လွန်
Studio Ghibli ရဲ့ Animation တွေမှာ My Neighbor Totoro ကို ပထမဆုံးကြည့်ခဲ့ဖူးပါတယ်။ နောက်ကျ Ponyo၊ Spirited Away၊ Whispered of the Heart အစရှိသဖြင့် ဆက်ကြည့်ဖြစ်တယ်။ Ghibli ကားလေးတွေက ဒီတိုင်းကြည့်ရင်ကို အရသာရှိမယ့်အစားအသောက်ပုံလေးတွေ၊ သိပ်လှတဲ့ရှုမျှော်ခင်းတွေ၊ ထူးခြားဆန်းပြားမှုတွေနဲ့ ပြည့်နှက်တယ်။ ဖန်တီးမှုအားကောင်းတယ်။ စိတ်ကူးယဉ်စရာ၊ ချစ်စရာကောင်းတယ်။ ဒါတွေထက်ပိုပြီးတော့ကို စိတ်ဝင်စားဖို့ကောင်းတာကတော့ သူ့ရဲ့ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေပါပဲ။
Ghibli ဇာတ်လမ်းတိုင်းမှာ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး Hayao Miyazaki က သူ့ရဲ့အမြင်တွေ၊ အတွေးအခေါ်တွေကို ပေါ်လွင်အောင်ဖော်ပြတတ်ပါတယ်။ Miyazaki ရဲ့ ဇာတ်ကောင်တွေက မြင်နေကျ ပုံစံခွက်ထဲလောင်းထည့်ထားတဲ့ ယောကျ်ားလေးဇာတ်ကောင်၊ မိန်းကလေးဇာတ်ကောင်တွေမဟုတ်ကြဘူး။ မိန်းကလေးဦးဆောင်တဲ့ဇာတ်လမ်းအနေနဲ့ နာမည်ကျော် Spirited Away ကိုပဲ ဥပမာထားကြည့်ကြမယ်။ Spirited Away ရဲ့ အဓိကဇာတ်ဆောင်က ချီဟီရိုပါ။ အရွယ်က ကလေးလေးပဲရှိပါသေးတယ်။ သူ့မိဘတွေဒုက္ခရောက်ပြီးတဲ့နောက် သူရောက်နေတာ ဝိဉာဉ်လောကပဲဆိုတာသိပြီး ဘာလုပ်ရမှန်းမသိတဲ့အချိန် "ဟခု"က သူ့ကိုကူညီခဲ့တယ်။ ဒါပေမဲ့ Miyazaki က ချီဟီရိုကို သမာရိုးကျ Damsel in Distress အဖြစ်ပုံမဖော်ထားဘူး။ ဟခုကလည်း Prince Charming မဟုတ်ဘူး။ ချီဟီရိုကို ဟခုကဘာလုပ်ရမယ်ဆိုတဲ့လမ်းကို အစဖော်ပေးခဲ့တာမှန်တယ် ဒါပေမဲ့လိုက်ကယ်တင်ပေးနေတာမဟုတ်ဘူး။ သူအသက်ဆက်ရှင်ဖို့အတွက် ချီဟီရို သူ့လမ်းသူရှာရတယ်။ မိဘတွေပါမလာတော့တဲ့ခရီးကို ဆက်ထွက်ဖို့အတွက် သူ့အားသူကိုးရပါတယ်။ ဒါဟာ Miyazaki ပိုင်ဆိုင်တဲ့ဇာတ်ကောင်တွေရဲ့ စွမ်းအားပါပဲ။
လူဆိုး Antagonist ဆိုတဲ့ဘက်ကိုကြည့်ရင်လည်း Ghibli ရဲ့ လူဆိုးတွေက တစ်ဖက်မြင်ပုံသေကားချလူဆိုးတွေမဟုတ်တာများပါတယ်။ ဥပမာအဖြစ် Spirited Away ရဲ့ Antagonist ဖြစ်တဲ့ ယူဘာဘာကိုပဲပေးမယ်ဆိုပါစို့။ ယူဘာဘာ အကျင့်မကောင်းပါဘူး။ နာမည်တွေကို သိမ်းဆည်းပြီး ထာဝရအခိုင်းအစေအဖြစ် ချုပ်ထားချင်တဲ့ စုန်းမကြီးပါ။ ဒါပေမဲ့ သူ့မှာလည်း သူ့ရဲ့ နူးညံ့တဲ့အပိုင်းရှိတယ်။ တစ်ဖက်မှာမကောင်းပေမဲ့ တစ်ဖက်မှာ သူ့ကလေးလေး"ဘို"ကိုတော့ မျက်နှာအညှိုးမခံအောင်ကို ချစ်တတ်တဲ့မေမေဖြစ်နေတယ်။ ပြောရရင် လူတစ်ယောက်က(လူလို့ပဲ ရည်ညွှန်းပြောလိုက်ပါရစေ) မကောင်းတာချည်းပဲမဟုတ်ဘူး၊ ကောင်းတာချည်းပဲလည်းဖြစ်ချင်မှဖြစ်မယ်ဆိုတဲ့ သဘောတရားကို Ghibli ရဲ့ လူဆိုးတွေမှာ တွေ့ရတတ်တယ်။ တချို့ဇာတ်လမ်းတွေမှာ သူကလူဆိုးဟုတ်ရဲ့လားလို့ ပြန်မေးရလောက်အောင် ရှုပ်ထွေးတဲ့ ဇာတ်ကောင်တွေလည်းပါပါသေးတယ်။
Princess Mononoke ကိုကြည့်ပါ။ လူသားတွေဟာ တောအုပ်တွေဘက်ဆီ နယ်မြေချဲ့ထွင်ဖျက်ဆီးကြတဲ့အတွက် မင်းသမီးလေးမိုနိုနိုခဲနဲ့ တောအုပ်ရဲ့နတ်ဝိဉာဉ်တွေက လေဒီအီဘိုရှီအပါအဝင် လူသားတွေကို ပြန်လည်တိုက်ခိုက်ကြတယ်။ လေဒီအီဘိုရှီဟာ သံမြို့ကိုတည်ထောင်တယ်။ တောတွေပြှုန်းတီးတဲ့အထိဖျက်ဆီးပစ်တယ်၊ လက်နက်ခဲယမ်းတွေ ဖန်တီးပစ်တယ်။ တောအုပ်ရဲ့နတ်ဝိဉာဉ်တွေကိုလည်း သတ်ဖြတ်တယ်။ ငွေရဖို့အကုန်လုပ်မယ့် လောဘသားလိုပါပဲ။ ဒါပေမဲ့ သံမြို့ကလူတိုင်းက လေဒီအီဘိုရှီကိုချစ်ကြတယ်။ လေဒီအီဘိုရှီရဲ့သံမြို့ဟာ အပယ်ခံလူတွေခိုနားရာဖြစ်တယ်။ အဲ့မှာပြည့်တန်ဆာဘဝကနေ လွတ်လာတဲ့အမျိုးသမီးတွေရှိတယ်၊ နူနာစွဲကပ်နေတဲ့လူတွေရှိတယ်။ သူတို့အားလုံးက သံမြို့မှာတော့ လူတန်းစားတစ်ရပ်တည်းပဲ။ သံမြို့မှာ လူတိုင်းနိုင်ရာတာဝန်ကိုထမ်းရတယ်။ အဲ့တော့ နူနေတဲ့သူမှာလည်း အသက်ဆက်ရှင်ဖို့ရည်ရွယ်ချက်ရှိလာတယ်။ ပြည့်တန်ဆာဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတွေလည်း သူတို့ဘဝသစ်ကို သံမြို့မှာစတင်နိုင်တယ်။ တောအုပ်ရဲ့နတ်ဝိဉာဉ်တွေအတွက် လေဒီအီဘိုရှီက နတ်ဆိုးမဖြစ်ချင်ဖြစ်မယ်၊ သံမြို့ကအပယ်ခံလူတွေအတွက်တော့ သူဟာနတ်ဘုရားမတစ်ပါးဖြစ်နေလိမ့်မယ်။ Ghibli Antagonist တွေရဲ့အားသာချက်က သူ့တို့မှာ အဆိုးချည်းတစ်လမ်းသွားတဲ့လူဆိုးတွေမဟုတ်ဘဲ ရှုပ်ထွေးတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိနေတတ်တာမျိုးပဲဖြစ်ပါတယ်။ Howl's Moving Castle ထဲက "Witch of the Waste"ဟာလည်း ဒီလိုဇာတ်ကောင်တစ်ယောက်ပဲဖြစ်ပါတယ်။
Ghibli Animation တွေကို တခြားအရာတွေနဲ့ ကွဲထွက်နေစေတဲ့ အရာတစ်ခုလည်းရှိပါသေးတယ်။ Ghibli ဇာတ်ကားတွေကိုကြည့်ရင် သတိထားကိုထားမိပါလိမ့်မယ်။ ရှုမျှော်ခင်းတွေကိုပဲ သီးသန့်ပြနေတာမျိုး၊ သဘာဝတရားနဲ့ သူ့ဘာသူဖြစ်နေတဲ့အရာတွေကလွဲရင် ဘယ်သူကမှဘာမှမပြောနေ၊ မလုပ်နေတဲ့အချိန်ကလေးတွေပါပဲ။ ဥပမာအဖြစ် Spirited Away ထဲက ချီဟီရိုနဲ့ No-Face တို့ ရထားစီးသွားတဲ့ ဇာတ်ဝင်ခန်းလေးကို ထုတ်ပြရင် သတိရလွယ်မှာပါ။ ချီဟီရိုတစ်ယောက် ယူဘာဘာရဲ့အမြွှာညီအစ်မဇန်နီဘာဆီသွားဖို့အတွက် ရထားစစီးတဲ့ဇာတ်ဝင်ခန်းဟာ (၂)မိနစ်ကျော်ကြာပါတယ်။ အဲ့အချိန်လေးမှာ ဇာတ်ကိုရှေ့ပို့ပေးမယ့် ဒိုင်ယာလော့ဂ်တစ်ခွန်းမှမပါသလို၊ တစ်ခုခုဖြစ်သွားမယ့်အရာ ဘာမှလည်းထမလုပ်ကြပါဘူး။ ဇာတ်ကောင်တွေက ငြိမ်ငြိမ်လေးပဲထိုင်နေတာဖြစ်ပြီး အဲ့နေရာရဲ့ အိပ်မက်ဆန်ဆန်ပတ်ဝန်းကျင်ကိုပဲ ပြသသွားပါတယ်။ အကုန်တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ရောက်နေတဲ့လောကကို ခံစားဖို့ပဲလိုအပ်တဲ့ ကာလလေးပါ။
နောက်တစ်ခုထပ်ပြောရမယ်ဆို "My Neighbor Totoro" ထဲက ဇာတ်ဝင်ခန်းလေးတစ်ခုပါ။ တိုတိုရိုထဲက ညီအစ်မလေးနှစ်ယောက်၊ စတ်စုခိလေး သူ့ညီမလေးမဲ့ကို ကျောပိုးပြီး ကားမှတ်တိုင်မှာ ရပ်နေတယ်။ အဲ့အချိန်မှာ ဒိုင်ယာလော့ဂ်တွေမပါဘူး၊ လုပ်ဆောင်ချက်တွေမရှိဘူး။ ဇာတ်လမ်းရှေ့ဆက်ဖို့အတွက်လည်း ဘာမှဖြစ်မနေဘူး။ ဖြစ်နေတာဆိုလို့ ရွာနေတဲ့မိုးသံနဲ့ လေတိုးသံလေးတွေပဲရှိပါတယ်။ ဒါဟာ ကြည့်ရှုသူကို ကြည့်နေရုံသက်သက်မဟုတ်ဘဲ ကိုယ်တိုင်ဝင်ရောက်ခံစားမိအောင်လုပ်ပေးတာပါ။ အမြင်၊အကြားနဲ့တင်မကဘဲ ရနံ့၊အရသာ၊အထိအတွေ့ကိုပါ ခံစားရအောင်လုပ်ပြီး ဇာတ်လမ်းဖြစ်တည်နေတဲ့ကမ္ဘာထဲကိုခေါ်သွားတတ်တာ Ghibli ရဲ့ ဝိသေသလေးတွေပါ။ အားလုံးငြိမ်သက်ပြီး ညီအစ်မလေးနှစ်ယောက်နဲ့ တိုတိုရိုတို့ မတ်တပ်ရပ်နေတဲ့အချိန်၊ မိုးရွာလေတိုက်သံတွေပဲကြားနေရတဲ့ကာလလေးမှာ ကြည့်ရှုသူဟာ လေထဲကမိုးနံ့လေးရပြီး ဖွဲဖွဲရွာနေတဲ့မိုးရဲ့ စိုစွတ်မှုကို ခံစားရသလိုမျိုး၊ ဘတ်စ်ကားကလည်းကြာလိုက်တာဆိုပြီး စောင့်နေရတဲ့စိတ်လေးဖြစ်လာသလိုမျိုး။ ကျွန်တော်တို့ကို ကြည့်နေရုံမဟုတ်ဘဲ အတူတူရှိနေစေချင်တာပါ။ တိုတိုရို့ထီးပေါ် မိုးစက်လေးတောက်ခနဲကျလာသံလေးတွေ၊ တုန်တက်သွားတာလေးတွေကို ဇာတ်ကောင်တွေနဲ့ ထပ်တူခံစားစေချင်လို့ ဒီလိုဇာတ်ဝင်ခန်းလေးတွေတည်ရှိနေတာပါ။ ဒီလိုနေရာလေးတွေ ဘယ်လိုမျိုးဖြစ်ပေါ်လာတာလဲ။ အဲ့ဒါကို ခေါ်ဝေါ်တဲ့အသုံးအနှုန်းလေးရှိပါတယ်။
"Ma 間"
အထက်မှာပြောခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ဇာတ်ဝင်ခန်းလေးတွေဟာ Ghibli ဇာတ်လမ်းတွေမှာ Miyazaki အမြဲတမ်းအသုံးပြုတဲ့ "Ma 間" ဆိုတဲ့ သဘောတရားလေးပေါ်အခြေခံပါတယ်။
- "Ma 間" ဟာ ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ လူနေမှုစနစ်မှာပါ အမြစ်တွယ်နေတဲ့သဘောတရားဖြစ်ပြီး ယဉ်ကျေးမှုအနုပညာလက်ရာတွေမှာလည်း "Ma" က အမြဲပါတတ်ပါတယ်။
"Ma" ကို ဗလာဟင်းလင်း၊ ရှိမြဲတိုင်းရှိနေခြင်း၊ အဟ၊ ကြားလပ်နေရာစသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ "Ma" ကို အသုံးပြုတာဟာ ဇာတ်ဆောင်နဲ့ကြည့်ရှုသူကြားမှာ ဆက်နွယ်မှုရှိအောင်လုပ်တဲ့ကာလလေးကို ဖြစ်ပေါ်စေလိုက်တာပါ။ နောက်ရည်ရွယ်ချက်ကတော့ (ဇာတ်လမ်းပေါ်မူတည်ပြီး)ဇာတ်ကောင်ရောကြည့်ရှုသူကိုပါ ဖြစ်ခဲ့ပြီးတာတွေကနေ ခေတ္တအနားပေးချင်တဲ့အခါ၊ ဖြစ်ခဲ့သမျှတွေကို ပြန်လည်တွေးတောမိစေချင်တဲ့အခါ၊ ဇာတ်လမ်းရဲ့အရှိန်တင်းအားကို မြှင့်တင်စေချင်တဲ့အခါမှာ သုံးတာပဲဖြစ်ပါတယ်။ အသက်ရှူဖို့အချိန်လေးတောင်မပေးဘဲ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်နေရင် အရမ်းရှုပ်ပွပြီး ကြည့်တဲ့လူက ထုံသွားလိမ့်မယ်လို့ Miyazaki က ယူဆတယ်။ ဒါကြောင့် ဇာတ်လမ်းအရှိန်မတင်ခင်၊ အချိုးအကွေ့လေးမဖြစ်ခင်မှာ "Ma" ကိုအသုံးပြုပြီး ဇာတ်ကောင်နဲ့ကြည့်ရှုသူကိုအနားပေးတာပါပဲ။ ဒီ "Ma" သဘောတရားကို အသုံးပြုထားတဲ့ အခိုက်အတန့်လေးတွေမှာ Ghibli က ကျွန်တော်တို့ကို မိုးကောင်ကင်ကြီးကိုပြချင်ပြမယ်၊ လေတိုးနေတဲ့မြက်ခင်းပြင်ကြီးနဲ့ ပန်းပွင့်တွေကိုပြချင်ပြမယ်၊ မိုးကုပ်စက်ဝိုင်းကြီး ဒါမှမဟုတ် မိုးစက်လေးတွေကျနေတာကို ပြချင်လည်းပြလိမ့်မယ်ယ်။ ဇာတ်ဆောင်ဟာ အိပ်ချင်အိပ်နေမယ်၊ အဝေးကိုငေးချင်ငေးနေမယ်။ ဒီအခိုက်အတန့်လေးတွေက စကားသံတွေ၊ ဇာတ်လမ်းရှေ့ဆက်ဖို့ဆောင်ရွက်ချက်တွေ တစ်ခုမှမပါဘဲ သူ့သဘောသူဆောင်နေတဲ့အရာလေးတွေရယ် အသေးစိတ်တဲ့ ရေးဆွဲချက်တွေရယ်ပေါင်းစပ်ပြီး ကျွန်တော်တို့ကိုယ်တိုင် ဇာတ်ကောင်တွေရဲ့ဘေးနားမှာရှိနေ၊ ခံစားနေရသလိုမျိုးဖြစ်အောင်လုပ်ပြီး Ghibli ကမ္ဘာထဲကို ဆွဲခေါ်သွားပါလိမ့်မယ်။ ဒါဟာ "Ma 間" ကို ပြောင်မြောက်စွာ အသုံးချတာပါပဲ။
Ghibli မှာ ကယ်တင်ရှင်မင်းသားလေးချည်းပဲမရှိဘူး၊ ဒုက္ခရောက်နေတဲ့ ကယ်တင်ခံမင်းသမီးလေးချည်းပဲလည်းမရှိပါဘူး။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေနဲ့ဟာ တန်းတူဖြစ်တယ်။ အဲ့ဒါကိုလည်း အတင်းလုပ်ယူစရာမလိုဘဲ ရှင်းလင်းအောင်ပြသနိုင်တယ်။"Princess Mononoke" ထဲက မင်းသမီးလေးမိုနိုနိုခဲ(ခ)ဆန်က အရမ်းကိုခက်ထန်ပြီး လုပ်နိုင်စွမ်းပြည့်ဝတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူတောင်မှပဲ ဇာတ်ဆောင်ကောင်လေးအာရှီတခရဲ့ အကူအညီကို လိုအပ်သလို၊ အာရှီတခလည်း ဆန်သာမရှိရင် သူ့တာဝန်ကို ပြီးမြောက်အောင်မလုပ်ဆောင်နိုင်ခင်မှာတင် သေဆုံးသွားနှင့်လောက်ပါပြီ။ စွမ်းအားကြီးလှတဲ့ မှော်ဆရာလေးဟောင်းလ်ကို ဆိုဖီဆိုတဲ့ကောင်မလေးသာ မကယ်တင်ခဲ့ရင် ဟောင်းလ်တစ်ယောက်ဒုက္ခလှလှတွေ့နေရပါလိမ့်မယ်။ Ghibli ရဲ့အလှဟာ တဖက်သတ်မဆန်တဲ့ ဟာမိုနီဖြစ်ခြင်းတရားလည်းဖြစ်ပါတယ်။
Ghibli Animation တွေဟာ အပြောနဲ့အပြကို မျှတစွာအသုံးပြုနိုင်တဲ့အပြင် "Ma 間" ဆိုတဲ့ ဗလာဟင်းလင်း(သို့)ရှိမြဲတိုင်းရှိခြင်းတရားကို အခြေခံပြီးတော့ တိတ်ဆိတ်ငြိမ်သက်ခြင်းရဲ့စွမ်းအားကိုလည်း သင့်တော်စွာအသုံးချထားတယ်။ အဲ့ဒီငြိမ်သက်မှုကနေ တခြား Sensory Feeling တွေကိုပါ ပရိသတ်ရင်ထဲရောက်အောင် ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးကျ လူကောင်းဟာလူဆိုးကို နိုင်ရမယ်၊ လူဆိုးဟာ သူလုပ်ခဲ့တဲ့အရာတွေအတွက် ပြစ်ဒဏ်ခံရမယ်ဆိုတဲ့ Concept ထက် ပိုမိုနက်နဲတဲ့ ခွင့်လွှတ်သည်းခံခြင်း၊ လက်ခံပေးခြင်း၊ မေတ္တာထားခြင်းစတဲ့သဘောတရားလေးတွေကိုလည်းပဲ ထည့်သွင်းပြသတတ်တယ်။ ပြင်ပပြဿနာတွေထက် အတွင်းစိတ်ပြဿနာတွေဖြစ်တဲ့ မိမိကိုယ်ကိုယ်လက်ခံနိုင်အောင်ကြိုးစားဖို့ အဓိကလိုအပ်တယ်ဆိုတဲ့အချက်လေးတွေကိုပါ Ghibli Animation တွေမှာ တွေ့မြင်နိုင်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးကိုလည်း Frame by Frame လက်နဲ့ရေးဆွဲတယ်။ တစ်ကားထွက်ဖို့ကို နှစ်များစွာအချိန်ယူပြီး ပြီးပြည့်စုံတဲ့အထိ အနုစိတ်ခြယ်မှုန်းထားကြပါတယ်။ ဒါကြောင့်မို့လည်း တိုတိုရိုရုပ်လေးဘေးက Studio Ghibli ဆိုတဲ့စာတန်းလေးနဲ့ စတင်တဲ့ဇာတ်လမ်းလေးတွေဟာ ကျွန်တော်တို့ကို ဇာတ်လမ်းပိုင်း၊ အမြင်ပသာဒပိုင်း၊ ဘယ်အပိုင်းမှာမဆို ဘယ်တော့မှ စိတ်မပျက်စေခဲ့တာပါပဲ။
- လွန်
Keep Reading