Author's Profile Photo

မောရိသျှ

18/07/2025

ကြိုတင်ပြင်ဆင်တတ်ခြင်း

1 min read
Book Review
General Knowledge
Culture
ကြိုတင်ပြင်ဆင်တတ်ခြင်း's photo

ဘာပဲလုပ်လုပ် ပြင်ပြင်ဆင်ဆင် ကြိုတွေးထားပြီးမှ လုပ်တတ်တဲ့အကျင့်က ကောင်းပါတယ်။ စွမ်းဆောင်ရည်တက်စေတဲ့ ကိုယ်ရည်ကိုယ်သွေးတခုပါ။ ကျွန်တော်ကတော့ နေရာတိုင်း လိုက်ပြီး ကြိုတွေးကြိုပြင်တာမျိုး မလုပ်ဘူး။ လွတ်လွတ်လပ်လပ်ပဲ။ လုပ်စရာရှိလာရင် လုပ်လိုက်တယ်။ နားဖို့လိုလာရင် ချက်ချင်း နားပစ်လိုက်တယ်။ အလုပ်ကို ပိုလည်း မလုပ်သလို၊ နားရင်လည်း အချိန်ဆွဲပြီး မနားဘူး။ ခုလျင်ချက်ချင်းစိတ်မျိုး မွေးထားတော့ ခပ်ပြတ်ပြတ်ပဲ။

Schedule တွေ Timetable တွေနဲ့ အလုပ်မလုပ်တတ်ဘူး။ လုပ်လည်း လုပ်လေ့မရှိတော့ အလုပ်ကို အချိန်နဲ့ လုပ်တတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် တင်းကြပ်မထားဘူး။ စိတ်ကို လွတ်လွတ်လပ်လပ် ထားထားသလို၊ အလုပ်ကိုလည်း စိတ်လွတ်ကိုယ်လွတ် အေးအေးလူလူပဲ လုပ်ဖြစ်တယ်။ နားဖြစ်ရင်လည်း အဲဒီလိုပဲ ဘယ်ချိန်မှာ ဘယ်လို နားမယ်၊ ဘယ်ကိုသွားမယ် ဘာလုပ်ပြီး စိတ်ကို ပြန်ကုစားမယ် စသဖြင့် ကြိုတွေးထားတာမျိုး မလုပ်ဘူး။

စိတ်ပေါက်လို့ အချိန်ရရင် ရသလိုမျိုး အဆင်ပြေတာ လုပ်လိုက်တာပဲ။ စိတ်အေးချမ်းပြီး စိတ်ကျေနပ်မှု ရသွားရင်ကို ကျေနပ်တယ်။ ဒါကြောင့် မဖြစ်မနေ ပြင်ဆင်သင့်တာတွေကိုတော့ ပြင်ဆင်ပြီးမှ လုပ်ပါ။ ဒါပေမဲ့ ပြင်ဆင်မှုတွေကြောင့် စိတ်ကျဉ်းကြပ်သွားရတာမျိုးတော့ မဖြစ်ပါစေနဲ့။

အလုပ်လုပ်ဖြစ်ရင် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေကို နေ့စဉ်နဲ့အမျှ သင်ယူရသလို၊ နားဖြစ်ရင်လည်း ဘဝအမှတ်တရကောင်းလေးတွေ ရအောင် စုဆောင်းပါ။ အနားယူဖြစ်တဲ့ အခိုက်အတန့်လေးတွေထဲမှာ အမှတ်ရစရာလေးတွေနဲ့ ပြည့်နေပါစေ။ ပျင်းစရာကောင်းတဲ့ အနားယူမှုမျိုးတော့ မဖြစ်ပါစေနဲ့။ ဘာတွေကို ဘယ်လိုပဲ ကြုံတွေ့ရပါစေ နေ့တနေ့ရဲ့ နောက်ဆုံးမှာ ဝါးချပြီး ဟားတိုက်ရယ်မောလိုက်စရာမျိုးနဲ့ အဆုံးသတ်နိုင်ပါစေ။ နောင်တမယူပါနဲ့။ သံဝေဂတွေ မယူပါနဲ့။ ဟာသလေးတွေရောပြီး အကြည်ဓာတ်တွေကိုသာ စုဆောင်းပါ။ စိတ်ပျက်အားလျှော့တာမျိုး မဖြစ်ပါစေနဲ့။ ပျော်စရာရှိတာကို ပေါ့ပေါ့ပါးပါး ပျော်လိုက်ပါ။ ပူပန်သောက များနေရမယ့်အချိန်မဟုတ်တာကြောင့် အနားယူချိန်မှာ စိတ်ကို လွတ်လွတ်လပ်လပ်ပဲ ထားထားလိုက်ပါ။ ကိုယ့်အပြစ်ရော သူများအပြစ်ကိုပါ မေ့ထားလိုက်ပါ။ ဒါဆိုရင် အနားယူနေစဉ် အခိုက်အတန့်တိုင်းက အဓိပ္ပါယ်ရှိသွားပြီး အမှတ်တရလေးတွေ ပေါ်လာပါလိမ့်မယ်။

ကမ္ဘာကျော် သူကြွယ်ကြီး ဘီလ်ဂိတ်ဆိုရင် သူ့ရဲ့ စာဖတ်ဝါသနာကြောင့် လူသိများပါတယ်၊ အထူးသဖြင့် အနားယူဖြစ်တဲ့ ရက်ရှည်တွေမှာ အသည်းအသန် အကြီးအကျယ် စာဖတ်ပြီး တွေးခေါ်ချိန် သက်သက် ပေးတတ်တဲ့ အကျင့်က လက်ဖျားခါလောက်ပါတယ်။ သူ့လိုမျိုး လိုက်လုပ်ပါလို့ မဆိုလိုပါဘူး။ တခါတလေ နားရက်ယူပြီး စာဖတ်မယ် တွေးထားကြပေမဲ့ မဖတ်ဖြစ်တဲ့သူတွေ အများကြီးပါ။

ဒီနေရာမှာ တချက် ပြောပါရစေ၊ နားမယ်သာနား အချိန်အကန့်အသတ်ကြောင့် စိတ်ပင်ပန်းနေလို့ စာဖတ်ဖို့တောင် အချိန်မပေးနိုင်လောက်အောင် မနားနိုင်တာမျိုးတော့ မဖြစ်ပါစေနဲ့။ အနားယူဖြစ်ပြီဆိုမှတော့ စိတ်ကုစားချိန် အပြည့်ရအောင် နားပါ။ စာဖတ်ချိန်သီးသန့်ယူပြီး အေးအေးလူလူ နားလိုက်ပါ။ စိတ်ဝင်စားစရာလေးတွေကို ဖတ်ပြီး တရေးတမော အိပ်ပစ်လိုက်ပါ။

ဖတ်ထားတဲ့အကြောင်းအရာတွေကို အတွေးနယ်ချဲ့ပြီး စိတ်အကြည်ဓာတ်တွေ မွေးမြူပစ်လိုက်ပါ။ အတိတ်က ဖြစ်ခဲ့တဲ့ ဘဝသင်္ခန်းစာတွေကို ပြန်သုံးသပ်ပြီး ပင့်ထုတ်လိုက်တဲ့ ထွက်သက်နဲ့အတူ စိတ်အေးချမ်းမှုကို စိတ်လက်ပေါ့ပါးမှုကို အပြည့်အဝ ခံစားလိုက်ပါ။ စာဖတ်တာက အချိန်ကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ အလွန်မြန်ဆန်တဲ့ ခေတ်ကြီးရဲ့ အလျင်ကြောင့် ပင်ပန်းနေတဲ့ စိတ်ကို ကုစားတဲ့နေရာမှာ အထိရောက်ဆုံးသော စောင့်ရှောက်နည်းဖြစ်ပါတယ်။ ဒါကို မမေ့ပါနဲ့။

#မောရိသျှ

Keep Reading

တော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ သည်းခြေကြိုက် စာအုပ် ၆ အုပ်ဖတ်နိုင်သမျှ များများဖတ်ပေးပါ ချေးများစေ့စပ်တဲ့သူစိတ်ဓာတ်ကျနေတဲ့အခါဆင်းရဲသားလေး ဂျက်လန်ဒန်Book Reviewညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်