Author's Profile Photo

Reviews by Benevolent

24/05/2024

'ဝါဆောက ရုပ်သေးဆရာလေး

1 min read
Book Review
'ဝါဆောက ရုပ်သေးဆရာလေး's photo

လက်ကမချချင်လောက်အောင် ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်။လက်က မချချင်လောက်အောင် အရသာတွေ့တာမျိုး စာအုပ်ဆိုတာ ရှားပါးပစ္စည်းပါပဲ။ရောက်နေတာက အဓမ္မခေတ်ပါဆို ဖတ်မိတဲ့စာ ကျတော့လည်း အဓမ္မခေတ်သမိုင်းနောက်ခံ ဖြစ်နေပြန်တယ်။နိုင်ဝင်းဆွေရဲ့ဘဝစာမျက်နှာများစာအုပ်ကို သွားသတိရမိတယ်။ မတရားမှု၊ အနိုင်ကျင့်မှုတွေကို ထောင်တွင်း၊ ထောင်ပြင်ပ မှာပြင်းထန်စွာ တွန်းလှန်ခဲ့ကြပုံတွေက တူနေလို့ပါ။ဖြစ်ရပ်မှန်တွေကို အနုပညာ၊ ဖန်တီးမှုတွေ မပါဘဲ ဖော်ပြမယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်သလို နားထောင်သူ၊ စာဖတ်သူကိုလည်း ဆွဲဆောင်နိုင်မှာလည်း မဟုတ်ဘူး။ဒီစာအုပ်ကတော့ ရသမြောက်စွာ အဆုံးထိခေါ်ဆောင်နိုင်စွမ်းရှိတယ်။

အဓမ္မသိမ်းပိုက် အနိုင်ကျင့်မှုတွေကြား လည်စင်းခံကြရပုံတွေ၊ ပြန်တွန်းလှန်ခဲ့ကြပုံတွေ လူ့အသက်တစ်ချောင်း ဖက်ရွက်လောက်မှ တန်ဖိုးမရှိရတဲ့အဖြစ်တွေ ၊ ပိန်းပိတ်နေတဲ့ အမှောင်ခေတ်မျိုးမှာတောင်စာပေ အနုပညာဟာ ပြိုးပြိုးပျက်ပျက်ဝင်းလက်နေခဲ့ပုံကတော့ ရင်ကို ထိမိစေတယ်။နာဇီခေတ်အနိဋ္ဌာရုံ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ကျွန်တော်လက်လှမ်းမိသလောက် ဖတ်ဖူး၊ ကြည့်ခဲ့ဖူး ပင်မဲ့ ဒီစာအုပ်ထဲက တချို့အခန်းတွေ ဖတ်နေရင်းနဲ့ မျက်ရည်ဝဲမိ‌ စေတာတော့အမှန်။မင်းသားလေးအပါအဝင် မီခါ ၊အယ့်လီ၊ ဂျာမန်စစ်သားလေး မက်ခ်ဆ် အကြောင်းတွေက စာအုပ်ဖတ်လို့ပြီးသွားတာတောင် စိတ်ကို လွှမ်းခြုံထားနေဆဲပါ။အရင်ဖတ်ဖူးတဲ့ဝတ္ထုတွေနဲ့မတူတာက နာဇီခေတ်ကာလအပြင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးတဲ့နောက် ဂျာမန်စစ်သားမက်ခ်ဆ် နဲ့ ဂျူး ရုပ်သေးဆရာလေး မီခါ တို့ရဲ့ မျိုးဆက်တွေ အထိ ဇာတ်အိမ်ကို ခိုင်ခန့်စွာတည်ထားတယ်။

ညစ်ပတ်စုတ်ပြတ်အဝတ်တွေ ဝတ်ထားပြီး ခြေထောက်ဗလာနဲ့ ၊ ကျပ်ခဲ ဆံပင်၊ နုံးခွေပြီး အစာရေစာ ပြတ်တောက်နေတဲ့ မျက်လုံးသေ ဂျူးကလေးငယ်တွေ ၊ ဂျုးတွေကိုကယ်တင်ပေးခဲ့သူတွေဖြစ်တဲ့ အဒီနာ ဘလေဒီ ဆွာဂျာ(သူနာပြု)၊ ဂျနုကော်ဇက် (ကလေးအထူးကု) ဟနု ဟာချင်ဘတ်( ကဗျာဆရာလေး)၊ အိုင်ရီနာ ဆင်းဒလား ( လူမှုဝန်ထမ်း လုပ်သား )၊ ဟာကီနာ အိုလိုမောက်ကာ( ပန်းချီဆရာမ)၊ နီဗဲလီ (မျက်လှည့်ဆရာ)၊ ဆုဖီရှိုးလ်(ဂျာမဏီ နှင်းဆီဖြူ အကြမ်းမဖက် အုပ်စုဝင်) စတဲ့ သက်ရှိ ဇာတ်ကောင်တွေနဲ့ ဖွဲ့တည်ထားတဲ့ တကယ့်ဖြစ်ရပ်မှန်ဝတ္ထု ဖြစ်ပါတယ်။သမိုင်းဖြစ်ရပ်မှန်တွေကို အနုပညာတွေနဲ့ ဖန်တီးပြီး မျှဝေတာက သင်ခန်းစာတွေ၊ ဆင်ခြင်စရာတွေ၊ လူသားချင်း ညှာတာ ထောက်ထားမှုတွေ၊ မေတ္တာတရားတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ အကြင်နာ ခေါင်းပါးမှုတွေ၊ စွန့်စားမှုတွေ၊ အရှုံးမပေး စိတ်ဓာတ်တွေ သိရှိခံစား ရစေတယ်။

၁၉၃၈ ပိုလန်နိုင်ငံ၊ ဝါဆောမြို့ရဲ့ အခြေအနေကို အဘိုးမီခါက မြေးမလေးကိုပြောတဲ့ပုံစံနဲ့ဇာတ်လမ်းကို အဓိက ပြည်ဖုံးကားထားတယ်။ သို့ပေမဲ့ စာရေးဆရာက ဒုတိယပိုင်း အဖြစ်ဂျာမန်စစ်သားလေး မက်ခ်ဆ် အကြောင်းကို ပုံဖော်ထားပြန်တယ်။အတိတ်အကြောင်းမှာ အဘိုးမီခါက ဘဝတူအယ်လီဆိုတဲ့ ကောင်မလေးနဲ့ ရုပ်သေးပွဲလိုက်ပြရတဲ့ အခိုက်အတန့်လေးလောက်သာ အပျော်ကို ပိုင်ဆိုင်ခဲ့ဖူးတယ်။ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အံ့ဩလောက်စရာတွေပါပဲ။ဒုတိယကမ္ဘာစစ်အတွင်း အသက်မသေဘဲကြံဖန်ရှင်သန် နေထိုင်သွားတဲ့ ဆယ်ကျော်သက် ဂျူးလူမျိုး မီခါလေးရဲ့ ကမ္ဘာထဲကိုစာဖတ်သူတို့ ခဏဝင်ကြည့်လိုက်တာနဲ့ အဆုံးထိ ဆွဲခေါ်သွားပါလိမ့်မယ်။စာအုပ်တစ်အုပ်လုံးရဲ့ အဓိကအသက်က ကုတ်အင်္ကျီတစ်ထည်သာ။ဂျာမန်တွေမတွေးမိလောက်တဲ့ ဝါဆောကဂျူးတွေရဲ့လျှိုဝှက်လက်နက်ဆိုလည်း မမှားဘူး။

ဂျာမန်ဂက်စတာပိုတွေရဲ့ ရက်စက်မှု၊ ဂျူးတွေရဲ့ နှိပ်စက် ညှဉ်းပမ်းခံရမှုတွေကတော့ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားလောက်အောင် အထင်သားမြင်ရ‌ စေတယ်။ခွန်အားတွေပေးသလို၊ တော်လှန်ရေးဆင်နွှဲခဲ့ကြတဲ့ ပိုလန်နိုင်ငံ၊ဝါဆော ဂျူးရပ်ကွက်က ရုပ်သေးဆရာလေး မီခါအပါအဝင် သမိုင်းနောက်ခံအကြောင်းကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်‌စေ သိရဖို့ ဖတ်ကြည့်စေချင်ပါတယ်။

Please YouTube ?
https://youtube.com/@reviewsbybenevolent?si=aVNjfg6rw_kQRVPJ

စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?

Benevolent Guy

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ