SarPhat Author
ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးလို့ ကြားလိုက်တာနဲ့ အလှူဆိုတာ ပြောစရာကို မလိုလောက်အောင် အလှူဒါန်းယက်ရောကြပါတယ်။
အလှူမှာ ငွေစီးဆင်းတဲ့ပုံစံ(၃)မျိုးရှိပါတယ်။
ပထမတစ်မျိုးက ပကာသနအလှူမျိုးပါ။ ဂုဏ်သတင်းကျော်စောရဖို့၊ A4 စာရွက်မှာ နာမည်ပါရဖို့၊ အုတ်တံတိုင်းမှာ ကမ္မည်းနာမည်ထိုးရဖို့၊ အလှူငွေဘောက်ချာဖြတ်ပိုင်းရဖို့၊ အသံချဲ့စက်မှာ နာမည်ကြားရဖို့၊ သူသိရှင်ကြားမှ လှူချင်တဲ့အလှူမျိုးပါ။
ဒုတိယတစ်မျိုးက low-key(ခပ်လျိုလျို), low profile(သိုသိုသိပ်သိပ်)ဆိုတဲ့ အလှူမျိုးပါ။ အလှူကို အလွဲသုံးစား မလုပ်တဲ့ အလှူ၊ အမည်မသိနဲ့ လှူတဲ့ အလှူ၊ ဓါတ်ပုံကိုတောင် အရိုက်မခံတဲ့ အလှူ၊ သိုသိုသိပ်သိပ်လေး၊ ဖြူဖြူစင်စင် လှူသွားတဲ့ အလှူပါ။
တတိယတစ်မျိုးကတော့ ရေပြည့်၊ ရေလျှံတွေကို လုံး၀ မလှူဒါန်းပဲ တကယ်လိုအပ်နေတဲ့ နေရာမျိုးကိုမှ လှူဒါန်းတဲ့ အလှူမျိုးပါ။
ကိုယ်ကတော့ ဘ၀မှာ မှတ်မှတ်ရရ ဒီနေ့ထိ လှူခဲ့ဖူးတဲ့ အလှူတွေထဲမှာ မီးလောင်လို့ တစ်အိမ်လုံးပြာကျသွားတဲ့ မိသားစုကို လှူခဲ့ဖူးတာလေးကို အမှတ်ရနေတုန်းပါပဲ။
ရွာငံမှာနေတုန်းက အမျိုးအစ်ကိုရဲ့ကားနဲ့ လိုက်ပြန်လာတော့ သူ့သူငယ်ချင်းအိမ်မီးလောင်သွားလို့ ခဏ၀င်မယ်ဆိုတာနဲ့ ၀င်ဖြစ်ခဲ့ပါတယ်။ သူ့အဖေက ကျောင်းဆရာပါ။ သူ့သားက ကားမောင်းပါတယ်။ အစ်ကိုကလည်း ကုန်ကားမောင်းတာဆိုတော့ အချင်းချင်းအားတင်းထားပါဆိုပြီး အားပေးနေပါတယ်။ အဲအိမ်က ကိုယ်နဲ့ အစ်ကိုကို ထမင်းပါကျွေးလိုက်ပါသေးတယ်။ ထမင်းစားပြီးတာနဲ့ အစ်ကိုက ဘယ်လိုမှလည်း သဘောမထားနဲ့။ ဘယ်လောက်မှလည်း မများဘူး။ ကျနော့်စေတနာကို လက်ခံပေးပါဆိုပြီး စာအိတ်လေးနဲ့ စီစဉ်လာပါတယ်။
အဲမှာ ကိုယ်ကလည်း ဖြစ်ချင်တော့ ရုံးစာအိတ်အညိုရောင်လေးက ကြောပိုးလွယ်အိတ်ထဲပါနေတာနဲ့ ပိုက်ဆံကို စာအိတ်ထဲထည့်ပြီး သမီးလည်း ကူချင်လို့ပြောတော့ ကျောင်းဆရာက ဟာ ကလေးပိုက်ဆံကို မယူရက်ပါဘူး။ မကူနဲ့။ တက္ကသိုလ်တက်ရအုံးမယ်။ တက္ကသိုလ်တက်ရာမှာ ဒီပိုက်ဆံကို သုံး၊ ဆရာကို မပေးပါနဲ့တဲ့။
ကိုယ်က ဘာပြန်ပြောလိုက်လဲဆိုတော့ သမီး ဆရာ့ကို ဘာလို့ပေးတာလဲသိလားဆိုတော့ " ဆရာ့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်လေးကို ချီးကျူးမိလို့ " ပါ။ Ground zero (မြေပြင်သုည)ကနေ ပြန်တက်ရမှာကိုတောင် အရမ်း strong (သန်မာ) ဖြစ်တဲ့စိတ်ဓါတ်လေးကို သဘောကျမိလို့ပါဆိုမှ ကျောင်းဆရာက ကိုယ့်စာအိတ်ကို လက်ခံတယ်။
ကိုယ့်အစ်မနဲ့တောင် အလှူနဲ့ပတ်သက်ပြီး တစ်နေ့ကပဲ အကြီးအကျယ်စကားနိုင်လုလိုက်ရသေးတယ်။ ရှင်ပြုအလှူပွဲလုပ်ရင် ဘယ်သူမှတော့ သိန်း (၇၀)ကုန်မယ်ဆို သိန်း (၇၀) လက်ထဲမှာ ရှိမနေဘူး။ ဆိုင်မှာ ဘေလ်ဖွင့်ပြီး ယူကြတယ်။ လက်ဖွဲ့ရတဲ့ငွေကိုစုပြီး ပြန်ဆပ်ကြတယ်။ အရင်နေ့က အလှူ့ဒကာအစ်မ ပြောပြတာက သိန်း (၇၃)ကုန်တယ်။ လက်ထဲမှာက သိန်း (၄၀)ရှိတယ်။ လက်ဖွဲ့က သိန်း (၃၀)ရတယ်။ အကြွေးက (၃)သိန်းပဲ တင်လိုက်တယ်။ ကိုယ့်အတွက် အလှူကတစ်၀က်၊ ကုသိုလ်ခွဲကြတာက တစ်၀က်ပေါ့တဲ့။
အဲတာကို တချို့သူဌေးတွေက လက်မခံကြဘူး။ အလှူပွဲကို စီးပွားရေးတွက်တယ်ဆိုပြီး အပြောက ခံရသေးတယ်။ တကယ့်မြေပြင်လက်တွေ့မှာက အဲလို့ဖြစ်နေကြတာကို မေးကြည့်သင့်တယ်။
အရင်နေ့က ပင်းတယဈေးနေ့လည်း ဖြစ်၊ ပစ္စည်း၀ယ်ဖို့ ဈေးထဲရောက်သွားတော့ စိုင်းထီးဆိုင်ရဲ့ သိပ်သိပ်ချစ်ရတယ်နွဲ့တင်ရယ်သီချင်းသံကြားတော့ ပထမစစကြားချင်းက အသံက အဲလောက်ကြီးထိ မကောင်းဘူး။ ဆိုင်ထဲ ပစ္စည်း၀ယ်ပြီး kpay နဲ့ ပိုက်ဆံရှင်းတော့ နားထောင်နေရင်း တဖြေးဖြေးနဲ့ အသံက ကောင်းကောင်းလာတယ်။ ဆိုင်ထဲကနေထွက်တော့ ဈေးထဲမှာ လူလည်း ပြည့်သိပ်ကြပ်နေတာရယ်၊ ကိုယ်ကလည်း အလျင်လိုနေတာရယ်၊ အချိန်မရတာရယ်ကြောင့် ဘယ်သူဆိုနေလဲဆိုတာ သေချာမမြင်လိုက်ရဘူး။ အဲလို့မျိုး တစ်ခုခု effort (အားထုတ်)ထားတဲ့အရာမျိုးဆို လှူချင်တယ်။ မိဘမုန့်ဖိုးပေးမှရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုဆိုလည်း ပိုက်ဆံအကြွေလေးတွေကို ခေါက်ခေါက်ပြီး လမ်းဘေးမှာ ချပေးခဲ့ရတာမျိုးကိုလည်း သဘောကျတယ်။ ပိုက်ဆံအကြွေမြင်ရင် ပျော်သွားစေချင်လို့ပါ။
နေပူကြီးထဲမှာ လုပ်အားပေးနေတဲ့ လူတွေ၊ လမ်းလုပ်နေတဲ့ လူတွေ မြင်ရင် သိပ်ကို လှူချင်၊ ကျွေးချင်တော့တာပါပဲ။ မူကြိုကလေးတွေ၊ အတန်းငယ်ငယ်ကလေးတွေကိုဆို အာဟာရအလှူတွေ လှူချင်ပြန်တယ်။ ကာတွန်းစာအုပ်တွေ၊ ကစားစရာအရုပ်လေးတွေလည်း လှူချင်ပြန်တယ်။
တစ်နေ့ကပဲ သူငယ်ချင်းနဲ့တောင် ပြောဖြစ်သေးတယ်။ ကိုယ်ဘာလုပ်နေလဲဆိုတာကို လူတွေကို မချပြတတ်ဘူး။ ကိုယ့်ဟာကိုယ်လေး နေချင်တယ်ဆိုပြီးပေါ့။ ဒါပေမယ့် လူ့လောကမှာက ကိုယ်လုပ်နေတဲ့အရာတွေ မချပြပဲနေရင် နေလို့ မရတဲ့ အခြေအနေတွေက ရှိတော့ တချို့အရာတွေက ချပြနေရတယ်။
ကိုယ်တွေ လုပ်တဲ့ အလှူတွေက လူကြိုက်နည်းတယ်။ အသိအမှတ်ပြုခံရတဲ့ အလှူတွေ မဟုတ်ပြန်ဘူး။ " နင်တို့က လေပဲ ရှိတာပါကွာ။ ဘာမှလည်း မလှူပဲနဲ့။ " လို့ မေးလာခဲ့၊ ပြောလာခဲ့ရင် ကိုယ်တွေကလည်း တတ်နိုင်တဲ့၀င်ငွေကနေ လှူပါတယ်ဆိုပြီး ပြောပြောပြနေရတာကတော့ သိပ်ဘ၀င် မတွေ့လှဘူးပေါ့။
တစ်ခါတစ်လေ ဘုရားဖူးသွားလို့ အလှူငွေဖြတ်ပိုင်းဘောက်ချာလေး ပိုက်ဆံအိတ်ထဲကနေ ထွက်ကျလာခဲ့ရင်တောင် ဘုရားမှာ လှူခဲ့တဲ့ဖြတ်ပိုင်းဘောက်ချာလေဆိုပြီး ပြောမနေဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘေးပတ်၀န်းကျင်က လူတွေဟာ ဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မယ်။ အဲဘုရားမှာ လှူချင်မှ လှူမယ်။ ဒါကြောင့် ကျမတို့ဟာ တခြားဘာသာတွေအတွက် ethics(လူ့ကျင့်၀တ်)လေးထားသင့်တယ်လို့ ထင်ပါတယ်။
ခင်ခင်ချော
Keep Reading