Author's Profile Photo

ဆောင်းလုလင်

6/06/2024

​ဆောင်းလုလင် - တစ်အပေါင်းတစ်

1 min read
Book Review
Education
Art
​ဆောင်းလုလင် - တစ်အပေါင်းတစ်'s photo

ဆောင်းလုလင်
တစ်အပေါင်းတစ်

ဖိနပ်ဆိုင်ထဲသို့ ဘယ်ဖက်ခြေတဖက် ပြတ်နေသော ချိုင်းထောက်နှင့်လူတယောက် ဝင်လာသည်။
''ဟောဒီ နံပါတ်၈ဖိနပ်က ဘယ်လောက်ပါလဲ"
"တရန် ၆၀၀၀ပါ ဦး"
"ဦးလေးကို ညာဘက်ဖိနပ်တရန်ပဲ ခွဲရောင်းလို့ မရဘူးလားကွယ်"
"ကြံကြံဖန်ဖန်ဦးရယ်... ဖိနပ်ဆိုတာ ၂ဖက် တစုံ ရောင်းရတာပဲ။ အဲ့လိုခွဲရောင်းလို့ မဖြစ်ပါဘူး"
ထိုသူ သက်ပြင်းချရင်း ပြန်ထွက်သွားသည်။
#####

နောက်နာရီဝက်အကြာတွင်... ချိုင်းထောက်နှင့်လူ ပြန်ဝင်လာသည်။
"၆၀၀၀တန် နံပါတ်၈ဖိနပ် တရန်လုံး ပေးပါတော့ကွယ်"
"ဟုတ်ကဲ့ဦး၊ စိတ်မရှိပါနဲ့နော်။ ဖိနပ်တဖက်က ဦးအတွက် အပိုသက်သက်ဖြစ်မယ်ဆိုတာ သိပါတယ်ဦး။ ကျမကလည်း ဆိုင်ရှင်မဟုတ်ပါဘူး။ အရောင်းစာရေးမပါ။ ကျမသာ ဆိုင်ရှင်ဆိုရင် ဦးကို ဖိနပ်တရန်လုံးတောင် အလကားပေးပါတယ်ရှင်"
"ဦးလေးကလည်း တဖက်ပဲလိုလို့ ရလိုရငြား မေးကြည့်တာပါကွယ်။ ဒါပေမယ့် အခုဝယ်တဲ့ ဖိနပ်တရန်က သမီးထင်သလို တဖက်က အလဟဿ မဖြစ်ပါဘူးကွယ်။ ဟိုမှာလေ.. ဦးအတွက် အသုံးမလိုတဲ့ ဘယ်ဘက်ဖိနပ်ကိုပေးဖို့ လူတယောက်တွေ့လာခဲ့ပြီ"
ထိုသူလက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ရာ ဆိုင်မှန်နံရံများကိုဖောက်၍ အပြင်တွင်ရပ်နေသော ညာခြေတဖက် ပြတ်နေသည့် ချိုင်းထောက်နှင့်လူတယောက်ကို တွေ့လိုက်ရလေသည်။
"လမ်းထိပ်မှာ ညာဘက်ခြေတဖက် ပြတ်နေတဲ့ လူတယောက်ကို တွေ့ခဲ့တယ်ကွဲ့။ ဦးက မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်းက ရှေ့တန်းမှာ မိုင်းနင်းမိလို့ ဘယ်ဘက်ခြေတဖက် ပြတ်သွားတာလေ။ သူကတော့... တိုင်းရင်းသားလက်နက်ကိုင် စစ်တပ်တခုမှာ စစ်သားလုပ်ခဲ့တဲ့သူ..တဲ့။ သူလည်း တိုက်ပွဲမှာ တိုက်ခိုက်ရင်းက ညာခြေပြတ်ခဲ့ရတာတဲ့"
"အို..တိုက်ဆိုင်လိုက်တာနော်"
"ဒါ့ထက်တိုက်ဆိုင်တာ ရှိသေးတယ် မိန်းကလေးရေ။ ဦးတိုက်ခဲ့တဲ့စစ်ပွဲနဲ့ သူတိုက်ခဲ့တဲ့စစ်ပွဲဟာ တပွဲတည်းဖြစ်နေတယ်ကွဲ့"
"ရှင်..."
"နှစ်ယောက်သား အတွေ့အကြုံ ဖလှယ်ကြည့်လို့ သိလာရတာပါ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဥ်ကတော့ တယောက်နဲ့တယောက် ဘယ်သိ.. ဘယ်တွေ့ဖူးပါ့မလဲကွယ်"
"ဖြစ်ရလေရှင်... ဒါဖြင့် ဦးတို့နှစ်ယောက်က ရန်သူတွေပေါ့"
"တာဝန်အရ သက်ဆိုင်ရာယူနီဖောင်းတွေ ဝတ်ထားစဥ်ကတော့... ရန်သူတွေလို့ ခေါ်နိုင်တာပေါ့ကွယ်။ ခုလို သာမန်လူဘဝမှာတော့ ရန်သူတွေမဟုတ်တော့ပါဘူး"
"ဟုတ်ကဲ့ဦး"
"မေးကြည့်တော့... သူကလည်း ဖိနပ်နံပါတ်၈ပဲ စီးတာတဲ့လေ။ ဦးလေးအတွက် ပိုနေမယ့် ဘယ်ဘက်ဖိနပ်တဖက်ကို သူ့ပေးလိုက်တော့ ကုသိုလ်လည်းရတယ်။ ဖိနပ်တဖက်လည်း အလဟဿ မဖြစ်တော့ဘူးပေါ့"
#####

ဆောင်းလုလင်

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)