Author's Profile Photo

ရွှေငါး

7/06/2024

စကားမပြောတဲ့ ရွှေဂဲ

2 mins read
Culture
Art
18 Again
စကားမပြောတဲ့ ရွှေဂဲ's photo
ရွှေဂဲလေး စကားမပြောပါ။
ရွှေဂဲလေး စိတ်ညစ်လို့ စကားမပြောတော့ပါ။
?
ရွာမှာမွေး ရွာမှာကြီးတဲ့ ရွှေဂဲလေးဟာ အရင်ကတော့ စကားတတ်လေးပေါ့။
“မောင်သိန်းအောင် ငှက်ပျောသီး စားချင်ပြီ”
“မောင်သိန်းအောင် ငှက်ပျောသီး စားချင်ပြီ”
“ကိုယ့်ကိုယ်ကိုယ်ပဲ ချောတယ် လှတယ် ထင်နေလား”
“ကိုယ့်ကိုယ်ကိုယ်ပဲ ချောတယ် လှတယ် ထင်နေလား”
ရွှေဂဲလေး သူစိတ်ဝင်စားတဲ့စကားတွေကို မှတ်ထားပြီး ပြန်ပြောတိုင်း ကလေးတွေရော လူသားဖေဖေနဲ့ မေမေတို့ရောက သဘောကျပြီး ရယ်နေကျ။
“သားရေ နှုတ်ဆက်လိုက်ပါဦး” ဆိုတာနဲ့ ရွှေဂဲလေးက
“ဒါက ဘယ်တုန်း နေကောင်းလားဗျ” လို့ ပြောတယ်လေ။
ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းကိုမြင်တာနဲ့
“ဦးတော် ဦးတော်” လို့ သူ့အသံစာစာလေးနဲ့အော်ပြီး သတိပေးသေးတယ်။
ဖေဖေအပြင်သွားလည်း ပခုံးပေါ်လိုက်တယ်။ မေမေစျေးသွားလည်း အနားမှာ အမြဲကပ်လိုက်တာပေါ့။

?
တစ်နေ့တော့ ရွှေဂဲလေး အိမ်နားဝန်းကျင်ပျံနေရာကနေ တခြားမရောက်ဖူးတဲ့ဘက်ကို စမ်းသွားလိုက်တာ မျက်စိလည်ပြီး တခြားရွာရောက်သွားပါရောလား။
အဲ့ဒီရွာက လူတွေက ရွှေဂဲကို ဖမ်းကြတယ်။
ရွှေဂဲလေးခမျာ
"မလုပ်ပါနဲ့။ ကျုပ်က ရွာလူကြီးသားပါ"
"မလုပ်ပါနဲ့။ ကျုပ်က ရွာလူကြီးသားပါ"
လို့ တစာစာအော်ရှာတယ်။
ဒါပေမယ့် ရွှေဂဲလေးကို ဖမ်းသွားကြပြီး အိမ်နဲ့အဝေးကြီးကို ရောက်ခဲ့ရပါတော့တယ်။

?
အလင်းရောင်ဝင်လာလို့ မရဲတရဲကြည့်လိုက်တော့ ဘေးမှာ တခြားအကောင်တွေလည်း အများကြီးပဲ။ အနံ့တွေလည်း နံတယ်။ ဆူလည်း ဆူညံနေတာပဲ။ ဆူညံမှာပေါ့ ရွှေဂဲရောက်နေတာ ရန်ကုန်မြို့လယ်က စျေးတစ်ခုမှာလေ။ တစ်နေ့ တစ်နေ့ ဘေးက ခွေးတွေကြောင်တွေ အော်သံတွေရော။ စျေးသည်တွေအသံတွေနဲ့ ရွှေဂဲ စိတ်ရှုပ်နေရပါပြီ။ ခုဆို သူတို့စကားတွေ နားရည်ဝရင်း ရွှေခဲစကားအသစ်တွေတောင် ပြောတတ်နေပြီ။
“ဟဲ့ လာကြနော် လာကြ။"
"အားပေးဦး အားပေးဦး”
“ကောင်မ နင်ဘာစကားပြောလိုက်တာလဲ”
“ကောင်မ နင်ဘာစကားပြောလိုက်တာလဲ”
“သတ္တိရှိရင် ထွက်ခဲ့”
“သတ္တိရှိရင် ထွက်ခဲ့”
ဒီနေ့တော့ ရွှေဂဲကို လူတစ်ယောက် လှောင်အိမ်ပြောင်းပြီး တစ်နေရာခေါ်သွားတယ်။ တိုက်ခန်းကျဥ်းကျဥ်းလေးရဲ့ ဝရံတာတစ်ခုဆီပေါ့။ လှောင်အိမ်ကလည်း ကျဥ်းလိုက်တာ။ ရွှေဂဲကို အစာလည်း အချိန်မှန်မကျွေးကြဘူး။ တစ်ခါလောက် စားစရာတွေ လာပစ်ထည့်သွားပြီး သုံးလေးရက်ပျောက်သွားလိုက်ကြတာ။ ရက်ကြာတော့မှ အစာသစ်ပြန်ထည့်ပေးကြတယ်။

?
ရွှေဂဲ အပြင်ထွက်ချင်တယ်။
ရွှေဂဲ အိမ်ပြန်ချင်တယ်။
ရွှေဂဲ ရွာက ဖေဖေနဲ့ မေမေကို လွမ်းတယ်။ ရွှေဂဲဆီစကားလာပြောပြီး ရယ်ကြတဲ့ ကလေးတွေကို လွမ်းတယ်။
ဒီလိုအချိန်တွေဆို ရွှေဂဲ အော်ပါလေရော။
“ကိကိ ကတ်ကတ်ကတ် ကတ်တတ်”
“ကိကိ ကတ်ကတ်ကတ် ကတ်တတ်”
ပတ်ဝန်းကျင်က သည်းမခံနိုင်ကြတော့ပါ။
“ဟာ ဒီကြက်တူရွေးက နားညည်းလိုက်တာ။ တနေကုန် အော်နေတာ။ ပတ်ဝန်းကျင်က နားမခံနိုင်တော့ဘူးဟဲ့”
ရွှေဂဲကပြန်အော်ပြောလိုက်တယ်။
“သတ္တိရှိရင် ထွက်ခဲ့” “ကောင်မ နင်ဘာစကားပြောလိုက်တာလဲ”

?
ဒီလိုနဲ့ အိမ်ရှင်တွေက ရွှေဂဲကို သူများကို ပေးပစ်လိုက်ပါတော့တယ်။
ရွှေဂဲ ဒီတစ်ခါ ခြံတစ်ခုထဲရောက်နေပြန်ပါပြီ။ ရွှေဂဲ စိတ်ညစ်လှပြီ။ ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့။
“မေမေ ကြက်တူရွေးလေးက စကားလည်းမပြောဘူးနော်”
“အင်း သူ့ကြည့်ရတာ မပျော်သလိုပဲ သမီးရယ်”
“သူပျော်လာအောင် သမီးတို့ ဘယ်လိုလုပ်ကြမလဲဟင်”
“အင်း လှောင်ချိုင့်များ တအား သေးနေလားမသိဘူး။ လှောင်ချိုင့်ကြီးကြီး လဲကြစို့”
ရွှေခဲနည်းနည်း အနေချောင်လာတယ်။ ပိုင်ရှင်အသစ်တွေက ရွှေဂဲကို ခဏခဏ လာလာကြည့်ကြတယ်။ အစာနဲ့ရေလည်း မပြတ်ထည့်ပေးတယ်။
“ရွှေဂဲရေ စကားလေးဘာလေးပြောပါဦး”
ရွှေဂဲ စကားမပြောချင်သေးပါ။
“ငါသင်ပေးမယ်လေ။ ဒီလိုပြောနော်။ ဗိုက်ဆာပြီ။ မုန့်ကျွေးပါ။ ဗိုက်ဆာပြီ။ မုန့်ကျွေးပါ။”
"......."
“အေးပါ ခုမပြောချင်သေးလည်း ပြောချင်တဲ့အခါမှ ပြောတော့နော်။ ငါအိပ်တော့မယ်။ ကောင်းကောင်းအိပ်နော် ရွှေဂဲလေး။ ချစ်တယ်နော်။ တာ့တာ”
?
ချိုသာနွေးထွေးတဲ့ ပိုင်ရှင်အသစ်တွေကြောင့် ရွှေဂဲလေး နည်းနည်းအစားပိုစားလာတယ်။ ခုအိမ်အသစ်က ခြံနဲ့ဆိုတော့ သစ်ပင်လေးတွေနဲ့ ရွာကအိမ်တွေနဲ့ နည်းနည်းဆင်တော့ ရွှေဂဲစိတ်သက်သာရာရတယ်။
“ဗိုက်ဆာပြီ။ မုန့်ကျွေးပါ။ ဗိုက်ဆာပြီ။ မုန့်ကျွေးပါ။”
“ဟယ် မေမေရေ။ ရွှေဂဲလေး စကားပြောပြီ သိလား။ ရွှေဂဲ စကားပြောပြီ”
“ရွှေဂဲရေ ထပ်ပြောကြည်ပါဦး”
“ဗိုက်ဆာပြီ။ မုန့်ကျွေးပါ။ ဗိုက်ဆာပြီ။ မုန့်ကျွေးပါ။”
“တွေ့လား မေမေ။ သူ့ကိုမုန့်ထပ်ကျွေးလိုက်ပါဦး”
“ရွှေဂဲရေ ဒီလိုပြောကြည့် ... ရွှေဂဲလေးကို ချစ်ကြပါ။ ရွှေဂဲလေးကို ချစ်ကြပါ။”
“ရွှေဂဲလေးကို ချစ်ကြပါ။ ရွှေဂဲလေးကို ချစ်ကြပါ။”
“ဟေး ရွှေဂဲ စကားပြောပြီကွ။ မေမေ ရွှေဂဲက ဘာလို့ ခုမှစကားပြောတာလဲ မသိဘူးနော်”
“သူ ပျော်လာလို့နေမှာပေါ့သမီးရယ်”
“သမီးတို့ ရွှေဂဲကို ပိုပျော်သွားအောင် လှောင်အိမ်ထဲက ထုတ်ပေးကြရအောင်လေ မေမေ”
“သူ အဝေးကြီးကို ပျံသွားရင်ရော”
“ရပါတယ် မေမေရယ်။ ရွှေဂဲပျော်ရင် သမီးလည်း ပျော်မှာပါ”

?
ဒီလိုနဲ့ ‌ရွှေဂဲလေးကို လှောင်အိမ်တံခါး ဖွင့်ပေးလိုက်ကြတယ်။ ရွှေဂဲလေးဟာ ပထမတော့ ထွက်မလာဘူး။ ပျံနေမကျတော့လို့ ပျံဖို့မနည်း အားယူနေရတယ်။ ပြီးတော့မှ အရှိန်ယူပြီး လှောင်အိမ်ထဲက ပျံထွက်လာပါတော့တယ်။ ‌ရွှေဂဲလေး ပျံလိုက်တာ ပျံလိုက်တာဆိုတာ ခုအိမ်ကိုကျော်ပြီး ခပ်ဝေးဝေးတောင် ရောက်သွားတာပေါ့။
“မေမေ ရွှေဂဲလေးတော့ တကယ်ထွက်ပြေးသွားပြီထင်တယ်နော်... သမီးမှားသွားပြီလားမသိဘူး”
“အင်း ပျံပါစေ သမီးရယ်.. သူလည်း ပျံချင်ရှာမပေါ့”
“ဟင် ဟိုမှာ ရွှေဂဲလေး ပြန်လာပြီ ရွှေဂဲရေ ဒီမှာ ဒီမှာ မမတို့ ဒီမှာ”

?
အဲ့နေ့ကစပြီး ရွှေဂဲလေးဟာ အဝေးကိုပြန်သွားလိုက် နွေးထွေးကြင်နာတဲ့ ပိုင်ရှင်သစ်တွေဆီ ပြန်လာလိုက်နဲ့ နေသွားပါတော့တယ်။
“ကျေးဇူးပါ ကျေးဇူးပါ”
“ချစ်တယ်နော်။ တာ့တာ”
“နောက်လည်း လာလည်ပါခင်ဗျာ နောက်လည်း လာလည်ပါခင်ဗျာ” စတဲ့
ပိုင်ရှင်သစ်တွေသင်ပေးတဲ့ ယဥ်ကျေးတဲ့စကားလေးတွေ‌ ပြောရင်းနဲ့ပေါ့။ ?

The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d

Avo Story Magazine (Youtube)
https://youtube.com/@theavocadostoryrecipe?si=HiHvC7uoOTytv2Sa

ရွှေငါး
#ပုံပြင် #ကလေးပုံပြင် #ရွှေငါး #TheAvocadoStoryRecipe #story #kid


Keep Reading

အနောက်တိုင်းက ပြဿဒါးအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾