SarPhat Author
ချစ်ခြင်းမေတ္တာဆိုတဲ့အရာမှာ ၂မျိုးရှိတယ်။ ၅၂၈ဆိုတဲ့ ချစ်ခြင်းမေတ္တာရယ် ၁၅၀၀ဆိုတဲ့ ချစ်ခြင်းမေတ္တာရယ်ဆိုပြီး ရှိတယ်။
သူ့မှာလည်း ပမာဏများရင် များသလောက် တာ၀န် (responsibility) တွေ ပိုလာတယ်။
၅၂၈ ချစ်ခြင်းမေတ္တာက မေတ္တာကို အဓိက အခြေခံတဲ့အတွက် ပိုပြီး အေးချမ်းမှု ပေးတယ်။ ၁၅၀၀ ချစ်ခြင်းမေတ္တာကျပြန်တော့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ပူဆွေးမှု၊ လွမ်းဆွတ်တမ်းတမှု၊ သတိရမှု၊ အတ္တနဲ့ မာနတွေပါ တစ်ပါတည်းတွဲပါလာတဲ့အတွက် ပူလောင်မှု ရှိတတ်တယ်။ ချွင်းချက်အနေနဲ့ တချို့လူတွေမှာကျတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာပေမယ့် အေးချမ်းမှုကိုပဲ ပေးနိုင်တဲ့ဟာလည်း ရှိပြန်တယ်။ ဒါကတော့ ကိုယ်တိုင်လည်း မကျင့်သုံးနိုင်သေးတော့ ဂုဏ်ယူစရာလည်း ကောင်းသလို လေးစားစရာလည်း ကောင်းပြန်တယ်။
အလုပ်မှာ article (ဆောင်းပါး) ရေးပေးတော့ ရေးရမယ့်အကြောင်းအရာတွေကို သူတို့ထုတ်ထားပေးတယ်။ စာရေးရာမှာက အရေးနဲ့ အပြော (၂)မျိုးရှိတော့ ဒီ article (ဆောင်းပါး) မှာကျတော့ အရေးပိုင်းကို ပိုပြီး ဦးစားပေးရေးပေးရတယ်။
ကိုယ့်ထက် အသက်အားဖြင့်ရော အတွေ့အကြုံအားဖြင့်ရော အများကြီးလည်း ကြီးသလို ဝါလည်း ရင့်တယ်။ ဆရာသမားက ကိုယ်ရေးတဲ့ article (ဆောင်းပါး) ကို ဖတ်ပြီးတော့ edit (တည်းဖြတ်) တယ်။ တချို့ ဇယားကွက်တွေကို စကားပြေလို ပြန်လုပ်ခိုင်းလိုက်တာပါပဲ။
ကိုယ်လည်း ပြန်ပြင်ပြီး ဆရာသမားကို ပြကြည့်တော့ article (ဆောင်းပါး) ကို ဖတ်ပြီး အရေးအသား အရမ်းကောင်းတယ်။ တော်တယ်။ ဆက်ပြီး ရေး၊ ပိုပြီး အားထုတ်ကြိုးစား သမီး။ ဒါပေမယ့် တချို့စာတွေက ဆိုလိုရင်းကို ပိုပြီး ထိရောက်အောင် ဆရာနည်းနည်းပြင်ထားပေးတယ်။ ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့။ ကိုယ်ကလည်း မထင်ပါဘူး ဆရာကလည်းပဲ ပြန်ပြောလိုက်တယ်။ တကယ်တမ်းစိတ်ထဲမှာက ဟာသလိုလို ပြန်ပြောချင်နေတာက
" ဆရာဟာ ဆရာပါပဲ " ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် ဆရာသမားက ကိုယ့်ကိုယ်ကိုယ် humble (နှိမ့်ချတတ်) ဖြစ်တော့ ပြန်မပြောလိုက်ဘူး။
ဆရာသမားပြင်ထားပေးတဲ့ဟာဖတ်ကြည့်တော့ တကယ်လည်း ဟုတ်တယ်။ ပိုပြီး ထိရောက်သွားတယ်။ ဆရာသမားရဲ့ ၅၂၈ ချစ်ခြင်းမေတ္တာအပေါ် အခြေခံထားတော့ သူလိုချင်တဲ့ ပုံစံရအောင် ကြိုးစားပြီး လုပ်ခဲ့ရပေမယ့်လည်း အမောပြေတယ်။ ပင်ပန်းရကျိုးနပ်တယ်။
ရှမ်းပြည်မှာ ကုမ္ပဏီတစ်ခုက standard of procedure (SOP) (လုပ်ထုံးလုပ်နည်းစံနှုန်း) လာရေးတော့ ဆရာသမားတွေရော သူငယ်ချင်းတွေရော ကူညီပေးလိုက်ပါဆိုပြီး ကိုယ့်ကိုယ်အကူညီတောင်းတော့ ကိုယ်လည်း သူတို့ကို ကူညီပေးဖြစ်တယ်။ ဘယ်နားသွားသွား ကိုယ့်အတွက် လက်ဆောင်အမြဲတမ်းပါတယ်။ အမြဲတမ်း ကိုယ့်အတွက်ဆိုပြီး လက်ဆောင်လာလာပေးတော့ ကိုယ်ကလည်း အမြဲတမ်းဆိုတော့ အားနာလာတယ်။
တစ်နေ့တော့ အလုပ်ကိစ္စပြောနေရင်း ကတွတ်ယိုလေးစားချင်လိုက်တာလို့လည်းပြောရော ဖြစ်ချင်တော့ အဲအချိန်မှာ ကတွတ်သီးပေါ်တဲ့အချိန်ဖြစ်နေတယ်။ အဲတာနဲ့ ကိုယ်လည်း ဈေးထဲသွား ကတွတ်သီးတွေ ၀ယ်ချလာပြီး အသိအန်တီဆီ ကတွတ်ယိုဘယ်လိုထိုးရတာလဲမေးပြီး testing (စမ်းသပ်) လုပ်လိုက်တာ taste (အရသာ) က တော်တော်ကောင်းကောင်းကြီး ထွက်ချလာတယ်။ ကတွတ်ယိုအအေးခံထားတုန်း ထည့်ဖို့ ဗူးဆိုပြီး ပြေး၀ယ်တော့ သူငယ်ချင်းက " နင် စိတ်အရမ်းရှည်တယ်။ စေတနာလည်း ကောင်းတယ်။ ပင်ပန်းခံနိုင်တယ်။ ငါဆို မလုပ်ပေးနိုင်ဘူး။ ၀ယ်ပဲ ၀ယ်ပေးလိုက်မှာ။ " ကိုယ်က ကတွတ်ယိုက ဘယ်မှာမှ ၀ယ်လို့ မရဘူး။ ရှာကြည့်ခဲ့သေးတယ်။ ကျေးဇူးရှင်က ကတွတ်ယိုပဲ ကြိုက်တတ်တာဆိုတော့ ကိုယ်တိုင်လုပ်ပေးလိုက်တယ်။ သန့်လည်း သန့်ရှင်း၊ အရသာလည်း ရှိသွားတာပေါ့ဆို သူငယ်ချင်းက " ကောင်းပါတယ်။ ကောင်းပါတယ်။ " ပဲ ပြန်ပြောလာတယ်။
မိဘလုပ်ငန်းကို ဦးစီးနေတဲ့ သူငယ်ချင်း ညီမလေးရှိတယ်။ သူဆို ကိုယ့်ကိုယ် အလုပ်ဆင်းချိန် မတိုင်မီ ၁နာရီအလိုဆို ဖုန်းဆက်လာတယ်။ ညနေစာ မချက်နဲ့၊ စားလည်း မစားနဲ့နော်။ သမီး သူငယ်ချင်းရော ဧည့်သည်ရော တွေ့ဖို့ရှိတယ်။ မချောကို သမီးကားနဲ့ လာခေါ်မယ်။
သူလာခေါ်ရင် အမြဲတမ်း ရှေ့ခန်းမှာ tomboy (ယောကျာ်းလျာ) ပါတယ်။ ကိုယ်က နောက်ခန်းကားတံခါးဖွင့်ပြီဆို မချော ရှေ့ကိုလာဆို ကိုယ်က မလုပ်ပါနဲ့ပဲပြောရသေးတယ်။ tomboy (ယောကျာ်းလျာ) က နောက်ခန်းရောက်နေပြီ။ ကိုယ်က အားနာရပြန်တယ်။
သူက သူ့ဧည့်သည်နဲ့တွေ့ သူငယ်ချင်းနဲ့တွေ့၊ စကားတွေပြောနေတော့ ကိုယ်နဲ့ tomboy (ယောကျာ်းလျာ) က ဘေးမှာ ထိုင်ပြီး အစားစားလိုက် ပြီးတဲ့အထိ စောင့်ပေးရတာပေါ့။
သူက ခေတ်ကောင်မလေးလို့ပဲ ပြောရမလား။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာ၊ vape အကုန်လုပ်တတ်တယ်။ အဲတာတွေက သူ့အတွက် မမူတော့ဘူး။
သူ့ဧည့်သည်တွေနဲ့ သူငယ်ချင်းတွေနဲ့တွေ့ပြီးပြန်တော့ ကားပေါ်မှာ ဘာပြောလဲဆိုတော့ " မချော သမီး သူငယ်ချင်း မချောကို account add လာလိုက်မယ်။ လက်မခံနဲ့နော်။ ဖုန်းနံပါတ်မေးနေသေးတယ်။ ရှာမတွေ့ဘူး ပြောလိုက်တယ်။ သမီးဆို ဆိုးလည်း ဆိုး၊ ပေလည်း ပေတေ အဲတာကို မိဘက ပိုက်ဆံရှိ အရမ်းကောင်းတယ်။ ထောက်ပံ့ပေးနိုင်တယ်။ တစ်ခါတစ်လေ ပြန်စဉ်းစားကြည့်မိတော့ ဘ၀က မတရားဘူးနော် မချော။ ကိုယ်က ဘာလို့လည်းဆိုတော့ မချောက ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာ၊ vape အကုန် ဘာမှမလုပ်ဘူး။ မချောက " မကောင်းတာဆို ဘာမှ မလုပ်တာကွာ " အဲကြောင့် ဘ၀က မတရားဘူးလို့။
သမီးရဲ့ ဧည့်သည်တွေနဲ့ သူငယ်ချင်းတွေနဲ့ သဘောမတူနိုင်ဘူး။ ရင်းလည်း မရင်းနှီးစေချင်ဘူး။ အဲကောင်တွေက သမီးလို လူမျိုးနဲ့မှ တန်တာ။ သူ့ဘေးမယ် ထိုင်နေတဲ့ ကိုယ်က သူ့ကို ကြည့်ပြီး အော်လို့ သူ့ကို သူများတွေ ဆိုးတယ်။ မိဘပိုက်ဆံထိုင်ဖြုန်းနေတယ်ပဲ ပြောနေကြတာ။ သူ့စိတ်စေတနာက တကယ်ကောင်းပါလားပေါ့။ သူ့ဆီမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်အ၀ရှိနေပါလားပေါ့။
ကိုယ်ဆံပင်ညှပ်တာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကတည်းရင်း အခုဆို ၂၀၂၄ခုနှစ်၊ မေလဆိုတော့ ၇လလောက်ရှိပြီ။ ဒါကိုတောင် ဆံပင်ညှပ်တဲ့ဆိုင်က ဒီနေ့ထိ မေးနေတုန်း၊ ပြောနေတုန်းပါပဲ။ ဆံပင်ရှည်မြန်တယ်ဆိုပြီးပေါ့။
" အတိတ်က အမှတ်ရစရာ မြို့လေး " ခင်ခင်ချော (ပင်းတယ)ဆိုပြီး ဂျာနယ်မှာပါတော့လည်း ကိုယ်မှန်း မသိတော့ အဖေဆီ တချို့လာမေးကြတယ်။ အဖေက အဲတာ ကိုယ်လေဆိုပြီး ပြန်ပြောပြတော့ ကိုယ်က ကြည်နူး၀မ်းသာရတယ်။ အခုထိလည်း ခင်ခင်ချောဆိုတာ ဘယ်သူလဲဆိုပြီး အဖေဆီ မေးနေကြတုန်းပါပဲ။ ဦးလေးဆီကိုလည်း ခင်ခင်ချောဆိုတာ ဘယ်တစ်ယောက်လဲ မြင်ဖူးချင်လို့ဆိုပြီး လာမေးကြတယ် ပြောတယ်။ ဒီနေ့မွေးနေ့ပွဲနဲ့ ဘုရားအနေကဇာတင် သွားတော့လည်း ဦးလေးတစ်ယောက်က နင့်ကို ပင်းတယထဲက ဦး... မေးနေတယ်။ ဘယ်မှာပဲ တွေ့တွေ့ နင့်ကိုပဲ မေးနေတယ်။ အစ်ကိုတစ်ယောက်က လမ်းလျှောက်လာတဲ့လူတွေက ခင်ခင်ချောဆိုတာ ဒီရွာကလားဆိုပြီး နင့်ကို ခဏခဏမေးတယ်။ ကိုယ်က ဟုတ်လားပေါ့။ ပျော်လည်း ပျော်သွားတယ်။
ကိုယ်ရေးတဲ့ စာတွေကို ဖတ်ပေးတယ်။ ကိုယ့်ကိုယ်ပါ ချစ်ခင်ပေးကြတယ်။ ဒါတွေဟာ ချစ်ခြင်းမေတ္တာကနေ အစချီလာတယ်လို့ပဲ ဆိုရမှာပါ။ အဲကြောင့် အရာရာကို ချစ်ခြင်းမေတ္တာကနေပဲ အခြေခံတယ်လို့ ပြောကြတာ နေမှာပါ။
ခင်ခင်ချော
Photo from goggle.
Keep Reading