Author's Profile Photo

Lexi

3/06/2024

ဗလာစာအုပ်

1 min read
General Knowledge
ဗလာစာအုပ်'s photo

ဗလာစာအုပ်တွေ စပြီး ဝယ်ကြတဲ့ ရာသီကို ရောက်လာပြန်ရောပေါ့ ...

ဘာရယ်မဟုတ် ပြီးခဲ့တဲ့ရက်က ဈေးထဲသွားပြီး လိုတာတွေ ဝယ်ရင်း ၊ လိုချင်တာတွေ ငေးရင်း ပေါ့လေ ။ ဒီလိုပဲ ဈေးထဲမှာ လမ်းပတ်လျှောက်နေတုန်း မူလတန်းအရွယ် ကလေးလေးနဲ့ သူ့အမေထင်ပါရဲ့ နှစ်ယောက်သား လက်ကလေးဆွဲလို့ ကိုယ့်ရှေ့ကနေ ဖြတ်သွားရော ။ အဲ့ဒီအချိန်မှာ သတိထားမိလိုက်တာက ကလေးလေးရဲ့ လက်ထဲမှာသယ်လာတဲ့ ဗလာစာအုပ် အထုပ်ကလေးပဲ ။ အဲ့တာ‌ကို တွေ့တာနဲ့ပဲ ချက်ချင်း စိတ်ထဲမှာ ဝမ်းနည်းတာလိုလို ၊ ဝမ်းသာတာလိုလို ဖြစ်သွားတော့တာ ။ အမှတ်တမဲ့ တွေ့လိုက်တဲ့ အရာလေးက အတိတ်ကို ဖြတ်ခနဲ ခေါ်ဆောင်သွားခြင်း လို့ပဲ ပြောရမလား ။

အပူအပင်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့ အရွယ်လေးတွေကို ကျွန်မတို့အများစုလည်း ဖြတ်သန်းခဲ့ကြတာ မဟုတ်လား ။ သိပ်ပျော်စရာ ကောင်းခဲ့ကြတာနော် ။ တွေးမိလိုက်တိုင်း ပြုံးမိနေတဲ့ အတိတ်လှလှလေးတွေပေါ့ ။ ပထမဆုံး ကျောင်းတက်ရတဲ့ရက်မှာ စာအုပ်အသစ် ၊ ခဲတံအသစ် နဲ့ ပထမဆုံး စာစပြီး ရေးရတာဟာ သိပ်အရသာရှိတာ ။ နောက်ပိုင်းကတော့ ဘယ်ပြောကောင်းမလဲ စာကို ပဲပင်ပေါက် လက်ရေးနဲ့ ‌ဖြစ်သလို ရေးကြတော့တာပဲ ။ ဒါလည်း အခု ပြန်တွေးကြည့်တော့ ကြည်နူးစရာတစ်ခု ဖြစ်နေရော ။

ဟော ... မုန့်စားဆင်းချိန်တွေ ဆိုရင်လည်း မုန့်စားတာနည်းနည်း ဆော့တာများများ ။ ကြိုးတွေခုန်ကြ ၊ စိန်ပြေးလိုက်တမ်း ကစားကြ ၊ နာမည်မရှိတဲ့ ကစားနည်းတွေရော ဆော့ကြတာမှ အစုံပဲ ။ ဒါ့အပြင် ကျွန်မတက်တဲ့ ကျောင်းမှာက အဲ့ဒီတုန်းက တောအုပ်လိုမျိုး နေရာတစ်ခု ရှိတယ် ။ မုန့်စားဆင်းတာနဲ့ အဲ့ဒီ တောအုပ်ဘက်ကို အုပ်စုလိုက်သွားပြီး အပင်လေးတွေရဲ့ ဥတွေကို တူးပြီး စားကြတာ ။ ဒါပေမဲ့ တစ်ကယ်တမ်းက အဲ့ဒီဥကို စားချင်ကြတာ မဟုတ်ဘူး ။ တူးရတာကို ပျော်ကြတာ ။ ငါတော့ ဘယ်နှဥ ရတယ်ဟေ့ ဆိုပြီး အပြိုင်အဆိုင် ကြွားကြတာပေါ့ ။ မုန့်စားဆင်းချိန်ကုန်လို့ ကျောင်းခေါင်းလောင်း တီးပြီဆို လက်တွေမှာလည်း မြေကြီးတွေ ပေလို့ ‌အပြေးအလွှား အတန်းထဲကို ပြေးကြရသေးတာ ။ သိပ်ပျော်စရာကောင်းတာပဲ ။ အခုတော့ အဲ့ဒီတောအုပ်ကြီးရှိခဲ့တဲ့ နေရာကလည်း ကျောင်းဆောင်အသစ်တစ်ခု ဖြစ်သွားပြီပေါ့ ။

နေ့လည် ထမင်းစား ကျောင်းဆင်းပြီဆိုရင်လည်း ထမင်းကို ဆယ့်ငါးမိနစ်လောက်နဲ့ ပြီးအောင်စားပြီး ကျန်တဲ့ လေးဆယ့်ငါးမိနစ် ကို ဆော့ကြတာ ဗြောင်းဆန်လို့ ။ နေ့လည် တစ်နာရီထိုးပြီး ကျောင်းပြန်တက်ပြီဆို ငိုက်ရတာလည်း အမော ။ ကျောင်းတက်တာမှ ငါးမိနစ်လောက် ရှိသေးတယ် ကျောင်းပြန်ဆင်းချင်နေကြပြီ ။ ကျောင်းသာဆင်းချင်တာ ကျောင်းဆင်းပြီးရင် ကျူရှင်ကလည်း ရှိသေးတယ် ။ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ ကျူရှင်တက်ရတာလည်း ပျော်တာပဲ ။ မူလတန်း ဆိုတော့ စာကိုလည်း အရမ်းကြီး ကြိုးစားမနေဘူးပေါ့ ။ ဆော့မယ် ၊ စားမယ် က အဓိကလို‌ ဖြစ်နေတာလေ ။ (ဒီလိုဆိုပေမဲ့ ကျောင်းမသွားချင်လို့ ကြက်သွန်နီ‌ ချိုင်းကြားဖွက်ပြီး ဖျားချင်ယောင်ဆောင်တဲ့ နေ့တွေလည်း ဒုနဲ့ဒေး ) ကျူရှင်ကိုသွားတဲ့လမ်းမှာ ရိက္ခာတွေက ဝယ်‌ကြသေးတာ ။ ခုမှ စိတ်ထဲပုံဖော်ကြည့်မိတာ ကလေးသေးသေးလေးတွေ အုပ်စုလိုက် မုန့်တွေဝယ်ပြီး လမ်းလျှောက်သွားကြတာ သိပ်ချစ်စရာကောင်းနေမှာပဲ ။ ဒီလိုနဲ့ပဲ ကျူရှင်ဆင်း‌တော့ လူကြီးတွေက အသီးသီး လာကြိုတာနဲ့ အိမ်ပြန်ကြတာပေါ့ ။ အိမ်ရောက်တော့လည်း အဝတ်အစားလဲ ထမင်းစားပြီး တစ်ခါဆော့ပြန်ရော ။ ဒီလိုပဲ ဆော့လိုက် ၊ စားလိုက် နဲ့ ပင်ပန်းတယ်ကို မရှိကြဘူး ။

ဒီလိုနဲ့ပဲ ညရောက်ရင် စောစောအိပ် ၊ မနက်ကျ စောစောထပြီး ကျောင်းပြန်သွားရင်း ပြီးဆုံးသွားခဲ့တဲ့ ရက် ၊ လ ၊ နှစ် တွေပေါ့ ။

ဗလာစာအုပ်နဲ့အတူ အတိတ်သို့တစ်ခေါက် ။

Lexi .

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels