Author's Profile Photo

ရိန်​ဇော်

4/06/2024

အချိန်အခါမဟုတ် ရွာ​သောမိုး (စာစီစာကုံး)

2 mins read
Education
အချိန်အခါမဟုတ် ရွာ​သောမိုး
(စာစီစာကုံး)'s photo

(ဆယ်တန်း စာစီစာကုံးခေါင်းစဉ်ကို
သဘောကျ၍ ရေးသည်။)

မိုးတွင်းမှာ မိုးရွာလျှင် မဆန်းပါ။ ဆောင်းတွင်းမှာ မိုးရွာခဲ့လျှင် နွေအခါ မိုးရွာခဲ့လျှင် အနည်းငယ် ဆန်းပြီ။ မိုး မည်သည့်ချိန်ရွာရမည်ကို သတ်မှတ်မထားပေ။ ကျွန်တော်တို့သည် တွေ့မြင်နေကျ အတွေးများဖြင့် ရှင်သန်နေကြသည်။ မိုးရွာလေ့ရှိသော နေ့များလာလျှင် မိုးရွာမည်ဟု ယူဆပြီး၊ မိုးမရွာသောနေ့များလာလျှင် မိုးမရွာတော့ဟု ထင်မြင်ကြသည်။ ထိုနေသားတကျနေ့ရက်များမှ ခွဲထွက်၍ မိုးရွာသွန်းခဲ့လျှင် အချိန်အခါမဟုတ်ရွာသောမိုးဟု သတ်မှတ်လိုက်ကြသည်။

အချိန်အခါမဟုတ် ရွာသောမိုးဟူသည် ထူးဆန်းပေသည်။ လူသားတို့အတွက် ကံကောင်းခြင်းကို သယ်ဆောင်လာမည်လား၊ ကံဆိုးခြင်းကို သယ်လာလေမည်လား ရင်ခုန်ရသည်။

ကမ္ဘာတဝှမ်း သစ်တောပြုန်းနေသည်။ သစ်တောပြုန်း၍ ရေဝေရေလဲ ဒေသများ ပျက်စီး၍ မြစ်များ တိမ်ကောလာသည်။ ပူနွေးမှုကြောင့် ရေခဲတောင်များ ပြိုပြီ။ ပူအိုက်လွန်းသော ဒေသတွင် ပိုမို ပူပြင်းလာပြီး လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ကာ ပင်လယ်မှ မုန်တိုင်းတို့ကို ဖိတ်ခေါ်သည်။ အပူပိုင်းဒေသကို ဦးတည်လာသော မုန်တိုင်းသည် ပင်လယ်မှ အေးမြသော မိုးစက်မိုးပေါက်တို့ကို ခေါ်ဆောင်လာရမည့်အစား အငြိုးကြီးသော မိုးမုန်တိုင်းကို ခေါ်လာသည်။ အချိန်အခါမဟုတ် ရွာသောမိုးသည် ကံဆိုးခြင်းတို့ကို သယ်ဆောင်လာလေသည်။

ရာသီဥတုဖောက်ပြန်လာခြင်း၏ နောက်စာမျက်နှာတွင် မိုးခေါင်ခြင်းလည်း ပါသည်။ စိုက်ပျိုးရေးဖြင့် အသက်မွေးသော တောင်သူလယ်သမားသည် မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်း ရှိသည်။ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်သူပေါများလှသော အကြောင်းရင်းတစ်ခုမှာ စိုက်ပျိုးရေးမကောင်း၍ ဖြစ်သည်။ အကြောင်းရင်းတစ်ခုမှာ မိုးခေါင်ခြင်းဖြစ်သည်။ တောင်သူလယ်သမားတို့တွင် ပျိုးထောင်ရမည့်အချိန်၊ ကောက်စိုက်ရမည့်အချိန်၊ ပေါင်းသင်ရမည့်အချိန်၊ ရိတ်သိမ်းရမည့်အချိန် အားလုံးသည် အချိန်ကိုက် ဖြစ်ရန်လိုသည်။ မိုးကိုလိုအပ်သောအချိန်တွင် မိုးမရွာသောကြောင့် လယ်သမားတို့ စိတ်ညစ်ကြသည်။ မိုးခေါ်ပွဲများ လွန်ဆွဲပွဲများ လုပ်ကြသည်။ မိုးရွာသည်နှင့် တိုက်ဆိုင်ခဲ့သော် သူတို့ အလွန်ပျော်ကြသည်။ မရွာတော့ဟု ယူဆထားသောအချိန်တွင် ရွာသောမိုးသည် အေးမြခြင်းနှင့်အတူ ပျော်ရွှင်ခြင်းကို ယူလာတတ်ပေသည်။

သင်္ကြန်ချိန်ခါနီးလာသည်နှင့်အတူ သင်္ကြန်မိုးဇာတ်ကားကို သတိရမိသည်။ ထိုဇာတ်ကားဇာတ်ဝင်သီချင်းတွင် "ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင် သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး"ဟု ပါသည်။ နွေရာသီပူအိုက်သောအခါ ရေကစားလေ့ရှိသော မြန်မာတို့၏ အတာတန်ခူးတွင်လည်း အချိန်အခါမဟုတ် မိုးရွာတတ်သည်။ စိုရုံအေးမြရုံ ဖျန်းပက်သော မိုးကို ကျွန်တော်တို့ မျှော်လင့်ကြသည်။ သို့သော် ဘဝသည် ထိုသို့ ဖြစ်ပါမည်လော။

အချိန်အခါမဟုတ် ရွာသောမိုးဟု ကြားလိုက်သည်နှင့် ငယ်ငယ်က နေခဲ့ဖူးသော အိမ်လေးကို လွမ်းမိသည်။ ငယ်ငယ်က နေခဲ့သောအိမ်လေးသည် မိုးမလုံပါ။ သက်ငယ်မိုး ထရံကာ အိမ်လေးဖြစ်သည်။ ဇူလိုင်လ မိုးမကျမီ သက်ငယ်မိုးရန် အဖေနှင့် အမေ ပိုက်ဆံစုနေသည်။ မတ်လသည် ပူပြင်းလှသည်။ သစ်ပင်တို့ ရွက်ကြွေချိန်ဖြစ်၍ အရိပ်မဲ့ကာ အပူပိုပြင်းသည်။ ယခင်နေ့ကထက် ယနေ့သည် ပိုပူသည်ဟု ထင်သည်။ ပူအိုက်ကာ ချွေးစေးတို့ ထွက်နေသည်။ ထိုညက မထင်မှတ်ဘဲ မိုးရွာလိုက်သည်။ မိုးနှင့်အတူ လေပြင်းတိုက်၍ မီးလည်းပျက်သွားသည်။ အမှောင်ထဲတွင် အိမ်ခေါင်မိုးပေါက်များမှ မိုးများကျလာသည်။ လူလည်း ရွှဲရွှဲစိုသည်။ အဖေနှင့် အမေက အိမ်ထဲမှ ပစ္စည်းများ မပျက်စီးစေရန် နေရာရွေ့နေသည်။ ကျွန်တော်တို့ မောင်နှမများသည် လုံတစ်ဝက်၊ မလုံတစ်ဝက် လုံမည်ထင်ရသော နေရာတွင် စုနေကြသည်။ ထိုညတွင် ရွာသောမိုးသည် ကျွန်တော့်ကို ခိုက်ခိုက်တုန်စေသည်။ မိသားစုကို အားငယ်စေသည်။ ဆင်းရဲခြင်း၏ သရုပ်ကို ဇာတ်နာစေသည်။ တိုက်အိမ်ကောင်းကောင်းတစ်ခုမှာ နေရသည်ရှိသော် အချိန်အခါမဟုတ် ရွာသောမိုးသည် ထိုမျှ ကြောက်ရွံ့စေမည် မဟုတ်ပါ။ မိုးမိသည်ဆိုသည်မှာ မိုးမိနေသောသူများသာ နားလည်နိုင်သည်။ အမိုးအကာ လုံခြုံသူများ နားမလည်နိုင်ပါ။ ဘဝတူများကိုလည်း သနားမိသည်။

အချိန်အခါမဟုတ်ရွာသောမိုးသည် မကောင်းသော အနုတ်လက္ခဏာကို ဆောင်သည်က များသည်။ ရာသီဥတုဖောက်ပြန်ခြင်းကို လူသားများ သတိမူသင့်သည်။ ဆင်းရဲခြင်း၏ အားနည်းချက်များကို လူသားများ သတိမူသင့်သည်။ အချိန်အခါမဟုတ်ရွာသောမိုးသည် ကျွန်တော်တို့ ကောင်းမွန်ရာများ လုပ်ရန် သတိပေးနေသည်။ ကျွန်တော်လွမ်းမိသော အိမ်လေးကို ပြုပြင်နိုင်ခဲ့သည်မှာ ထိုအချိန်အခါမဟုတ်ရွာသောမိုးကြောင့်ဟု ပြောဖြစ်လိမ့်မည် မထင်ပါ။

#reinzaw

Keep Reading

အပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့နဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါMy Life Notesဖန်ခွက်ဘယ်ရောက်နေပြီလဲ