ကိုလွှမ်း (အမ်ဘီအေ)

တစ်ခါက ငှက်ကလေးတစ်ကောင်ဟာ မနိမ့်လွန်း
မမြင့်လွန်းတဲ့ သစ်ပင်တစ်ပင်ပေါ်ကနေ
ပြုတ်ကျလာခဲ့သည်။
ပြုတ်ကျလာသည့် အရှိန်ကြောင့် ငှက်ကလေးဟာမူးဝေသွားသလိုအတောင်နဲ့ခြေတွေ
ကျိုးသွားနိုင်သည့်တိုင်အောင် ထူပူသွားလေသည်။
ငှက်ကလေးခင်မျာ အပျံသင်ကာစအရွယ် ဖြစ်သည့်အတွက် အပေါ်ကိုကြည့်၍လည်း မိဘတွေများ
ကယ်လေရော့မလား၊အပေါင်းအသင်း မိတ်ဆွေတွေများ
ကယ်တင်တော့မလားရယ်လို့လည်း မျှော်နေမိသည်။
သူ၏အတောင်ပံအား ထူပူနေသော ဒဏ်ကြောင့် မခတ်မိ၊မည်သို့မည်ကဲ့သို့ ခတ်ရမည်မှန်းလည်း သူမရိပ်မိခဲ့၊သူရဲ့ ခြေထောက်တွေအားလည်း မထောက်မိ။
အပေါ်ကို ကြည့်၍သာ မျှော်နေရှာသည်။
နေကလည်း တစ်စတစ်စ ဆိုသလို မြင့်လာသည်နှင့်အမျှ မြေပြင်က အပူရှိန် ဝေဟင်က နေပူရောင်ကြောင့်
သောကတွေလည်း များနေရှာပြီ။ပြုတ်ကျသည့်အရှိန်ကြောင့် ဒုက္ခတွေလည်း ဝေနေရှာပြီ။
ခြေတစ်ချောင်းအတောင်တစ်ချက်တော့ မခတ်မိ၊
မှိုင်တိုင်တိုင်လက်မှိုင်ချ ပြီး ယိုင်နဲ့နဲ့သာ ရှိနေတော့သည်။
ထိုအချိန် မရှေးမဆွပင် ရုတ်တရက်ဆိုသလို ကြောင်တစ်ကောင် ရောက်လာရာ ငှက်ကလေးဟာ စိုးရိမ်ကြီး စိုးရိမ်သွားသလို အကြောက်ကြီးလည်း ကြောက်သွားသည်။
ဂျိုးဂျိုးဂျွတ် ဂျွတ် ကြွတ်ကြွတ်ဝါးမည့် သွားကြီး အစုံနှင့်
မာန်ဟုန်ဖြီးကာ ချီတက်လာသည့် ကြောင်ကြီးကို မြင်ရပြီ ဆိုလျှင်ပင် ငှက်ကလေး၏ သေရမည့်ဘေးသည် လက်တစ်ကမ်းအလိုသာ ရှိချေတော့သည်။
အင်မတန်မှ တုန်လှုပ်သွားသော ငှက်ကလေးသည်
ပြားပြားဝပ်နေသော ခြေအစုံကို ရပ်၍လည်းကောင်း၊
ထူပူနေသော အတောင်ပံကို ခတ်၍ လည်းကောင်း၊
ထပျံလေရာ သေရမည့်ဘေးမှ လွတ်ကင်းသွားလေသည်။
ထိုနည်းတူစွာပင် ကျွန်တော်တို့အားလုံး၏
အကောင်းလောကဓံသည် မနိမ့်လွန်း မမြင့်လွန်းသော သစ်ပင်နှင့်တူ၏။
အဆိုးလောကဓံသည် သစ်ပင်အောက်က မြေပြင်နှင့်တူ၏။
ပြုတ်ကျလာသော ငှက်ကလေးသည် ကျွန်တော်တို့နှင့်တူ၏၊
တစ်ခါတစ်လေ ရှုံးနိမ့်မှုတွေ၊ကျဆုံးမှုတွေ အဆိုးလောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ညစ်တာ စိတ်ရှုပ်တာတွေအပြင် စိတ်ဓာတ်ကျသွားသည့်တိုင်အောင်တွေ့ကြုံ တက်ကြရပါသည်။
ငှက်ကလေးပမာ အပေါ်ကို ကြည့်၍ ကယ်မည့်သူကိုလည်း မျှော်နေမိသည်။
အတောင်ကျိုးသွားသည် အထင်ဖြင့် ခတ်၍လည်းမကြည့်မိ၊
ခြေကျိုးသွားသည် အမြင်ဖြင့် ရပ်၍လည်း မထောက်မိ
ဖြစ်တက်ပေရာ လောကဓံ လှိုင်းများ မိမိကို
ရိုက်ခတ်လာသည့်အခါ ကျောက်ဆောင်
ကျောက်သား ကျောက်တိုင်ပမာ
မားမားမတ်မတ် ကြံ့ကြံ့ခိုင် ရပ်တည်နိုင်ရန်မှာ
အထူးပင် အရေးကြီးလှပါသည်။
စိတ်ဓာတ်မြင့်မားရန်နှင့် ခိုင်မာရန်၊ကြံကြံခိုင်နိုင်ရန်မှာအရေးကြီးသည်။
ရှုံးနိမ့်ကောင်း ရှုံးနိမ့်သည့်တိုင်အောင်
မိမိမှ အရှုံးမပေးသရွှေ့ ဘယ်သောအခါမှ မရှုံးပါ။
ဘဝဟူသော တိုက်ပွဲသည် နိုင်အောင်တိုက်ရမည့် တိုက်ပွဲဖြစ်သည်။
လဲရင်ပြန်ထ၊ရှုံးရင်ပြန်ထ၊ကျရင် ပြန်မတ်၊ ဇွဲနပဲရှိဖို့ရန်မှာ အရေးကြီးလှသည်၊၊
ဂျိုးဂျိုးဂျွတ်ဂျွတ် ကြွတ်ကြွတ်ဝါးမည့် ကြောင်ကြီးသည်
သေမင်းနဲ့တူ၏၊ဖျက်ဆီးသုတ်သင်မည့် လောကဓံတရားနှင့်လည်းတူ၏၊ယုတ်မာကောင်ကျစ်ကြမည့်
လူမိုက်များနှင့်လည်းတူ၏၊
အကောင်းချည်းသက်သက်လည်း မဖြစ်
အဆိုးတို့သည်လည်း အမြဲမလာတက်သည့်
သဘာဝတရားထဲတွင်
စိတ်ဓာတ်ကျသော သူသည် အရှုံးသမား၊
အရှုံးသမားများအတွက် ဖျက်ဆီးမည့် သူများသည် ဒုနဲ့ဒေး။
ခပ်ရမည့်အတောင်ပံသည် ၊စိတ်ဆန္ဒပြင်းပြမှု၊ကြိုးစားအားထုတ်မှူ လုံလ ဝိရီယပေါ်တွင် များစွာမူတည်သည်။
ထောက်ရမည့် ခြေထောက်သည် ဇွဲနပဲရှိမှု၊စိတ်ဓာတ်တည်ကြည်မှု စိတ်ဓာတ်ခိုင်မာမှု ပေါ်တွင်မူတည်သည်။
လောကအလည် ဘဝပင်လယ်ပြင်မှာ
အစားခံမလား ထပျံမလားဆိုတာကတော့
သင့်ကိုယ်တိုင်ဆုံးဖြတ်ရမည့် အမှန်တရားသာ
ဖြစ်ချေတော့သည်။
ကိုလွှမ်း(အမ်ဘီအေ)
(စက်တာဘာ၊၂၀၂၀)
Keep Reading