မောရိသျှ
အကြောင်း မသိတဲ့သူတွေကတော့ ခါ့ခ်ကို ပျင်းဖို့ကောင်းတဲ့ လူအဖြစ် မြင်မှာပါ။
“၂၀၀၄ ခုနှစ် Bush - ဘုရှ်နိုင်ပြီးကတည်းက - လောကကြီးကို စိတ်ကုန်သွားတယ်လို့ ပြောရမယ်၊ ရောင်းလို့ ရသမျှ အကုန် ရောင်းပြီး တောထွက်လိုက်တာပဲ”
ခါ့ခ် ပြောတဲ့ ‘တော’ ဆိုတာက ၁၆ ဧက ကျယ်တဲ့ စိုက်ပျိုးရေးခြံကြီးပါ၊ သစ်ကြီးပင်ကြီးတွေနဲ့ ခြံဆိုတော့လဲ တောမကျ၊ ခြံမကျလိုမျိုး ဥယျာဉ်ကြီးလိုပေါ့။ ပန်ဆယ်ဗေးနီးယား တက္ကသိုလ် (Pennsylvania State University) မှာ တက်နေတဲ့ ဘွဲ့ကြို ကျောင်းသားဘဝပဲ ရှိပါသေးတယ်၊ တက္ကသိုလ်ကြီးက သူနေတဲ့ နေရာနဲ့ဆိုရင် မိနစ် နှစ်ဆယ်စာ ဝေးပါတယ်။
“တောထွက်ကြီး” ဘဝ ရောက်သွားပေမဲ့၊ အေးဆေး မနေခဲ့ပါဘူး။ သူတစ်ယောက်တည်းနေတဲ့ သစ်တဲအိမ်လေး နဲ့ ကိုက် ၃၀ လောက် အကွာ၊ ပန်းသီးခြံလေးရဲ့ အရှေ့ဘက်နားမှာ၊ သစ်သားစင်ထိုးပြီး၊ “Kirk Fest” နာမည်နဲ့၊ ရာသီလိုက် ဂီတဖျော်ဖြေပွဲတွေကို ကျင်းပခဲ့ပါသေးတယ်။ ဒါကလဲ ဆိုးတူကောင်းဖက် သူငယ်ချင်းကြီး ဂျေဆန် ဒီ လီယွန် (Jason de Leon) ထောင်ထားတဲ့ Wilcox Hotel ဂီတ Band ရှိနေလို့၊ အကြံတူ ပေါင်းစားဖြစ်ခဲ့ကြတာပါ။
လီယွန်ကလဲ သူ့ဘော်ဒါ ခါ့ခ်ရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် “ဇ” ကို သိနေတော့၊ Wilcox Hotel ရဲ့ မန်နေဂျာအဖြစ် လုပ်ပေးဖို့ ဝကွပ်အပ်ခဲ့ပါတယ်။ မည်မည်ရရ လုပ်ချင်တာမျိုး မရှိတော့လဲ၊ ဂီတ Band တစ်ခုကို ကိုင်ရမယ်ဆိုတော့၊ စိတ်ပါတာနဲ့ပဲ လုပ်ဖြစ်ခဲ့ပါတယ်။ နှစ်ယောက်လုံး ကျောင်းတက်နေတုန်းပါ၊ ဒါပေမဲ့ လူငယ်ပီပီ ဘာရယ်ညာရယ် အတွေးများမနေကြတော့ဘဲ၊ Minibus (မီနီဘတ်စ်)လေးတစ်စီးနဲ့ နယ်အနှံ လှည့်ပတ်ပြီး ဖျော်ဖြေပွဲလေး လိုက်ကျင်းပကြပါတယ်။ အဲဒီအတောအတွင်းမှာတင် CD နှစ်ချပ်စာ တေးသံသွင်းနိုင်ခဲ့ပါသေးတယ်။
ခါ့ခ်က လုပ်စရာရှိရင် လုပ်ရဲတဲ့ ဇ ရှိသူပါ၊ အကျိုးရှိမှု တစ်ခုခု ရနိုင်၊ ရှိနိုင်ရင်ပဲ အခွင့်အလမ်းတိုင်းကို လက်ရ ဖမ်းဆုပ်ရဲသူပါ၊ ဒါကြောင့်လဲ ခါ့ခ်ရဲ့ ဘဝ ဇာတ်ကြောင်းက စိတ်ဝင်စားဖို့ကောင်းနေသလို၊ တချို့အပိုင်းတွေဆိုရင် ကျွန်တော့်အတွက် လေးစားအားကျမိရလောက်တဲ့ အချက်တွေရှိသူဖြစ်ပါတယ်။
ရှေးဟောင်းသုတေသနပညာ နဲ့ ဘွဲ့ကြိုအထူးပြုဘာသာရပ်အရ ခါ့ခ် ကျွမ်းကျင်တဲ့ အပိုင်းက “မာယန်းလူမျိုးတို့ရဲ့ သောက်ရေသုံးရေး စီမံခန့်ခွဲခြင်းပေါ် အထူးပြုလေ့လာရေး” (Mayan Water Management) ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ Maya - မာယာ လူမျိုးတွေရဲ့ အကြောင်းကို အထူးပြု Documentry ရိုက်ကူးထားတဲ့ Lost Worlds အတွက် History Channel က ခါ့ခ်ကို ပညာရှင်အဖြစ် ခေါ်ယူ မေးမြန်းခဲ့ဖူးပါတယ်။
မျက်ကွယ်ပြုလို့ မရလောက်အောင် ထူးချွန်တဲ့ အရည်အသွေး ရှိလာခဲ့ရင်၊ ဘဝ ရည်မှန်းချက် အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ သဲလွန်စတွေ ပေါ်ထွက်လာလေ့ရှိသလိုပဲ၊ အဲဒီလိုမျိုး ပညာရှင်အဖြစ် အသိအမှတ်ပြုခံရပြီးတဲ့နောက်မှာ၊ ခါ့ခ် စိတ်ထဲ ဘဝ ရည်မှန်းချက် မျိုးစေ့ အမြစ်တည်စ ပြုသွားခဲ့တယ်။ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ အများကြီး ရှိနေခဲ့ပေမဲ့၊ သူ့စိတ်ထဲ တေးမှတ်မိလိုက်တဲ့ ရည်မှန်းချက် - ရည်ရွယ်ချက် က - လူထုကို ခေတ်မီရှေးဟောင်းသုတေသနပညာအကြောင်း အသိပညာ ဗဟုသုတပေးနိုင်ဖို့ ဖြစ်ပါတယ်။
Ph.D နဲ့ ဒေါက်တာဘွဲ့ ယူပြီးတော့မှပဲ၊ တေးမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းဖို့ ပထမခြေလှမ်း စနိုင်ခဲ့တာပါ။ ပန်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်ကြီးရဲ့ အထင်ကရအဖြစ်ဆုံး ရှေးဟောင်း သုတေသီ ဝီလျံ ဆန်းဒါးစ် (William Sanders) ကိုယ်တိုင် ၁၉၆၁ ခုနှစ်လောက်က ရိုက်ကူးထားခဲ့တဲ့၊ နာမည်ကျော် Documentry ဖြစ်တဲ့ - Land and Water: An Ecological Study of the Teotihuacan Valley of Mexico ကို ဗဟိုပြုပြီး ရည်မှန်းချက်ဖော်ဆောင်ရေးလုပ်ငန်း စတင်ဖြစ်ခဲ့ပါတယ်။
Land and Water က Mexico မြို့ကြီး ရဲ့ သဘာဝ ပထဝီဝင် အနေအထား နဲ့ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကို ခြေရာကောက်ပြီး၊ ပြောင်းလဲတိုးတက်မှုတွေပေါ် သုံးသပ်ဆန်းစစ်ထားတဲ့အပြင်၊ ရှေးခေတ် တီယိုတိဟူအကန် (Teotihuacan) ချိုင့်ဝှမ်းဒေသ လူနေမှုဘဝအကြောင်းကို ခေတ်သမိုင်းနဲ့ ပြန်နိုင်းယှဉ်ဆန်းစစ်ထားတဲ့ သိပ္ပံနည်းကျ သုတေသန Documentry ဇာတ်ကားဖြစ်ပါတယ်။ သမိုင်းကြောင်းဆိုင်ရာ သဘာဝပထဝီဝင်ပညာရပ် (Historical ecology) ကို အသည်းစွဲနေတဲ့ ခါ့ခ်လိုပညာရှင်တွေအတွက်တော့ ဝီလျံရဲ့ သုတေသနဇာတ်ကားက အရှိန်အဝါရှိ၊ ဩဇာကြီးပါတယ်။
၂၀၀၉ ခုနှစ်၊ ဆောင်းဦးပိုင်းလောက်ရောက်တော့မှ၊ ဝီလျံရဲ့ Documentry Film 16 mm မူရင်းဖလင်တွေနဲ့၊ ကနဦးထုတ်လွှင့်ချက်မှာမထည့်ခဲ့တဲ့ အခန်းပိုတွေ အားလုံးအပြင်၊ ဝီလျံရဲ့ကိုယ်ပိုင် မှတ်စုမှတ်တမ်းတွေကိုပါ စိတ်လိုလက်ရ လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီတော့မှ ဝီလျံရဲ့ သုတေသနဇာတ်ကားကို အခြေခံပြီး ပရောဂျက် နှစ်ခု ဆက်လုပ်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။ ပထမပရောဂျက်က 16 mm မူရင်း ဖလင် ဗားရှင်းတွေကို ဒစ်ဂျစ်တယ် ဗားရှင်း ပြောင်းလဲပြီး၊ DVD အရည်အသွေးနဲ့ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချီဖို့ပါ။ ၂၀၁၀ ခုနှစ်၊ နွေဦးရောက်တော့ ပထမ ပရောဂျက် ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။
ဒုတိယပရောဂျက်ကတော့ ကြီးကျယ်တယ်လို့ ဆိုနိုင်ပါတယ်။ ဝီလျံရဲ့ သုတေသနကို အသစ်ပြန်ရိုက်ကူးမဲ့၊ မွမ်းမံ သုတေသန ပရောဂျက်ပါ။ ၁၉၆၀ ခုနှစ်ကာလ လေ့လာတွေ့ရှိမှုတွေနဲ့၊ ခေတ်ပြိုင် ကာလအကြား ထပ်မံရှာဖွေ တွေ့ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ယခင် သုတေသနရဲ့ အားနည်းအားသာချက်တွေကို ပြင်ဆင်ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။
#မောရိသျှ
Keep Reading