Author's Profile Photo

ရိန်​ဇော်

26/05/2024

အသက်များနှင့် ကခုန်ခြင်း

6 mins read
Art
အသက်များနှင့် ကခုန်ခြင်း's photo

အခန်း(၁) အသက်

ကျွန်တော်တို့၏ အသက်သည် နေမင်းကြီးက စတင်ခဲ့သည်ဟု သိပ္ပံပညာက ဆိုသည်။နေမှရရှိသော စွမ်းအင်သည် သက်ရှိတို့၏ အစဟု ပြောကြသည်။ ဘာသာတရားကိုယုံကြည်သူများက ကျွန်တော်တို့၏ အသက်သည် ဘုရားသခင်၏ ဖန်ဆင်းမှုဟုဆိုသည်။ အသက်သည် မည်သို့စတင်ခဲ့သနည်းဟူသော မေးခွန်းကို ကျွန်တော် မဖြေဆိုနိုင်ပါ။ စဉ်းစားနိုင်စွမ်း၏ အဝေး ရောက်နေသည်။ သို့သော် အသက်ဟူသည်မှာ အမေ့ဗိုက်ထဲ လက်သည်းခွံအရွယ်ပင် မရှိသေးသော ကလေးငယ်၏ နှလုံးခုန်ခြင်းက စတင်သည်ဟု မှတ်သားရသည်။ အနားမရ ခုန်ရသော ကျွန်တော်တို့၏ နှလုံးသားရပ်တန့်သောနေ့သည် အသက်၏ နောက်ဆုံးနေ့ဖြစ်သည်။ ထိုအသက်တာသည် ဖြစ်ရပ်ဆန်းကျယ်တစ်ခုပမာပင်။ သဘာဝတရား၊ ဘုရားသခင်မည်သည်ကပင် ဖန်ဆင်းစေကာမူ အသက်သည် ကြီးမြတ်သောအရာတစ်ခုမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ဥပမာဆိုသော် သိပ္ပံပညာမည်မျှတိုးတက်နေသည် ဆိုသော်လည်း လူသားတစ်ယောက်ကို ပြုလုပ်နိုင်ပါပြီလား။ တရားဝင်ပြုလုပ်ချက် မရှိပါ။ လူသားတစ်ယောက်လုံးကို မဆိုထားနှင့် လူ၏ တစ်သျှူးတစ်မျိုးဖြစ်သော နှလုံးသားကို ပြုလုပ်နိုင်ပါပြီလား။ မပြုလုပ်နိုင်သေးပါ။ ထိုသို့မလုပ်နိုင်သေး၍သာ မကောင်းမွန်သော နှလုံးသားကို ဆေးဝါးများဖြင့်ဖေးမရင်း အသက်ရှင်နေကြရခြင်း ဖြစ်သည်။ လူသားတို့ မည်မျှပင် တိုးတက်စေကာမူ သက်ရှိတို့ကို ဖွဲ့စည်းထားသော မော်လီကျူးတစ်ခုသာဖြစ်သော နှစ်ပင်လိမ် 'ဒီအန်အေ' အကြောင်းကိုပင် ပြည့်ပြည့်စုံစုံ မသိသေးပါ။ ဆိုလိုသည်မှာ အသက်ဟူသည်ကြီးကျယ်မြင့်မြတ်လှသည်။ လူသားတို့ စီမံခန့်ခွဲသင့်သော ကိစ္စမဟုတ်ပေ။ သို့သော်လူတို့သည် အသက်များကို စီမံခန့်ခွဲနေကြသည်။ လူသားတစ်ဦးက တစ်ဦးကို သေစေ၊ရှင်စေ အမိန့်ပေးနေကြသည်။ ကိုယ့်ကိုယ်ကိုယ် အသက်များကို ထိန်းချုပ်နိုင်သူဟု ထင်လာကြသည်။ မိမိလက်ထဲသို့ မတန်မရာရောက်လာသော အသက်နှင့် လူသားတို့ ကစားကြသည်။

အခန်း(၂) အခင်းအကျင်း

"လူနာ ကိုကျော်ရဲ့ အစောင့်လားဗျ။"
"ဟုတ်ပါတယ်။"
"လူနာက အဆုတ်ကင်ဆာရှိတာ သိတယ်နော်။"
"ဟုတ် သိပါတယ်။"
"လူနာရဲ့ ဘယ်ဘက်အဆုတ်ထဲ ပိုက်ထည့်ရမှာ။ ထုံဆေးထိုးပြီး လုပ်ပေးမယ်။ ခွဲစိတ်မှုအန္တရယ်၊ ထုံဆေးအန္တရယ်ရှိတယ်။ အခန့်မသင့်ရင် အသက်အန္တရယ်အထိ ရှိတယ်။ သဘောတူလား။"
"တူပါတယ်။"
"တူရင် ဒီမှာ လက်မှတ်ထိုးပေးပါ။"
အထွေထွေရောဂါကုဆေးရုံကြီး၏ ခွဲစိတ်ဆောင်တွင် လူများ ဟို၀င်ဒီထွက် ရှုပ်ထွေးလှသည်။ ကလေးငယ်ကိုခါးထစ်ခွင်တွင် ချီထားသော ကလေးအမေတစ်ယောက် အဆောင်တွင်းသို့ ၀င်လာသည်။ ထိုသူသည် လူနာတစ်ယောက်၏ အစောင့်တစ်ယောက် ဖြစ်ပေမည်။ တောသူတောင်သားစစ်စစ် အဘကြီး၊ အမေကြီးများသည်လည်းလူနာလာစောင့်ကြရသည်။ အသက်နှင့် ပတ်သက်လာလျှင် လူတို့သည် အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေရောက်ရှိသော နေရာက အပြေးလာကြရလေသည်။ ထိုအချိန်၊ ထိုနေရာတွင် လက်ထောက်ဆရာ၀န်တစ်ယောက်က လူနာစောင့်အား ခွဲစိတ်မှုတစ်ခုအတွက် သဘောတူညီမှုကို တောင်းခံနေသည်။ ကိုကျော်ဟူသော လူနာမှာ အဆုတ်ကင်ဆာ ခံစားနေရသည်။ အဆုတ်ကင်ဆာမှာ အသက်ခုနှစ်ဆယ်ကျော်အရွယ်တွင်အဖြစ်များသော်လည်း ကိုကျော်သည် အသက်‌လေးဆယ်သာ ရှိသေးသည်။ လေးဆယ်ခန့်အရွယ်တွင် အဖြစ်နည်းသော်လည်း လုံးဝမဖြစ်ဟု မဆိုထားပါ။ ချောင်းဆိုးသွေးပါရာမှ စတင်သိရှိသည်။ ဓာတ်ကင်ခြင်း၊ ဆေးသွင်းခြင်းခံယူသော်လည်း မသက်သာသေးပါ။

အခန်း(၃) ကခုန်ခြင်း

"Chest tube ထည့်တတ်ပြီလား"
"ထည့်တတ်ပြီ ဆရာ"
ခွဲစိတ်ဆရာ၀န်ဆာဂျင်က လက်ထောက်ဆရာ၀န်ကို မေးသည်။ ခွဲစိတ်ဆောင်သို့ ရောက်လာခါစ လက်ထောက်ဆရာ၀န်ကလည်း ခွဲစိတ်မှုများကို လက်သွေးလိုစိတ် အပြည့်ရှိသည်။ နေ့စဉ် ပိုက်ထည့်ခြင်းကို မြင်နေကျဖြစ်သည်။ ဆယ်မိနစ်ခန့်သာကြာသည်။ ထုံဆေးဖြင့်သာ လုပ်ဆောင်ရသဖြင့် အသက်အန္တရယ် ဖြစ်လေ့မရှိ။

Chest tube insertion ခေါ် ရင်ဘတ်ထဲသို့ ပိုက်ထည့်ခြင်းကို နံရိုးကျိုး၍ အဆုတ်ထိခိုက်ကာ သွေးထွက်ခြင်း၊ အဆုတ်နှင့်ကာထားသော အမြှေးပါးကြား ပုံမှန်မဟုတ်ဘဲ လေများ၀င်ရောက်ခြင်း၊ အဆုတ်ကင်ဆာ၊ တီဘီစသော ရောဂါတစ်မျိုးမျိုး၏ နောက်ဆက်တွဲအဖြစ် အဆုတ်နှင့် အမြှေးပါးကြားအရည်၀င်ခြင်းစသော ရောဂါများတွင် လုပ်ဆောင်လေ့ရှိသည်။ အဆုတ်နှင့် အမြှေးပါးကြားရှိ အရည်ကို ပိုက်နှင့် အပြင်ထုတ်ကာ ပိုက်ကို ခုတင်အောက်နိမ့်သောနေရာတွင် ရေထည့်ထားသော ဗူးနှင့် ဆက်ပေးရသည်။ ရောဂါသက်သာ‌သောအခါ ပိုက်ဖြုတ်လေ့ရှိသည်။

လူနာ ကိုကျော်ကို minor procedure room ခေါ် အသေးစားခွဲစိတ်မှုလုပ်သော အခန်းထဲ ခေါ်ခိုင်းလိုက်သည်။ ခွဲစိတ်မှုမလုပ်မီ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း ပုံမှန်ဖြစ်သည်။ အဆုတ်မကောင်း၍ သွေးတွင်းအောက်ဆီဂျင် ပမာဏမှာ၈၀ရာခိုင်နှုန်းသာရှိသည်။

"ကိုကျော် ပိုက်ထည့်ရမှာ သိတယ်မလား။"
"ဟုတ်..ဆ..ရာ"

လူနာမှာ မောလွန်း၍ စကားပင်‌ ကောင်းကောင်း မပြောနိုင်ရှာ။ ကင်ဆာရောဂါသည်ပီပီ ပိန်လှီလှသည်။အသားအရေမှာ ခြောက်ကပ်လှသည်။ နှာခေါင်းမှ အောက်ဆီဂျင်ကို ပိုက်နှင့်ရှူ‌နေသော်လည်းအဆုတ်ဘယ်ဘက်တစ်ခြမ်းလုံး ၀င်နေ‌သောအရည်များကြောင့် သွေးထဲကို အောက်ဆီဂျင်မရောက်နိုင် ဖြစ်နေသည်။

"ပက်လက်လှန်လို့ရသေးလား"
"မ..ရ..ဘူး..ဆ ရာ"

ပက်လက်လှန်လိုက်သောအခါ ပိုမောသဖြင့် ခေါင်းရင်းကို သုံးဆယ်ဒီဂရီမြှင့်ထားရင်း ပိုက်ထည့်ရန် စတင်လိုက်သည်။ဘယ်ဘက်ရင်ဘတ်၊ နံရိုးနံပတ် ၅နဲ့ ၆ကြား၊ ချိုင်းတည့်တည့်ဆွဲတဲ့မျဉ်းနဲ့ ဆုံရာ သို့မဟုတ် အရှေ့အနည်းငယ်အကွာမှာ ထည့်မည်။ အရေပြားကိုပိုးမ၀င်စေရန် ဆေးကြောကာ ခင်းလိုက်သည်။ ထုံဆေးကို အဆုတ်အမြှေးပါးထိ ထိုးသည်။
"နာသေးလား ကိုကျော်"
"မ သိ တော့ ဘူး ဆ ရာ"
"ဆရာမရေ ဘလိတ်လေးပေးပါ။ စနပ်။ ကျု။ "
"အား"
"ရပြီ ကိုကျော် ခဏလေး"
"ဘောက်"

အဆုတ်အမြှေးပါးထဲ ပိုက်၀င်သွားကာ ပိုက်ထဲမှ ဝါကြန့်ကြန့်အရည်များ ထွက်လာသည်။ ပိုက်ကို ဗူးနှင့် ဆက်လိုက်သည်။ ခွဲထားသည့် နေရာကို ချုပ်ကာ ပိုက်မကျွတ်စေရန် ချည်ထားလိုက်သည်။ ခွဲစိတ်မှုအာင်မြင်ပါသည်။လက်ထောက်ဆရာဝန်၏ ပိုက်ထည့်နည်း အဆင့်ဆင့်မှန်ကန်ပါသည်။ လူနာကို မောဟိုက်စေသော အရည်များကိုဖောက်ထုတ်ရ၍ ဆရာဝန်မှာ ပျော်နေသည်။

"ဗူးပြည့်သွားပြီ ဆရာ။"

အလုပ်သမားကောင်လေးက ပြော‌သဖြင့် ပိုက်ကို ခဏပိတ်ကာ ရေသန့်ဗူးထဲ ပြောင်းထည့်သည်။ တစ်လီတာဗူး နှစ်ဗူး။ ပိုက်ကို ပြန်ဖွင့်လိုက်သောအခါ ထပ်ထွက်ပြန်သည်။ နောက်ထပ် နှစ်ဗူး။ ခဏတာအတွင်း စုစုပေါင်း ခြောက်ဗူးခန့် ထွက်လာသည်။
"တွေ့လား ကိုကျော် ဒီအရည်တွေကြောင့် မောနေတာဗျ။ ခင်ဗျား သက်သာသွားမှာပါ။"

လက်ထောက်ဆရာ၀န်လေးက ပြောနေသော်လည်း လူနာက သက်သာပုံမပေါ်။ လူနာက ပိုရှိုက်ရှူနေရပုံပေါက်သည်။ မည်ကဲ့သို့ လွဲချော်နေသနည်း။
"လူနာကို သွေးပေါင်ပြန်တိုင်းပေးပါ။"
"တစ်ရာ ခြောက်ဆယ်"
"သွေးခုန်နှုန်း တစ်ရာ"
"အောက်ဆီဂျင် ပမာဏ ၆၀ရာခိုင်နှုန်း"
မူလကထက် သွေးတွင်းအောက်ဆီဂျင် နည်းလာသည်။ လူနာ၏ ရင်ဘတ်မှာ ဖားဖိုကဲ့သို့ ဖုတ်လိုက်ဖုတ်လိုက်အသက်ရှူနေသည်။ မည်ကဲ့သို့ လွဲချော်ခဲ့သနည်း။
အခန်း(၄) အလျော်အစား

အဆင့်ဆင့် အဆင်ပြေပြေပြီးသွားခဲ့သော ခွဲစိတ်မှုအသေးစားတစ်ခု ဖြစ်သည်။ သို့သော် သက်သာမှုကိုဆောင်ကြဉ်းမပေးပါ။

"ဆရာ ဆာဂျင်ကို ခေါ်ပေးပါ။"
ဆရာရောက်လာသည်။
"ကျု့ထဲတာ ခြောက်ဗူးထွက်တယ် ဆရာ"
"လူနာက ပိုမောလာလို့။"

လူနာမှာ သက်သာမလာပါ။ ဝေဒနာပြင်းထန်လှသည်။ သတိပင် ကောင်းကောင်းမလည်တော့ပါ။ ဆေးပညာအခေါ် Re-expansion pulmonary oedema ၀င်သွားခဲ့သည်။ ကိုယ်ခန္ဓာသည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ချက်ခြင်းလက်ခံနိုင်စွမ်းမရှိပါ။ အရည်များနှင့် ပိကာ ပိန်ရှုံ့နေခဲ့သော အဆုတ်ကို ချက်ခြင်းပြန်ဖောင်းခိုင်း၍ မရပါ။ ဖြည်းဖြည်းချင်းသာ ဖောင်းခိုင်းရပါသည်။ ၆လီတာ ပမာဏရှိ‌သော အရည်များထွက်သွား‌သောအခါ ပိန်နေသောအဆုတ်သည်ချက်ချင်းပြန်‌ဖောင်းလာပြီး ကောင်းမည်ဟု မျှော်လင့်ရသော်လည်း ခန္ဓာကိုယ်က ထိုသို့ မဟုတ်ပါ။ ရုတ်တရက်ဖောင်းလာသော အဆုတ်ထဲသို့ အရည်များ ချက်ချင်း၀င်ရောက်ကာ အမောဖောက်ပါတော့သည်။ ဤကဲ့သို့ မဖြစ်စေရန် အရည်ကို နည်းနည်းချင်း ထုတ်ရသည်။ သို့မှသာ ခန္ဓာကိုယ်က ပုံမှန်ဖြစ်လာစေရန် ပြန်လည်ပြုပြင်‌ပေးသည်။ လွန်ပြီးမှ သိသောအသိသည် နောက်ကျခဲ့ပါပြီ။ လူနာကို သက်ဆိုင်ရာ ကင်ဆာဌာန၊ မေ့ဆေးဆရာ၀န်တို့နဲ့ ချက်ချင်းပြသသော်လည်း အချိန်မမီတော့ပါ။ အိုင်စီယူခေါ် အထူးကြပ်မတ်ကုသဆောင်တွင် ထားရန်ခုတင် မရှိပါ။ ခုတင်အားလုံးလူနာများ အပြည့်ရှိနေပါသည်။

"အဘ ကိုကျော်ရဲ့ လူနာစောင့်နော်။"
"ဟုတ်တယ် ဆရာ"
"တစ်ယောက်တည်းလား၊ အခြားသူ ပါသေးလား။"
"မပါဘူး ဆရာ။ ကျွန်တော်တစ်ယောက်တည်းပါ။
ကျွန်တော်က သူ့အဖေပါ။ သူ့မိန်းမက ကလေးတွေနဲ့မို့ မနက်ဖြန်မှ လိုက်လာမှာ။"

"စိတ်မကောင်းစရာပဲဗျာ။ လူနာ အခြေအနေ မကောင်းဘူး။"
"အဆုတ်ဘေးက အရည်ပမာဏက များတော့ နောက်ဆက်တွဲအနေနဲ့ ချက်ချင်းမောလာတယ်။အချိန် သိပ်မရတော့ဘူး။ မကြာခင် ဆုံးနိုင်တယ်။"
"ဟုတ်လား ဆရာ။"

ဖခင်တစ်ယောက်အတွက် သူ့သား၏ နောက်ဆုံးအချိန်ကို ကြုံရသောအခါ မည်မျှခံစားရမည်ကို မမှန်းဆနိုင်ပါ။

" သူ့ရောဂါကလဲ တော်တော်ဆိုးနေပါပြီ။
အခြေအနေ မကောင်းဘူးဆိုတာတော့ သိပြီးသားပါ။"

ဆာဂျင်က သူ့တပည့်လက်ထောက်ဆရာ၀န်၏ အပြစ်ကို ထည့်မပြောပါ။ ဤလူနာသည် ရောဂါရှိ၍ သေမည်မှာမှန်ပါသည်။ သို့သော် သူ့အသက်တာမှာ လပိုင်းထိ ရှိနိုင်ပါသေးသည်။ အသိမပြည့်စုံသေးသော ဆရာ၀န်တစ်ယောက်၏ လုပ်ရပ်ကြောင့် သူသည် နာရီပိုင်းအတွင်းမှာပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဆရာဝန်ဆိုသည်မှာ စေတနာနှင့် ဓားကိုင်ထားသော လူတစ်ယောက်သာ ဖြစ်သည်။ စေတနာကို ဖယ်လိုက်လျှင် ဓားကိုင်ထားသောလူသည်အခြားသူတစ်ယောက်ကို သေစေနိုင်ပါသည်။ လူနာစောင့်များက ထိုအဖြစ်အပျက်ကို နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။ ကုသရင်း လက်လွှတ်လိုက်ရခြင်းဟုသာ ထင်ကြပါမည်။လက်ခံကြမည်။ ဤအဖြစ်အပျက်ကို နောက်နေ့မှရောက်လာမည့် လူနာ၏ဇနီးလည်း အသက်မမီလိုက်‌သော်လည်းလက်ခံပါလိမ့်မည်။ လူနာသည် သူ့အကြောင်းသူသိပြီး ဇနီးနှင့် ကလေးများကို မှာစရာရှိကောင်း ရှိနိုင်ပါသည်။ယနေ့နှင့် မနက်ဖြန်ကိုတော့ သူနေထိုင်ရမည်ဟု မျှော်လင့်ခဲ့လိမ့်မည်။ သို့သော် သူ့အသက်တာသည် ခွဲစိတ်မှုလုပ်အပြီး လေးနာရီသာ ခံလိမ့်မည်ဟု သူထင်ခဲ့မည် မဟုတ်ပါ။

အခန်း(၅)ခေါင်းနှင့်ပန်း

လူများသည် ဒင်္ဂါးပြားကို တွေ့ဖူးကြပါလျက် ဒင်္ဂါးပြားအကြောင်းကို တွေးမိဖူးပါသည်လားဟု မေးချင်မိသည်။ဒင်္ဂါးပြားတစ်ပြားတွင်ရှိသော မျက်နှာနှစ်ဖက်ကို တူအောင်သွန်း၍ရသော်လည်း အဘယ့်ကြောင့် ခေါင်းနှင့်ပန်းအဖြစ် သွန်းရပါသနည်း။ စတင်သုံးစွဲခဲ့သူတို့၏ တွေးခေါ်ပုံကို မခန့်မှန်းနိုင်သော်လည်း ဒင်္ဂါးတစ်ပြားသည်ဘ၀တစ်ခုနှင့် တူလှပေသည်။ လူနာဘက်မှ အသက်ဟူသော မျက်နှာပြင်သည် အမှန်ဖြစ်သကဲ့သို့ ဆရာ၀န်ဘက်မှနိစ္စဓူ၀ကိစ္စဟူသော မျက်နှာပြင်မှာ အမှန်သာဖြစ်သည်။ သို့သော် လူတွေမေ့နေသော သဘာ၀တစ်ခုကို ပြောပြချင်ပါသည်။ ဒင်္ဂါးပြားတွင် ခေါင်းနှင့်ပန်း မည်သို့ပင်ခွဲထားစေကာမူ တစ်မျိုးတည်းသော ကြေး သို့မဟုတ် ငွေဖြင့်သာသွန်းထားသည်။ ခေါင်းနှင့်ပန်းသည် ခွဲခြားမရပေါင်းစည်းနေသည်။ တစ်ဖက်ကို ဖျက်ဆီးလျှင် အခြားတစ်ဖက်လည်း ထိခိုက်သည်။ တစ်ဖက်ကို ပိန်ရှုံစေလျှင် အခြားတစ်ဖက် လိုက်ပုံပျက်ရသည်။ လူနာကို ထိခိုက်နစ်နာစေခြင်းသည် ဆရာ၀န်သည် မိမိကိုယ်ကို ထိခိုက်စေခြင်းပင်ဖြစ်သည်။ ဆရာ၀န်နှင့် လူနာသည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်း ဖြစ်ကြပါသည်။

"The first commandment of a doctor: do no harm."ဆေးပညာဖခင်ကြီးဟစ်ပိုက‌ရေးတီးက မှာခဲ့သည်မှာ ရိုးရှင်းလှသည်။ ဆရာ၀န်တစ်ယောက် ပထမဦးဆုံးလိုက်နာရန်မှာ လူနာကို မနစ်နာစေရန်သာ ဖြစ်သည်။ ဆရာ၀န်တစ်ယောက်က လူနာကို နစ်နာစေခဲ့ပါသည်လား။

"ကျွန်တော် မှားသွားပြီ ဆရာ။
ကျွန်တော် မထည့်ဘဲထားရင် လူနာ အသက်ရှင်နေဦးမှာ။
ကျွန်တော် မှားသွားပြီ ဆရာ။"
"မင်းအမှား ဆိုပေမယ့် ဆရာ့အပြစ် မကင်းပါဘူး။ ဆရာက ဘေးက ကြည့်ပေးရမှာ။ ဆရာလည်း အရေးပေါ်ခွဲခန်းတက်ရတော့ မကြည့်လိုက်နိုင်ဘူး။"

ရက်စက်သောဆရာ၀န်တစ်ယောက်ဟု ယူဆသောနှလုံးသားမှာပင် ကယ်တင်လိုသော၊ ကောင်းစေလိုသော၊သက်သာစေလိုသော စိတ်ရှိသေးသည်ကို ဘေးလူများအတွက် မြင်နိုင်ရန်ခက်မည်။ ထိုနေ့က ဘယ်အရာတွေ ဖြစ်ခဲ့သနည်း။ လူနာခုတင် ၅၀ရှိသည့်နေရာတွင် လူအယောက်၁၀၀တက်ရောက်ခြင်းသည် အမှားများစေခဲ့သည်လား။ဆရာ၀န်၊ ဆရာမအင်အားရှိသင့်သည်ထက် ထက်၀က်ဖြင့် ဂျူတီဆင်းရခြင်းသည် အများများစေခဲ့သည်လား။ နားချိန်မရှိ တစ်ရက်လုံးလုံး ၂၄နာရီကျော် ဂျူတီဆင်းရခြင်းသည် အမှားများစေခဲ့သည်လား။ ဒင်္ဂါးပြား၏ မျက်နှာတစ်ဖက်ကို စေတနာဖြင့် သွန်းခဲ့သော်လည်း ဝေဒနာဖြစ်သွားခဲ့သည်လား။

အပြစ်မကင်းသော ဆရာ၀န်သည် လူနာကို နစ်နာစေခဲ့သည်။ သူ့လုပ်ရပ်သည် သူ့ကိုယ်သူလည်း နစ်နာစေခဲ့သည်။မိမိကြောင့် ဖြစ်ရခြင်းဟူသော အပြစ်ရှိသူဟု ခံစားရခြင်းသည် ဆရာ၀န်တို့၏ ဘ၀တွင် ရံဖန်ရံခါကြုံနေကျကိစ္စဖြစ်သည်။ အသက်များနှင့် ကစားခြင်းဆိုသည်မှာ မပြည့်စုံမှုအသေးအဖွဲလေးမှအစ လူနာ၊ ဆရာ၀န်နှစ်ဘက်လုံးကို နစ်နာစေတတ်သော ကစားပွဲဖြစ်သည်။ တချို့သောဆေးများသည် ခါးသက်သော်လည်း ကျွန်ုပ်တို့ နေ့စဉ်မျိုချနေကြရသည်။

အခန်း(၆) အသက်များနှင့် ကခုန်ခြင်း

ကျွန်တော်တို့၏ ပတ်ဝန်းကျင်သည် သာယာသော ကမ်းခြေတစ်ခုဖြစ်ချင်ဖြစ်မည်။ ဇိမ်ခံကားနှင့် အပျော်ခရီးသွားနေခြင်းလည်း ဖြစ်မည်။ ဆွတ်ပျံ့ဖွယ် ရုပ်ရှင် သို့မဟုတ် တေးသီချင်းတစ်ပုဒ်ကို ခံစားနေချိန်လည်း ဖြစ်မည်။ကြယ်သာသော ညကောင်းကင်အောက် ငေးမောနေရခြင်းလည်း ဖြစ်မည်။ သို့သော် ကျွန်တော်တို့၏ စိတ်ကို ထိုအခြေအနေတွင် မရှိစေရန် စွမ်းနိုင်သော ကစားပွဲ တစ်ခုရှိသည်။ မတန်မရာပေးအပ်ထားသော အသက်များကို စီမံခန့်ခွဲခွင့်ကို လူသားတို့ ရရှိခဲ့ကြသည်။

ခွဲစိတ်ဆရာ၀န်အနေနှင့် ခွဲစိတ်မှုသည် နေ့စဉ်ကိစ္စဖြစ်သည်။ ခွဲစိတ်မှုတစ်ခုသည် ဆရာ၀န်အတွက် ထမင်စားခြင်း၊ရေသောက်ခြင်းကဲ့သို့ သာမန်ကိစ္စတစ်ခုပင်။ သို့သော် ခွဲစိတ်ခြင်းဆိုသည်မှာ လူနာ၏ တစ်ဘ၀လုံးကိုလောင်းကြေးထပ်လိုက်ခြင်းပင် ဖြစ်သည်။ အသက် သို့မဟုတ် ရှင်သန်ခြင်းဟူသည် လူနာအတွက် ဘ၀ကို အရင်းခံထား‌သော ကစားပွဲဟု အဓိပ္ပာယ်သက်ရောက်သော်လည်း ဆရာ၀န်၏ သာမန်ကိစ္စတစ်ခုဟု အဓိပ္ပာယ်သက်ရောက်သည်။ ထိုကွဲပြားသော အမြင်နှစ်ခုကြားတွင် ထိခိုက်ခံစားခဲ့ရသော ဘ၀များ ရှိနိုင်ပါသည်။

(ဖြစ်ရပ်မှန် မဟုတ်ပါ။ ရေးသားသူ၏ စိတ်ကူးသာ ဖြစ်သည်။)

#reinzaw

၂၀၁၉၊ ဓူဝံ​ဆေးခန်း စင်တင် ဝတ္ထုတို
ကိုဗစ်​ကြောင့် စာအုပ်ထုတ်ခြင်း အစီအစဉ် ပျက်သည်။
ဆရာညီပု​လေးနှင့် ဆရာဆူးငှက် အကဲဖြတ်​ရွေးချယ်သည်။

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်