SarPhat Author
ဘကြီးနဲ့ ဒီနေ့ ကျွန်တော် မြို့တက်ပြီး စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားဝယ်ကြတယ်။ ကျွန်တော်က ကလေးဆိုတော့ လိုက်ချင်တာပေါ့။ မြို့ရောက်တော့ စိုက်ပျိုးရေးပစ္စည်း ရောင်းတဲ့ဆိုင် တဆိုင်ကိုဝင်တယ်။ ဈေးမေးတယ်။ ပြန်ထွက်လာတယ်။ နောက်တဆိုင်ဝင်တယ်။ ဈေးမေးတယ်။ ပြန်ထွက်တယ်။ သုံးဆိုင်မြောက် ဝင်ပြီးသွားတော့ ကျွန်တော်ကလည်း ကလေးတယောက်မို့ ဗိုက်ဆာလာတယ်။ ဘကြီးက အခုထိ ဘာပစ္စည်းမှ မဝယ်ရသေးဘူး။ ကျွန်တော်လည်း ဗိုက်ကဆာနေတာမို့ မခံနိုင်တော့တဲ့အဆုံး ဘကြီးကို မေးကြည့်လိုက်တော့တယ်။
"ဘကြီး"
"ဟေ...၊ ဘာတုန်းကွ"
"အခုထိ ဘာပစ္စည်းမှလဲ မဝယ်သေးဘူးနော်၊ ဆိုင်သုံးဆိုင်လဲ ဝင်ပြီးပြီ"
"အေး...၊ အဲ့ဒါ ဘာဖြစ်လဲအမောင်ရဲ့"
"ကျုပ် ဗိုက်ဆာလို့ဗျ"
"အေး...၊ မင့်ဗိုက်ဆာသလို ငါလဲ ဆာတာပေါ့ကွ၊ ဒါပေမယ့် တို့မှာ ပါလာတဲ့ပိုက်ဆံ မလောက်မှာ စိုးရိမ်နေတာကွ၊ ပစ္စည်းဈေးတွေက အဆမတန် တက်နေတာ၊ ဗိုက်ဆာတာ ခဏထားပါအုံးကွာ၊ လာ... နောက်တဆိုင် ဆက်ရအောင်"
ဒီလိုနဲ့ နောက်တဆိုင်ကို ဆက်လက်ချီတက်ကြတယ်။ နောက်တဆိုင်မှာလည်း ဘကြီးက ဈေးမေးပြီး ချိန်ဆနေပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်လည်း ခလေးပီပီဟန်ချီချီ ဝင်ပြောလိုက်တယ်။
"ဘကြီး၊ ပစ္စည်းဈေးတွေက တက်တာပဲလား။"
ဘကြီးက ဘာမှမပြော၊ တွေဝေနေတယ်။
"ဦးကြီး၊ ကျုပ်ဘကြီး မေးတဲ့ ပစ္စည်းတွေက ဈေးတွေ အကုန်တက်တာပဲလား။"
ကျွန်တော်က ဈေးရောင်းတဲ့ လူလတ်ပိုင်းအမျိုးသားကို မေးလိုက်တယ်။
"ဟုတ်တယ်ကလေးရေ၊ မင်းဘကြီး မေးတဲ့ ပစ္စည်းတွေက ဈေးလေးနည်းနည်းစီ တက်သွားတယ်။"
ဈေးရောင်းတဲ့အမျိုးသားက ပြန်ဖြေတယ်။ ဒီလိုနဲ့ ကျွန်တော်က ကလေးဆိုတော့ ကလေးအတွေးနဲ့ မေးလိုက်တယ်။
"ဘကြီးမေးတဲ့ ပစ္စည်းက ဈေးတွေတက်နေရင်၊ ကျုပ်မေးတဲ့ ပစ္စည်းကရော ဈေးတက်လားဗျ"
"ဘာပစ္စည်းလဲကွ၊ ပြောကြည့်လေ"
ဈေးရောင်းတဲ့ အမျိုးသားက ပြန်မေးတယ်။ ဘကြီးကလည်း တအံ့တဩ ကြည့်နေတယ်။
"၂၄ ပစ္စည်းလေ"
ကျွန်တော်အဲ့လိုပြောလိုက်တော့ ဘကြီးက ကျွန်တော့်ကို အော်ငေါက်ပါလေရော။
"သယ်!!! ဒီကောင်" တဲ့။
အဆူခံလိုက်ရတယ်။
ဟုတ်တယ်လေ။ ဈေးမတက်သေးတဲ့ ပစ္စည်းဆိုလို့ သူပဲရှိတော့တာ..........။
ကိုမျိုး
#Credit: cartoon.
Keep Reading