Author's Profile Photo

ကိုလွှမ်း (အမ်ဘီအေ)

7/06/2024

နှင်းဆီပန်းတစ်ပွင့်ကပေးသော ဘဝသင်ခန်းစာ”

2 mins read
General Knowledge
နှင်းဆီပန်းတစ်ပွင့်ကပေးသော ဘဝသင်ခန်းစာ”'s photo

နှင်းဆီဟု ဆိုခဲ့သည် ရှိသော်
“တော်ဝင်နန်းထိုက်မည့် ပန်းနှင်းဆီ”
“ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်” စသည်ဖြင့်
လူတိုင်းက အမြတ်တနိုးတန်ဖိုးထားကြပေသည်။

သြကာသ ကန်တော့ချိုးဖြင့်
ရိုကျိူးစွာ ရှိခိုးထိုက်သည့်
မြတ်ဘုရားရှင်၏ ရှေ့မှောက်တွင်လည်း
ခန့်ခန့်ကြီး နေရာယူတက်သည်က ထိုပန်းနှင်းဆီ။

အာကာကို လွှာပုံပြု၊မေရုကိုလည်း စုတ်တံချီ၊
သမုဒ်မှင်ရေဖျော်လို့၊ချစ်တာတွေစာစီရေးသည့်အခါတိုင်း ချစ်သက်သေတွေ အောင်လံလွှင့်ထူဖို့သံတမန်အဖြစ် အပ်နှင်းခြင်းခံရသည်ကလည်း
ထိုပန်းနှင်းဆီ။

ပန်းပေးကာ အရူံးပေးလို့ နှလုံးအေးတဲ့ ဆေးအဖြစ် သုံးခွက်တစ်ခွက်တင်စာရင်းဝင်သည်ကလည်း
ထိုပန်းနှင်းဆီ။

ဘယ်မမှီပျိုမဒီ အလှပဂေးတွေရဲ့
ဆံထုံးတော် ပိတုန်းရောင်ကေသာထက်ဝယ် ဆင်မြန်းကာ ပန်ဆင်လျက်ကွယ်
အပြူံးတော်ခံ နန်းဆန်တက်တာကလည်း
ထိုပန်းနှင်းဆီ။

ထိုပန်းနှင်းဆီကိုပင် စာဖွဲ့ပြနေလို့ရှိရင်ဖြင့်
တစ်ထောင့်တစ်ညပုံပြင်အလား ပြီးဆုံးဖွယ်ရာမရှိ၊
ထိုသည်ပင် လူသားတိုင်း၏
နှင်းဆီအပေါ် သြချလောက်စရာ
တန်ဖိုးထားမှု အလေးထားမှု ဟုဆိုနိုင်မလား၊
နှင်းဆီပန်းတစ်ပွင့်၏ အသုံးဝင်မှုဟု
ပညတ်နိုင်မလား၊
အမှန်စင်စစ် အဘယ်သို့သောကြောင့်ဟု
ဖြစ်စေကာမူ နှင်းဆီပန်းတစ်ပွင့်၏
အောင်မြင်မှုတစ်ခုဟုဆိုနိုင်ပေသည်။

အချုပ်ဆိုရ​သော်
နှင်းဆီပန်းတစ်ပွင့်၏ ဖြစ်တည်လာမှု
အဖြစ်သနှစ်သည်လည်း
လွယ်ကူလှသည်တော့မဟုတ်။

လူတိုင်းကြိုက်သည့် နှင်းဆီပန်းတစ်ပွင့်
ဖြစ်ဖို့ရာ များစွာ ခဲယဥ်းလှပေသည်။
ရွက်ထွင်း၊ရွက်လိပ်၊ပင်ဖျက်၊ပျ၊လှေး၊ယင်ဖြူ၊
မွားပင့်ကူနီ၊ကျိုင်း၊ပိုးစေးနှဲ စသည်ဖြင့် ပိုးများစွာ၏ ဒဏ်ကိုလည်း ခံရသည်။
မှိုနှင့်ဗိုင်းရပ်စ် အန္တရာယ်ကလည်းကြုံရတက်သည်။
(အခန့်မသင့်ရင် သေဆုံးသွားနိုင်သည်၊)
နေရောင်ခြည် အပြည့်အဝမရတာ၊ရလွန်းတာ
ရေငတ်တာ၊ရေဝပ်တာ၊နိုင်ထရိုဂျင်များတာ၊နည်းတာ၊ကန်းနေတဲ့ ကိုင်းခြောက်တွေ အရွက်ခြောက်တွေကြောင့် စသည့် ရန်စွယ်များဖြင့်လည်း ကြုံရတက်သေးသည်။

နှင်းဆီပန်းတစ်ပွင့် ဖြစ်ဖို့ရာ ဆူးခတ်များစွာမှ
အခက်အခဲပေါင်း မြောက်များစွာမှ ပေါ်ထွက်လာရပေသည်။ထိုသည်ပင် စိတ်မချရသေး အဖူးအငုံဘဝတွင်ပင် ကြွေလွင့်ရသည်လည်းရှိသည်။
ဝင့်ဝင့်ထွားထွား မာန်ကြွားနေရာမှ ဆွတ်ယူခြေမွ
နွမ်းခြောက်ရသည့် အဖြစ်လည်းရှိသေးသည်။
ထိုသည်ကား နှင်းဆီပန်းတစ်ပွင့်၏ ဖြစ်တည်မှု အဖြစ်သနှစ်။

ထိုနည်းတူစွာ
ဘဝတစ်ခု၏ အောင်မြင်မှုသည်လည်း ထို့ထက်မက လွယ်ကူလိမ့်မည်မဟုတ်။
နှင်းဆီပန်းတစ်ပွင့်၏ ဖြစ်တည်မှုသည်ပင် ခက်ခဲကြမ်းတမ်းမှုများစွာ၊ပြဿနာများစွာမှ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည် ရှိသော်
ဘဝတစ်ခု၏ အောင်မြင်မှုသည် မည်ရွေ့
မည်မျှ ပိုမို၍ ခက်ခဲကြမ်းတမ်းလိမ့်မည်ဖြစ်ကြောင်း ပြေးကြည့်စရာမလို
တွေးကြည့်ရုံမျှပင် သိနိုင်ပေလိမ့်သည်။

မိမိတို့သည် အောင်မြင်မှုသို့ လှမ်းသည့်အခါတိုင်း
စိတ်ဓာတ်ကျခြင်း၊စိတ်ဖိစီးခြင်း၊စိတ်ရှုပ်ခြင်း၊
စိတ်ပျက်ခြင်း၊စိတ်ညစ်ခြင်း၊စိတ်အားငယ်ခြင်း၊
ယုတ်လျှော့ခြင်း၊ပျင်းရိခြင်း၊အရှုံးပေးခြင်း၊တွေဝေခြင်း၊မိန့်မောခြင်း၊လက်မှိုင်ချခြင်း စသည့် များစွာသော အတွင်းရန်သူ ဖျက်ပိုးများသည်လည်းကောင်း၊

တွန်းထိုးမှု၊ဆွဲချမှု၊ကဲ့ရဲ့မှု၊ဝေဖန်မှု၊ရှုံ့ချမှု၊မနာလိုမှု၊
အကျင့်ပျက်မှု၊ခြစားမှု၊မမှန်ကန်မှု၊ယုတ်ညံ့မှု၊ဖျက်ဆီးမှု စသည့် များစွာသော အပြင်ရန် ဖျက်ပိုးများသည်လည်ကောင်း၊
ဘဝတစ်ခု၏ အောင်မြင်မှု
မိမိ၏အောင်မြင်မှုများကို ကန့်လန့်တိုက်ရုံမျှမက
နင်းခြေ ခြွေမွမည့် ရန်သူတော်ကြီးများသာ ဖြစ်ပေသည်။

ထို့ကြောင့် အောင်မြင်ချင်သူ မည်သူမဆို
မလျှော့သော ဇွဲ၊လုံလ၊ဝီရိယ တို့ဖြင့် ရဲဝင့်စွာ၊
တည်ကြည်စွာ၊ခိုင်မာစွာ၊ပြတ်သားစွာ
မဆုတ်မနစ် ကြိုးစားမှုဖြင့်
များစွာသော အတွန်းရန်ဖျက်ပိုးများကိုလည်းကောင်း၊များစွာသော အပြင်ရန်ဖျက်ပိုးများကိုလည်းကောင်း နိုင်အောင်တိုက်ထုတ်ရန်
အရေးကြီးလှပေသည်။

နှင်းဆီပန်းတစ်ပွင့်သည် ဆူးခတ်များစွာမှ
ပေါ်ထွက်လာရသကဲ့သို့
အောင်မြင်မှုသည်လည်း အခက်အခဲများစွာမှ
ပေါ်ထွက်လာရသည်သာ ဖြစ်သည်။

အောင်မြင်မှုတိုင်းအတွက် ကြိူးစားခြင်းသည်သာ
တစ်ခုတည်းသော နည်းလမ်းဖြစ်၍
ကြိူးစားနေသမျှ ကာလပတ်လုံး မည်သည့်
နည်းနှင့်မျှ ရှုံးနိမ့်လိမ့်မည်မဟုတ်။

“ခိုင်မာစွာ၊တည်ကြည်စွာ မဆုတ်မနစ်၊ရဲရဲဝင့်ဝင့်
တုံးတိုက်တိုက်ကျားကိုက်ကိုက်၊
လှေခွပ်ချည်းကျန် အလံမလှဲ
ဝီရိယလည်းတိုး ဉာဏ်လည်းတိုး ဆထက်တပိုး
ကြိုးစားနေသမျှ ကာလပတ်လုံး
အောင်မြင်မှုအသီးအပွင့် ဆုလာဘ်များသည်
သင့်ထံ မလွဲမသွေ ရောက်လာမည်မှာ
ဧကန်မုချ မြေကြီးလက်ခတ်မလွဲပင်
ဖြစ်ပေတော့သည်။

ကိုလွှမ်း(အမ်ဘီအေ)
(၂၈.၄.၂၀၂၀ နံနက် ၃:၃၄)

Keep Reading

တန်ဆေးလွန်ဘေးစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုး"စကားချိုသာလျှင် လိုရာကိုရသည်"ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါဒေါင်လိုက်ဒရာမာ (Vertical Drama)