Author's Profile Photo

Youth’s Book Reflections

15/09/2025

စွဲလမ်းဆိပ် book review

2 mins read
Book Review
စွဲလမ်းဆိပ် book review's photo

“ကျွန်မကိုယ် ကျွန်မ မှန်ကြည့်ပြီး စကားပြောနေရတာ ရယ်စရာ တော့ ကောင်းသား။ ကိုယ့်ကိုယ်ကိုယ် စွဲလမ်းမှုထဲ နစ်မြုပ်မနေဖို့ ပြောပြီး တကယ်တမ်းတော့လည်း အဲဒီစွဲလမ်းမှုထဲ ကိုယ်တိုင်သိသိလျက်နဲ့ ကျေကျေနပ်နပ် နစ်မြုပ်ခံနေတာ။”

~Pg.180

ဒီစာအုပ်ဖတ်ဖြစ်တဲ့ရာဇဝင်ကတော့နည်းနည်းရှည်မယ်။Tiktok Social media App ပေါ်မှာ ဆရာစိုးနိုင်ပန်းချီနဲ့ပတ်သက်ပြီး ချက်ကျလက်ကျ အစ်မတစ်ယောက်ရှင်းပြတာတွေ့တော့ သူပြန်ဖြေပုံတွေ၊ရှင်းပြတာတွေ စိတ်ဝင်စားတာနဲ့ followထားလိုက်တယ်။ စိတ်ရှည်လက်ရှည်နဲ့ရှင်းပြတာလည်း တစ်မျိုးထူးခြားတာပဲ။ တလောကတော့ သူက စာအုပ်တစ်အုပ်ရေးဖူးသူလည်းဖြစ်တဲ့အပြင် ပြင်သစ်ဝတ္ထုတစ်အုပ်အကြောင်းကို မိတ်ဆက်ပေးတာနဲ့ပဲ ဒီစာအုပ်ကို သိလာရခြင်းပါ။

ကမ္ဘာကျော်ပေမယ့် မြန်မာမကျော်တဲ့ စာရေးဆရာမ Francis Sagan ရဲ့ A Certain Smile ဆိုတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တက္ကသိုလ်ကျောင်းသူအရွယ် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ရည်းစားရှိတယ်။ ဒါပေမယ့် သူ့ရည်းစားရဲ့ဦးလေးကို မြင်မြင်ချင်း သဘောကျမိသွားတယ်။ တဖြည်းဖြည်း စွဲလမ်းခြင်း အဆိပ်တက်လာပြီး စိတ်ခံစားချက်တွေကရှုပ်ထွေးလာတဲ့နောက် နုနယ်သေးတဲ့ သူ့စိတ်ဝိညာဉ်က အစွန်းနှစ်ဖက်ကြားမှာ လူးလာခေါက်တုံ့ဖြစ်နေတယ်။ကောင်းတဲ့စိတ်က လူ့ဘောင်စည်းမျဉ်း၊အသိဉာဏ်၊ကျင့်ဝတ်သိက္ခာတွေနဲ့ ပြန်သတိကပ်စေပေမယ့် အမှောင်ခြမ်းက သူ့ကိုမဆုံးနိုင်တဲ့ ဝဲဩဃထဲကိုပဲ ဆွဲခေါ်သွားနေတယ်။

မိတ်ဆက်ကစာလေးက တော်တော်လေးဆွဲဆောင်တယ်။

“လောကမှာ စာရိတ္တပျက်ယွင်းဖောက်ပြန်တတ်တဲ့ မိန်းမတွေအကြောင်း ဒဂုန်တာရာရဲ့ မေ မှာ သိရပါတယ်။ မြသန်းတင့်ရဲ့ မမ မှာသိရပါတယ်။တော်စတွိုင်းရဲ့ အင်နာကရာနီနာ မှာ သိရပါတယ်။

ကျွန်မတို့ကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ချစ်စရာ ကောင်းသလောက် သနားစရာ မုန်းတီးစရာ ဖောက်ပြားသူ အမျိုးသမီးဇာတ်ကောင်တွေဟာ အမျိုးသား စာရေးဆရာတွေရဲ့ မှုန်းခြယ်မှုအောက်က မြင်တွေ့ရတဲ့ စရိုက် လက္ခဏာတွေချည်းပါ။

အမျိုးသမီးတစ်ယောက်ကိုယ်တိုင်က အမျိုးသမီးတစ်ယောက်ရဲ့ စာရိတ္တပျက်ပြား ဖောက်ပြားမှုတွေကို အသေးစိတ်ခံစားချက်တွေနဲ့ မှုန်းခြယ် ပြထားတာ ရှိပါတယ်။ ပြင်သစ်စာရေးဆရာမ ဖရန်ဆွိုက်စ်ဆေဂန်ရဲ့ ဒုတိယ မြောက် ဝတ္ထုဖြစ်တဲ့ A Certain Smile(အခု ‘စွဲလမ်းဆိပ်’) ဖြစ်ပါတယ်။”

~မိတ်ဆက်မှ

ဇာတ်ကောင်က လိုအင်ရမ္မက်တွေရှုပ်ထွေးနေတယ်။ သူ့စိတ်ကို သူကိုယ်တိုင်မသိနားမလည်နိုင်တော့ဘဲ ရှုပ်ထွေးလာတယ်။မူးယစ်ဆေးကစလို့ အမူအကျင့်တွေလိုမျိုး အသေးအမွှားထိ မကောင်းတဲ့ဘက်
ယိုင်တဲ့ စွဲလမ်းခြင်းမျိုးမှာတွေ့ရတတ်တဲ့သဘောဆန်ဆန်ပဲ။အစပိုင်းတော့ သူ့မှာဣန္ဒြေရရပဲ၊ဖတ်ရင်းဖတ်ရင်း ဖတ်သူလည်းရွံ ဇာတ်ကောင် ကိုယ်ကိုယ်တိုင်ကလည်းရွံလာတယ်။ မလိုချင်ပေမယ့် သူ ဒီလမ်းကိုပဲဆက်ရွေးချယ်သလို စာဖတ်သူကလည်း အဆုံးထိရောက်အောင်ဆက်ဖတ်တယ်။

သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆားငံရေလိုမျိုး ဒီအစွဲအလမ်းနွံထဲ တဝဲလည်လည် ရုန်းမထွက်နိုင်တဲ့ သနားစရာ ကောင်မလေးတစ်ယောက်အကြောင်း။ပြီးတော့ လူ့စိတ်စွဲလမ်းမှု….။ စိတ္တဇနာမ်ထဲ ထည့်သွင်းထားတဲ့ စိတ္တဇဆန်ဆန် အချစ်ရဲ့ အမှောင်အပိုင်း။ ဒီထဲကအချစ်မျိုးက ပလေတိုဆိုခဲ့တဲ့ အချစ်မဟုတ်သလို ဗုဒ္ဓ ဟောခဲ့တဲ့ မေတ္တာနဲ့ လုံးလုံးမသက်ဆိုင်ဘူး။ ရောင့်ရဲခြင်းမရှိတဲ့၊စည်းမစောင့်တဲ့ အချစ်၊ ကိုယ့်ကိုယ်ကို နာကျင်စေတဲ့၊ ဆာလောင်စေတတ်တဲ့အချစ်၊နှောင်ကြိုးတွေတုပ်နှောင်ခံထားရတဲ့ အချစ်၊ဝဲဂယက် တဏှာအချစ်သပ်သပ်ပါပဲ။

‼️ရှားရှားပါးပါး ပထမဆုံးဝတ္ထုနဲ့တင် နာမည်ကျော်ခဲ့တဲ့ ပြင်သစ်စာရေးဆရာမ Saganရဲ့ဝတ္ထုမှာ စာအရေးအသားတွေက
တစ်မျိုးလေးတော့ဆန်းနေတာအမှန်ပဲ။နုနုရွရွလေးတွေနဲ့ရေးထားတဲ့ဝတ္ထုက နူးညံ့လှပသလောက် တချို့နေရာတွေမှာ ဖတ်ရင်းနဲ့ခံစားတတ်ဖို့၊လိုရင်လိုသလို ရှောင်ထွက်တတ်ဖို့ လိမ္မာပါးနပ်ကျွမ်းကျင်ရမယ့်အပိုင်းတွေ အများကြီးပါရှိပါတယ်။ပြီးတော့ နိုင်ငံခြားဝတ္ထုဖြစ်တာတစ်ကြောင်းကြောင့် ရေမြေအခြေခံ ယဉ်ကျေးမှုမတူကွဲလွဲတာတွေ ပါပါတယ်။ဒါတွေကိုလည်း ရှုမြင်တတ်ရပါမယ်။ဒါကြောင့် ဒီစာအုပ်က ၁၈+အရွယ်ရောက်သူများနဲ့ အတွေးအခေါ်လွတ်လပ်ကျယ်ပြန့်သူတွေသာ ဖတ်ဖို့သင့်တော်ပါတယ်ခင်ဗျာ‼️

အချစ်ကိုအရွေးမှားမိတဲ့ ကောင်မလေးတစ်ယောက်နဲ့အတူ ဖောက်လွဲဖောက်ပြန်တတ်တဲ့ စိတ္တဇအချစ်သဘာဝအကြောင်း…။ဖတ်ပြီးသည့်တိုင်အောင် အချိန်တစ်ခုကြာ ရင်ထဲကျန်နေဦးမယ့် ပြင်သစ်အချစ်ဝတ္ထုအဆန်း။ဘာသာပြန်မိတ်ဆက်သလို သနားစရာ၊မုန်းတီးစရာကောင်းတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်အမှောင်ခြမ်း။ဖတ်ရင်းလည်း
စာရိတ္တပျက်ပြား ဖောက်ပြားမှုတွေရဲ့ အကျိုးဆက်ကိုလည်း ကြည့်မြင်နိုင်ကြမယ်လို့ထင်ပါကြောင်း အဆုံးသတ်ရင်း….

အကယ်၍ ဒီreviewလေးကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
Page Link>>> https://www.facebook.com/share/1Ft4eHgbom/?mibextid=wwXIfr

#စွဲလမ်းဆိပ်
#FrançoiseSagan
#ACertainSmile
#bookreview by Youths_book_reflections

Keep Reading

အမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးစွဲလမ်းဆိပ် book review𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚Ernest Hemingway ဘဝဟာသများအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။စပါတာကပ်စ်ကျဆုံးခန်းဘဝဟူသည်သုံးနှစ်သုံးမိုးမွှေး၊ကုသိုလ်ကြမ္မာမမီပါခဲ့၊အတွတ်ရေ၊ကျွန်တော်တင်အောင်ထွန်း