Nay Yoon
မြန်မာရုပ်ရှင်တွေထဲမှာအခုလိုမျိုး Horror ဆန်တဲ့ဇာတ်ကားမျိုးကိုမတွေ့ဖြစ်တာကြာခဲ့ပြီဆိုတော့ Offical Tralier ထွက်အပြီးမှာကြည့်ချင်နေခဲ့သောဇာတ်ကားတစ်ကား။
ပါဝင်တဲ့သရုပ်ဆောင်တစ်ယောက်ချင်းစီတိုင်းဟာလည်း ဒီဇာတ်နဲ့လိုက်ဖက်မယ်လို့ထင်ထားတဲ့အတွက်ကြောင့်သေချာကြည့်ဖြစ်ခဲ့တယ်။
ပထမဆုံးချီးကျူးရမှာက ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်ဆရာဒီဒီထက်အောင်ပါ။
ဟာသရုပ်ရှင်တော်တော်များများရဲ့ ဇာတ်လမ်းဇာတ်ညွှန်းရေးသူတစ်ယောက် (မုန်းခွင့် ၊ ရည်ရွယ်မိုး ၊ စာရိတ္တ) စသည့် Drama ကားကောင်းတွေလည်းဆရာဖန်တီးခဲ့ပါတယ်။
အခုညမင်္ဂလာမှာတော့ဆရာကသူကိုယ်တိုင်ပဲဇာတ်လမ်းဇာတ်ညွှန်းအပြင် ပထမဆုံးဒါရိုက်တာအဖြစ်အနေနဲ့ပါပုံဖော်ခဲ့မိတာသဘောကျမိတဲ့တစ်ချက် ၊ ပါဝင်ရတဲ့စီနီယာသရုပ်ဆောင်တိုင်းကိုသေချာ Control လုပ်သွားပြီးဇာတ်လမ်းကိုကြည့်ရှုသူတွေအားဆွဲဆောင်သွားစေနိုင်တဲ့ အလင်းအမှောင်ရိုက်ချက်တွေ ၊ အသံတွေနဲ့ဖန်တီးပြုလုပ်နိုင်တာဟာသူ့ရဲ့ပထမဆုံးရုပ်ရှင်လို့တောင်မထင်ထားနိုင်အောင်ပါပဲ။
ဒုတိယကကိုနေတိုး ဒီနှစ်ထဲအောင်စည်အောင်မောင်းဇာတ်ကားမှာလည်းသဘောကျခဲ့ရသလို အခုညမင်္ဂလာမှာလည်းလွမ်းဝေနဲ့ဇော်ဝေဆိုတဲ့နှစ်ကိုယ်ခွဲကာရိုက်တာကိုပိုင်နိုင်စွာသရုပ်ဆောင်ပြသွားနိုင်တယ်။
အကြီးဖြစ်တဲ့ဇော်ဝေရဲ့ပေါ့ပေါ့နေပေါ့ပေါ့စား ကြောက်တတ်လွန်းပြီးသတ္တိမရှိတဲ့ဇာတ်ဝင်ခန်းတွေ (တော်တော်များများတော့ဟာသခန်းတွေဖြစ်ပါတယ်။) လွမ်းဝေရဲ့စိတ်ရှုပ်ထွေး ၊ သောကများမှု ၊ နောင်တတရားတွေ ၊ အကြောက်တရားတွေနဲ့ဖြတ်သန်းနေရတဲ့မျက်နှာအမူအရာတွေဟာလည်းဝါရင့်မင်းသားတစ်ယောက်ပီသစွာဇာတ်ကိုအပိုအလိုမရှိခေါ်ဆောင်သွားနိုင်ခဲ့တယ်။
တတိယမြောက်ကမကြီးစိုး၊ မကြီးရဲ့အနုပညာသက်တမ်းတစ်လျှောက်လုံးမှာမလုပ်ဖူးသေးတဲ့ပထမဆုံးကာရိုက်တာဆိုတာသိရတော့စိတ်ဝင်စားမိတယ် ၊ ဘယ်လိုတွေလာမှာလဲဆိုတာမျှော်ခဲ့ရတာပေါ့ ၊ Tralier မှာမြင်ရတော့အိမ်အကူအမျိုးသမီးနေရာဆိုတော့ အင်း..မထူးဆန်းပါဘူး ဆိုပြီးတွေးခဲ့ပေမယ့်အဲ့တစ်ချက်တော့လွဲသွားခဲ့ပါတယ်။
ဇာတ်ရဲ့တစ်ခုလုံးမှာအလှုပ်ဗန့်ကမကြီးဖြစ်ပြီး ဇာတ်ကိုဆွဲခေါ်သော Tempo အမြင့်ဆုံး Scenes တွေကမကြီးရဲ့ဇာတ်ဝင်ခန်းတွေပါပဲ။
အဲ့တော့မကြည့်ရသေးတဲ့သူများရှိရင် Spoiler ပေးသလိုဖြစ်မှာစိုးလို့ဒီလောက်ပဲပြောပါမယ်။
ရွှေသမီး ကတော့ကိုယ်တွေထင်ထားတာထက်ပါဝင်ရတဲ့ဇာတ်ဝင်ခန်းကနည်းနေခဲ့တယ် ၊ Tralier ထဲကဇာတ်ဝင်ခန်းမှာသူမရဲ့အခန်းတွေများတာကြောင့်သူ့ကိုဇာတ်ဆောင်ထင်ခဲ့ပေမယ့်တကယ်ကျသူမရဲ့လုပ်ကွက်ထင်သလောက်မရှိခဲ့ပါဘူး။
ဒါပေမယ့်မျက်လုံးပုံစံအိုက်တင်အပြောင်းအလဲ ၊ ပျော်ရွှင်ဟန် ၊ စိတ်ဆိုးဒေါသပေါက်ကွဲထွက်ဟန်တွေကို အပိုအလိုမရှိပဲလုပ်ပြသွားနိုင်တာတွေကအရင်ကထက်ပိုကောင်းလာတာမြင်ရပါတယ်။
ရတနာဗို ကိုတော့ဒီဇာတ်ကောင်အနေနဲ့တွဲမြင်မိတဲ့အထိတစ်သားတည်းကျလောက်အောင်သူမကသရုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။
သူမကလည်း ဒီနှစ်အတွင်းပြုစားရုပ်ရှင်မှာသဘောကျခဲ့သလိုအခုဒုတိယရုပ်ရှင်မှာလည်းပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူရဲ့ချစ်သူကိုလုယူသလိုခံစားရမိပေမယ့် သူမမမှားဘူးဆိုတဲ့အမူအရာ ၊ ယောကျ်ားဖြစ်သူက " ချို့ကိုခဏခဏမြင်နေရတယ် မိန်းမရယ် " လို့ဆိုတဲ့အခါ " ချိုကသေသွားတာတောင်ရှင့်ကိုလွတ်မြောက်ခွင့်မပေးဘူးနော် " ဆိုပြီးစိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ပန်ဆိုတော်တော်သဘောကျမိတယ်။
စိတ်အရမ်းဆိုးပေါက်ကွဲပြရမယ့်အခန်းမှာမပေါက်ကွဲပဲသက်ပြင်းလေးချပြီးထွက်သွားတဲ့အခုဇာတ်ဝင်ခန်းလေးကိုသဘောကျမိတယ်။
နောက်ဆုံးတစ်ယောက်ကယမုံမြင့်မြတ် အသစ်တစ်ယောက်အနေနဲ့သေချာကြိုးစားပြီးကိုယ့်ကာရိုက်တာအပေါ်ကိုစိတ်နှစ်ပြီးလုပ်ခဲ့တာလေးတွေမြင်ရတယ်။
သူမဆိုရင်သရဲပူးကပ်တဲ့အခန်းတွေကများတဲ့အခါ ထမင်းပန်းကန်ထဲကိုမျက်နှာကြီးမှောက်ချလိုက်တာမျိုး ၊ အုတ်နံရံနဲ့ခေါင်းကိုပြေးဆောင့်တဲ့အခန်းမျိုးတွေဆို ပြောင်းလဲသွားတဲ့မျက်နှာအမူအရာတွေဟာကိုယ်တေမချီးကျူးပဲမနေနိုင်အောင်လုပ်ပြနိုင်သွားခဲ့တယ်။
သူ့ရဲ့ဇာတ်ဝင်ခန်းတချို့မှာကိုယ်တွေရင်တမမနဲ့အော်ဟစ်ခဲ့မိပြီးကြည့်ရတဲ့အထိပါခဲ့ပါတယ်။
ရုပ်ရှင်တစ်ခုလုံးကိုခြုံငုံပြောရရင်ကြောက်စရာဆိုတာထက်ရယ်စရာလေးတွေပါမယ် ၊ ပြီးတော့ရသတစ်ခုအနေနဲ့ဘာရလဲ ဘာတွေသိလိုက်လဲဆိုရင် အချစ်တစ်ခုဆိုတာနှလုံးသားနဲ့ချည်းဆုံးဖြတ်ရတဲ့အရာမဟုတ်ပဲဦးနှောက်နဲ့ပါရွေးချယ်သင့်တယ်ဆိုတာရယ် ၊ ဆက်ဆံရေးတစ်ခုမှာအချိန်တွေအကြာကြီးတွဲလာမြဲလာတာကိုအချစ်လို့ခေါင်းစဥ်တပ်ပြီးထိုအရာရဲ့အောက်မှာနစ်မြုပ် ၊ ပြသနာတစ်ခုခုဆိုညှိုနှိုင်းသေချာဆွေးနွေးနားလည်မှုတွေမထားပဲ စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်ပြသနာတွေတက် ၊ ပြီးရင်ပြန်ပြေလည်ကြနဲ့သံသရာလည်နေတဲ့စုံတွဲတွေအကြောင်းကိုသေချာမြင်မိသွားတယ်။
အချစ်ဆိုတာချစ်တတ်ရင်ဆေးဖြစ်ပြီးအေးချမ်းရမှာဖြစ်သလို မချစ်တတ်ရင်တော့ဘေးဖြစ်ပြီးအဆိပ်သင့်လောင်ကျွမ်းစေနိုင်တယ်ဆိုတာသတိထားမိလိုက်တယ်။
နောက်တစ်ချက်ကမိခင်တစ်ယောက်ရဲ့ချစ်ခြင်းနဲ့အတ္တတွေကြားမှာ အမုန်းတွေနဲ့ပူလောင်မှုတွေထပ်တိုးရောက်လာကာမလုပ်သင့် မပြုအပ်တဲ့အမှားတွေပြုလာတတ်ကြောင်းလည်းတွေ့မိတယ်။
အဆုံးသတ်ထိနောင်တမရပဲ ဗီလိန်ဟာတစ်ကျော့ပြန်လည်လာခြင်းနဲ့ဇာတ်ကိုအဆုံးသတ်ထားတာကလည်းသဘာဝကျပြီးရိုးရှင်းလွန်းတယ်လို့ခံစားရမိတယ်။
ရုပ်ရှင်ရဲ့ဇာတ်ဝင်တေးတွေနဲ့နောက်ခံတေးဂီတအပိုင်းဆိုလည်း သီချင်းကိုထင်ထားတာထက်အပြည့်အဝထည့်သွင်းမပေးတာလေးတစ်ခုကလွဲရင်ကျန်တာအဆင်ပြေပါတယ်။
ဒီနှစ်ထဲကြည့်ရတဲ့ရုပ်ရှင်တွေထဲ ကျေနပ်သဘောကျအားရမိသောရုပ်ရှင်ကားတစ်ကားအဖြစ်ထပ်တိုးသွားတယ်လို့ဆိုရပါမယ်။
Linn....
31 August 2025
8:35 Pm
Keep Reading