ဂုဏ်ရည်ကျော်
ကျွန်တော် သူငယ်ချင်းတွေကို မွေးနေ့လက်ဆောင်ပေးလေ့ရှိတဲ့၊ ဖတ်ကြည့်ဖို့အကြံပြုလေ့ရှိတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ "ဆရာထင်လင်းရဲ့ ဘာသာပြန်ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်တဲ့ မေတ္တာရှင်မလေး ပေါ်လီယာနာ စာအုပ်" ပဲ ဖြစ်ပါတယ်။
ပေါ်လီယာနာ ခေါ်တဲ့ မျက်နှာမှာ မှဲ့ခြောက်တွေနဲ့ ကလေးမလေးတစ်ယောက်ဟာ သူ့မိဘတွေဆုံးပါးသွားပြီးတဲ့နောက်မှာ သူရဲ့ အဒေါ် ဒေါ်ပေါ်လီဟယ်ရင်တန် ရဲ့အိမ်ကြီးဆီရောက်ရှိလာခဲ့ပါတယ်။
ဒေါ်ပေါ်လီ ကတော့ သူ့တူမကို ခေါ်ယူမွေးစားထားရတာဟာ ဝတ္တရားတစ်ခုဖြစ်တာကြောင့်ပါ။ ဒီကလေးမကို သိပ်မချစ်သလိုပါပဲ။ ဒီလောက်အိမ်ကြီးကြီးရှိပါရဲ့နဲ့ ပေါ်လီယာနာ ကို ထပ်ခိုးခန်းလေးမှာပဲ နေခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်လီယာနာ ကတော့ စိတ်မကောင်းမဖြစ်မိခဲ့ပါဘူး။ ဒါကိုလည်း ဝမ်းသာစရာတစ်ခုလို့တောင် သူက ဆိုပါတယ်။
ဘာလို့လဲဆိုတော့ ပေါ်လီယာနာ ထောက်ပံ့ရေးအသင်းကမိန်းမကြီးတွေနဲ့အတူ နေခဲ့တဲ့အခါက သူတို့ဆီကို သာသနာပြုအဖွဲ့ကပို့တဲ့ အလှူခံပစ္စည်းတွေထဲမှာချိုင်းထောက်ကလေးတွေပါလာတတ်တယ်။ တကယ်တော့ ပေါ်လီယာနာ က အရုပ်ကလေးတွေလိုချင်ခဲ့တာလေ။ ဒါပေမဲ့ ပေါ်လီယာနာ့အဖေက ဝမ်းသာတမ်းကစားနည်းကို သင်ပေးခဲ့တယ်။ အရုပ်ကလေးတွေ မရပေမဲ့ ဝမ်းမနည်းနဲ့ပေါ့ ဘာလို့ဆို ချိုင်းထောက်ကလေးတွေကို အသုံးပြုစရာမလိုတာကလည်း ဝမ်းသာစရာကိစ္စတစ်ခုဖြစ်နေတယ်။ ကိုယ့်ခြေနှစ်ချောင်းလုံးကို ကောင်းကောင်းအသုံးပြုနိုင်သေးတယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ပေါ့။ အဲ့ဒီအချိန်ကစပြီး ပေါ်လီယာနာ က ဝမ်းသာတမ်းကစားနည်းကို ကစားတတ်လာတယ်။ အရာရာမှာ ဝမ်းသာစရာအကြောင်းတော့ရှိစမြဲမို့ပါ။
ဒီလိုနဲ့ ပေါ်လီယာနာ က သူနဲ့သိတဲ့မိတ်ဆွေတွေကို ဝမ်းသာတမ်းကစားနည်းအကြောင်းကို ပြောပြပြီး ကိုယ်တိုင်ကစားတတ်အောင်သင်ပေးရင်း သူပေါင်းများစွာရဲ့ စိတ်မချမ်းမြေ့ဖွယ်ရာတွေကို ပြေပျောက်စေခဲ့တယ်။
တစ်နေ့တော့ ပေါ်လီယာနာကို ကားတစ်စီး ဝင်တိုက်သွားတယ်။ သူ့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံး နာကျင်သွားတဲ့ထဲမှာ ခြေတွေလှုပ်ရှားလို့မရတော့တဲ့ အခြေအနေတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။
ဒီနေရာမှာ ပေါ်လီယာနာ အမြဲကစားလေ့ရှိတဲ့ ဝမ်းသာတမ်းကစားနည်းက အလုပ်ဖြစ်ပါဦးမလား ။ တခြားဘာတွေဆက်ဖြစ်လာမလဲ။ သူ့ရဲ့ အဒေါ် ပေါ်လီဟယ်ရင်တန် က သူ့တူမကလေးကို ဘာလို့ မေတ္တာမထားနိုင်ရတာလဲ။ ဇာတ်လမ်းအဆုံးမှာရော..ဒေါ်ပေါ်လီက ပေါ်လီယာနာကို ကြင်နာတဲ့ မေတ္တာတွေပေးစွမ်းခဲ့ပါ့မလား။
....ဒါတွေကို စာဖတ်ပရိတ်သတ်တွေက ပျော်ရွှင်ကြည်နူးစွာ၊ ကြေကွဲဝမ်းနည်းစွာ ဖတ်ရှုခံစားရင်း ဇာတ်လမ်းထဲစီးမျောနေမိကြပါလိမ့်မယ်။ အကြိမ်ကြိမ်ဖတ်ပေမဲ့ မငြီးငွေ့နိုင်တဲ့ ဆရာထင်လင်းရဲ့ ဘာသာပြန်လက်ရာလေးပါ။
နောက်ပြီး ဒီဝတ္ထုလေးက အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေခြင်းခံရဲ့ ဝတ္ထုဖြစ်ပြီး လူသန်းပေါင်းများစွာရဲ့ ကိုယ်ဒုက္ခ စိတ်ဒုက္ခအပေါင်းကို ကုသပေးနိုင်ခဲ့တဲ့ ရသမြောက်ဝတ္ထုတစ်ပုဒ်ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။
တကယ်လို့ Review မကောင်းခဲ့လို့ ဖတ်ချင်စိတ်မဖြစ်ခဲ့ပါက ကျွန်တော့်အရေးအသားညံ့ဖျင်းမှု၊ စည်းရုံးသိမ်းသွင်းပုံ အားနည်းမှုတွေကြောင့်လို့သာ ဆိုပါရစေ။ ဆရာထင်လင်းရဲ့ ဘာသာပြန်ဝတ္ထုလေးကတော့ တကယ့်စွဲမက်ဖွယ်ရာ၊ နှစ်ခြိုက်ဖွယ်ရာဆိုတာကိုတော့ စာဖတ်သူတို့အနေနဲ့ ဖတ်ရှုခံစားနိုင်ကြစေဖို့ မျှော်လင့်ပါတယ်။
Keep Reading