆယ်တန်းကျောင်းသူလေးတို့နှစ်ယောက် ကန်တော့ဖို့ အိတ်ကလေးနှစ်အိတ်ကို လင်ပန်းပေါ်တင်ပြီး ဆရာမနှစ်ယောက်ရှေ့ကို ကျုံ့ကျုံ့လေးသွား ထိုင်လိုက်ပါတယ်။ ကန်တော့တဲ့အိတ်ကလေး တွေက ကျွန်တော်တို့မြို့က နာမည်ကြီးစတိုး ဆိုင်တံဆိပ်ပါတဲ့ အိတ်ကလေးတွေပါ။
ကျွန်တော့်သမီးလေးက ဆရာမကြီး တက္ကသိုလ် ယဉ်မျိုးစုရှေ့မှာ ထိုင်လိုက်ပါတယ်။ ကျွန်တော်လေးစားတဲ့ ဆရာမကြီးရှေ့ကို ရောက်နေတဲ့ ကျွန်တော့်သမီးလေးကိုကြည့်ပြီး ကျွန်တော်ပီတိဖြစ်လိုက်တာလေ။
ကျောင်းသူလေးနှစ်ယောက်က သူတို့ လက်ထဲက လင်ပန်းထဲက အိတ်ကလေးတွေ ကို ဆရာမနှစ်ယောက်ဆီ ကမ်းပေးလိုက်ပါတယ်။
+ + + + +
ကျောင်းနှစ်ကျောင်းလုံးမှာ ဟောပြောပွဲ ပြီးပါပြီ။ ဆရာမတို့တည်းတဲ့ တည်းခိုခန်းကိုပြန်၊ ပစ္စည်းတွေကားပေါ်တင်ပြီး ဘူတာရုံကိုလိုက် ပို့ပြီးရင် ကျွန်တော့်တာ၀န်ပြီးပါပြီ။
ဆရာမကြီး ယဉ်မျိုးစုက ကားရှေ့ခန်းမှာ ထိုင်။ ဆရာမလင်းလက်လက်လွင်က ကားနောက်ခန်းမှာထိုင်ပြီး တည်းခိုခန်းကို ပြန်ခဲ့တယ်။
တည်းခိုခန်းကိုရောက်တော့ ကျောင်းနှစ်ကျောင်းက ပေးလိုက်တဲ့ လက်ဆောင်ထုပ်ကလေးတွေကို ကားပေါ်မှာထားခဲ့ပြီး ဆရာမနှစ်ယောက် တည်းခိုခန်းထဲ ၀င်သွားပါတယ်။
ဆရာမကြီး ယဉ်မျိုးစုက အထုပ်ဆွဲပြီး အရင်ထွက်လာပါတယ်။ ကျွန်တော်က ဆရာမကြီးလက်ထဲကအထုပ်ကိုယူပြီး ကားနောက်ခန်းထဲ ထည့်ပေးထားလိုက်ပါတယ်။ ဆရာမလင်းလက်လက်လွင်ကတော့ ထွက်မလာသေးပါ။
ဆရာမလေး လင်းလက်လက်လွင်က ငယ်လည်းငယ်၊ ခေတ်လည်းဆန်တဲ့ ဆရာမလေးမို့ ထင်ပါရဲ့။ အပြန်အတွက် ၀တ်စုံကို သတ်သတ်လဲ၀တ်နေပုံရပါတယ်။ တော်တော် နဲ့ ထွက်မလာသေးဘူး။
ကျွန်တော်လည်း အပေါ့အပါးသွားချင်တာနဲ့ တည်းခိုခန်းထဲ ၀င်ခဲ့ပါတယ်။ ကျွန်တော် သန့်စင်ခန်းထဲက ထွက်လာတဲ့အထိ ဆရာမ လင်းလက်လက်လွင် ထွက်မလာသေး ပါဘူး။
အဲဒီအချိန်မှာပဲ ကျွန်တော်ဟာ မမျှော်လင့်တဲ့မြင်ကွင်းကို မြင်လိုက်ရပါတယ်။ အဲဒီ မြင်ကွင်းကြောင့် ကျွန်တော့်ရင်မှာ နာကျင်သွားခဲ့ရပါတယ်။
တည်းခိုခန်းရှေ့မှာ ဘယ်သူမှ ရှိမနေပါ ဘူး။ ကျွန်တော့်ကားဘေးမှာ ဆရာမကြီး ယဉ်မျိုးစုတစ်ယောက်တည်းပဲ ရှိနေပါတယ်။ ဆရာမကြီးက ကျွန်တော်ပြန်ထွက်လာတာကို မြင်ပုံမရပါဘူး။ သူလက်ဆောင်ရတဲ့ အိတ်ကလေးကို ကားရှေ့ခန်းက ထုတ်ယူပြီး ဖွင့် ကြည့်လိုက်ပါတယ်။ ကျွန်တော့်သမီးလေး အထက (၂) ကျောင်းအတွက် ကိုယ်စားပေးလိုက်တဲ့ အိတ်ကလေးပါ။ အိတ်ထဲက ဆွဲ ထုတ်လိုက်တော့ ပါတိတ်လုံချည်တစ်ထည် ထွက်လာပါတယ်။ အဝါရောင်တောက်တောက် ပါတိတ်ပါ။
ဆရာမကြီး ဆက်ပြီးလုပ်ဆောင်လိုက်တာတွေကို မြင်လိုက်ရတဲ့ ကျွန်တော်ဟာ ကြက်သေသေပြီး အံ့သြလွန်းလို့ အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့ရပါတယ်။
ဆရာမကြီးက ကားနောက်ခန်းတံခါးကို ဖွင့်၊ ဆရာမလင်းလက်လက်လွင် ထားခဲ့တဲ့ လက်ဆောင်အိတ်လေးကို ယူလိုက်ပါတယ်။ ပြီး အထဲကပစ္စည်းကို ဆွဲထုတ်လိုက်ပါတယ်။ ပါတိတ်လုံချည်ပါပဲ။ အိုး .. . အဆင်လေး က လှလိုက်တာဗျာ။ အနီရောင်လေးပါ။
ယောက်ျားသားဖြစ်တဲ့ ကျွန်တော်တောင် ပါတိတ်ဆင်လေးကို မြင်ရုံနဲ့ သဘောကျသွား မိပါတယ်။ ဆရာမကြီးလက်ဆောင်ရတဲ့ အဝါ ရောင်ပါတိတ်ထက် အများကြီး ပိုလှတာပေါ့။ ဆရာမကြီးကလည်း ကျွန်တော်ခံစားမိသလိုပဲ ခံစားမိတယ်ထင်ပါရဲ့။
ဆရာမကြီး ဘာလုပ်တယ် ထင်ပါသလဲ။ သူလက်ဆောင်ရတဲ့ ပါတိတ်အဝါတောက်တောက်ပါတဲ့အိတ်ကို ကားနောက်ခန်းထဲထည့်၊ ကားတံခါးကို ပြန်ပိတ်လိုက်ပါတယ်။
ပြီးတော့. .. ကားရှေ့ခန်းတံခါးကိုဖွင့်၊ ဆရာမလင်းလက်လက်လွင်ရထားတဲ့ အိတ်ကလေးကို ပစ်ထည့်လိုက်ပါတယ်။ အဖြစ်အပျက်က သိပ်မြန်ပါတယ်။ တကယ်တော့ တည်းခိုခန်းထဲက ပြန်ထွက်လာတဲ့ ကျွန်တော့်ကို ဆရာမကြီး မြင်မယ်ဆို မြင်နိုင်ပါတယ်။ မဝေးလှပါဘူး။ ဒါပေမဲ့ လိုချင်လောဘဖုံး လွှမ်းနေတဲ့ ဆရာမကြီးဟာ ပတ်၀န်းကျင်ကို မြင်ပုံ၊ သတိထားမိပုံ မရပါဘူး။ ကားရှေ့ခန်း တံခါးကို ပြန်ပိတ်ပြီး ခပ်တည်တည်ပဲ ရပ်နေ ပါတယ်။
ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ ကျွန်တော့်မှာသာ ရင်ထဲမှာ ဗလောင်ဆူပြီး ကျန်ခဲ့ပါတော့တယ်။
ဆရာမလင်းလက်လက်လွင် တည်းခိုခန်းထဲက ထွက်လာပါပြီ။
““လင်းရေ. . .မင်းသမီးကလည်း အလှ ပြင်လွန်းတယ်ကွယ်။ ရထားမမီမှာ စိုးရတယ်ကွဲ့။ ကဲ ကဲ သွားကြစို့””
ဘာမှမဖြစ်သယောင် အသံမှန်နဲ့ ဆရာမကြီးက ပြောလိုက်ပါတယ်။
ကျွန်တော့်မှာသာ ရင်တုန်ပန်းတုန်ဖြစ်နေဆဲ။
+ + + + +
ကားမောင်းနေတဲ့ ကျွန်တော့်ရင်တွေဟာ တလှပ်လှပ်တုန်နေပါတယ်။ ကျွန်တော်လေးစားတဲ့ စာရေးဆရာမကြီး တက္ကသိုလ်ယဉ်မျိုးစု။ ဆရာမကြီးဟောပြောခဲ့တဲ့ အကျင့်သီလကောင်းမွန်ရေး၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းရေး၊ ရိုးသားဖြောင့်မတ်ရေးဆိုတဲ့ အဟောအပြောတွေဟာ ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်နေပါတယ်။ မျက်စိထဲမှာလည်း စောစောကမြင်ခဲ့ရတဲ့ အိတ်ချင်းလဲလိုက်တဲ့ ဆရာမကြီးလုပ်ရပ်ဟာ ရုပ်ရှင်ပြသလို ထင်ဟပ်နေဆဲပါ။
ခုတော့.. ကျွန်တော်သိပါပြီ။ ကျွန်တော် လေးစားခဲ့တဲ့ တက္ကသိုလ်ယဉ်မျိုးစုဆိုတာ တကယ်တော့ စာရေးဆရာမမှ မဟုတ်ပေတာဘဲ။ ယဉ်မျိုးစုဟာ သရုပ်ဆောင်တစ်ယောက်သာဖြစ်ပါတယ်။
အလွတ်ကျက်မှတ်ထားတဲ့ စကားလုံးတွေကို အမူအရာနဲ့၊ ဌာန်နဲ့၊ မာန်နဲ့ ရွတ်ပြပြီး ရုပ်ရှင်သရုပ်ဆောင်တို့၊ ပြဇာတ်သရုပ်ဆောင်တို့လို စင်ပေါ်မှာ သရုပ်ဆောင်ပြနေတဲ့ သရုပ်ဆောင်တစ်ယောက်သာ ဖြစ်တယ်ဆိုတာကို ကျွန်တော် နားလည်သွားပါပြီ။
+++++
ဆောင်းလုလင်
Keep Reading