Reviews by Benevolent
ဒီစာအုပ်လေးက ၁၉ရာစုရဲ့ဂန္တဝင်အနုပညာရှင် တစ်ယောက်အကြောင်းကို ရေးထားတာပါ။ ယခုအချိန်ထိကမ္ဘာ့ပေါ်မှာအလွှမ်းမိုးနိုင်ဆုံးလူသားတွေထဲကတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အရပ်ရပ်ကသီချင်း၊ ကဗျာတွေ အများအပြားနဲ့ ဂုဏ်ပြုခြင်းခဲ့ရတဲ့လူသားတစ်ယောက်၊ အသက်ရှိစဉ်က ဂန္တဝင်အနုပညာများစွာကိုဖန်တီးနိုင်ခဲ့ပေမယ့် မနှစ်သက်ဟန်မဲ့ရွဲ့ခြင်း၊လစ်လျုရှုခြင်းသာခံခဲ့ရတဲ့လူသားတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရတယ်။ သူကတော့ ဒတ်ချ်လူမျိုးပန်းချီဆရာကြီး "ဗင်းဆင့် ဗန်ဂိုး"( Vincent Van Gogh) ပါပဲ။လူ့ဘဝတစ်ခုမှာ အခက်အခဲ အဆင့်ဆင့်ရင်ဆိုင် ဖြတ်သန်းခဲ့ရပုံကို ရသမြောက်အောင် မှတ်တမ်းတင်ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ်ပါ။
အလုပ်ပိတ်ရက်မှာ ကျွန်တော်သမိုင်းစာအုပ်ကောင်းကောင်း တစ်အုပ်လောက် ကလေးထိန်းရင်ဖတ်မယ်ပေါ့။ တကယ်တမ်းဖတ်ဖြစ်တော့ ကမ္ဘာကျော်အထ္ထုပ္ပတ္တိ ဝတ္ထုကြီး ဖြစ်နေတယ်။
ထိုဝတ္ထုရဲ့မူရင်းစာရေးသူက အထ္ထုပ္ပတ္တိရေးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ အိုင်ရာဗင်စတုန်း (Irving Stone) ပါပဲ။ အမေရိကန် စာရေးဆရာ အိုင်ရာဗင်စတုန်း က ဒီစာအုပ်နဲ့ ပတ်သတ်၍ အမှာစာတွင် " ကျွန်တော် ဤဝတ္ထုကို ရေးရာ၌ ဗင်းဆင့်ဗန်ဂိုးက သူ့ညီသီအိုထံရေးခဲ့သည့်ပေးစာများကို အဓိကထား၍ အခြေခံပါသည်။သူ့ပေးစာ များမှာ အတွဲသုံးတွဲမျှရှိ၍ ဤဝတ္ထုအတွက် များစွာအထောက်အကူပြုခဲ့ပါသည်" ဟု ဝန်ခံဖော်ပြထားတယ်။သီအိုဗန်ဂိုး ဆိုတာ ဗင်းဆင့်ဗန်ဂိုးအပေါ်အချစ်ဆုံးနဲ့ နားလည်ပေးနိုင်တဲ့တစ်ဦးတည်းသောညီငယ်ကို ပြောတာပါ။ဗင်းဆင့်ရဲ့ကံကြမ္မာသည် သီအို လက်ထဲတွင်သာရှိခဲ့တယ်။သီအိုရဲ့ထောက်ပံပေးမှုတွေကြောင့်သာ ဒုက္ခမျိုးစုံကို ခါးစည်းခံပြီး အနုပညာမြောက်လက်ရာတွေကို ရေးဆွဲနိုင်ခဲ့တာလို့ ဆိုရမယ်။
တရားဟောဆရာရဲ့သား ဗင်းဆင့်ဗန်ဂိုး သည် ဖော်ဖော်ရွေရွေမရှိသူ၊ နှုတ်စလျှာစ အလွန်နည်းသူ၊ အပေါင်းအဖော် ရှောင်တတ်သူဖြစ်တယ်။လူအများက သူကို လူထူးလူဆန်း ခပ်ကြောင်ကြောင် လူတစ်ယောက်အဖြစ်မြင်ခြင်းခံရတယ်။ 'အရောင်များနှင့်စကားပြောသူ" လို့ ခေါ်ဝေါ်ကြတဲ့သူကို ၁၈၅၃ မှာ မွေးဖွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ သူ့ဦးကြီးပိုင်ဆိုင်တဲ့ ပန်းချီအရောင်းဆိုင်မှာ အရောင်းသမားအဖြစ် ဝင်လုပ်ခဲ့တယ်။ ကိုယ်ဝါသနာပါတာဘာမှန်းမသိခင် စေတနာအပြည့်ဖြင့် ဘိုရင်းနိတ် ဘက်မှာတရားဟောဆရာအဖြစ်လုပ်ရင်း အသက် ၂၅ နှစ်အရွယ်မှာ ဘယ်လ်ဂျီယံနိုင်ငံ၊ တောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းဒေသသွားပြီး တရားဟောဆရာ လုပ်ခဲ့ပါတယ်။အလုပ်သမားများရဲ့ဆင်းရဲမွဲတေမှုနှင့် ငတ်ပြတ်မှုများကို ကြည့်ကာ များစွာစိတ်ထိခိုက်ကြေကွဲခဲ့ရတယ်။ ကျောက်မီးသွေးတွင်းမှ ခက်ခဲကြမ်းတမ်းမှု၊ အလုပ်နဲ့လစာခေါင်းပုံဖြတ်ခံရမှု၊ ဆင်းရဲနွမ်းပါးမှုတွေကို တွေ့မြင်ခဲ့ရတဲ့အခါ တရားသာဟောပြောနိုင်ပြီး လက်တွေ့တွင် ဘာမှအကူညီ မပေးနိုင်သဖြင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲခဲ့ရတယ်။
အချစ်ရေးမှာလည်း ကံခေသူတစ်ယောက် ၊ မိမိက အသည်းနင့်အောင် ချစ်ပါသော်လည်း တစ်ဖက်က နည်းနည်းလေးမှ ချစ်တုံ့မပြန်သဖြင့် ချစ်ခွင့်မပိုင်ခဲ့ရသည့် ဘဝပိုင်ရှင် ဗင်းဆင့်ဗန်ဂိုး၊အသည်းတွေအ ကြောင်းအမျိုးမျိုးကြောင့်ထပ်ခါထပ်ခါကွဲရင် သူ့အတွက် စုတ်ချက်ကြမ်းကြမ်းတွေဖြစ်ပေါ်လာဖို့ အစပျိုးခဲ့တယ်။အချစ်ရေးကံမကောင်းခဲ့ပေမယ့် နူးညံတဲ့နှလုံးသားရှိသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တယ်။
အသက် ၂၇ နှစ်အရွယ်မှ ပန်းချီစတင်ဆွဲခဲ့ပါတယ်။ဘာကြောင့် သူပန်းချီဆွဲရသလဲဆိုတာ စာအုပ်ထဲတွင် အသေးစိတ် လေ့လာနိုင်ပါတယ်။ပန်းချီကားပေါင်း ၁၆၀၀ ကျော်ရေးဆွဲခဲ့ပေမယ့် သူမကွယ်လွန်မီ နောက်ဆုံးနှစ် ၁၈၉၀ ခုနှစ်ကျခါမှ သူ့မိတ်ဆွေပန်းချီဆရာ တစ်ယောက်က ဒေါ်လာ ၈၀ ပေး၍ ပန်းချီကားတစ်ကားဝယ်ယူသွားခဲ့တယ်။သူ့အနုပညာကို ညီဖြစ်သူ သီအို တစ်ယောက်သာ နားလည်ပေးနိုင်ခဲ့တာပါ။ သူ့ပန်းချီကားတွေက သူ့ဘဝလိုပဲ လူအများရဲ့ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်စေတယ် ၊လှုပ်ရှားစေတယ်၊ စိတ်ထဲမှာ ခံစားနေရသမျှကို မမိ မိအောင် အပြင်းအထန်ခံစားပြီး စုတ်ချက်တင်ထားတာ လို့ဆိုနိုင်တယ်။ ပန်းချီ စိတ်ဝင်စားသူတွေဆို ပိုခံစားမိပါလိမ့်မယ်။
ညီဖြစ်သူသီအိုဗန်ဂိုးရဲ့ မိတ်ဆက်ပေးမှုကြောင့်ပဲ ပေါလ်ဂေါ်ဂင် ၊ ဂျော့ဆူးရက် တို့နဲ့ ဒတ်ခ်ျရှေးရိုးစဉ်လာ ပန်းချီဆွဲနည်းဆွဲဟန်တွေသာလေ့ကျင့်ခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးတစ်ယောက် ပန်းချီပညာအကြောင်းတွေ ဖလှယ်ကြ၊အမြင်မတူမှုတွေ ငြင်းခုံကြ၊ ဆွေးနွေးတိုင်ပင်ကြတဲ့အခန်းက စိတ်ဝင်စားစရာအပြည့်ပါပဲ။
ပန်းချီပညာနဲ့ ပတ်သတ်တဲ့အခြေခံသဘောတရားတွေကိုလည်း ဗဟုသုတရဖွယ် ၊ မှတ်သားစရာအဖြစ် သိခွင့်ရ။ဂျော့ဆူးရက် ရှင်းပြသွားတဲ့ ပန်းချီရေးဆွဲမှုအတတ်ပညာရဲ့ အင်္ဂါရပ်သုံးခု( လိုင်း၊တုန်း၊ ကာလာ)အကြောင်းကိုအကြမ်းဖျင်း ပြောပြသွားတာ ကျွန်တော်အတော် သဘောကျမိတယ်။
အတုယူမှု နဲ့ အတုခိုးမှုအကြောင်းကို ညီဖြစ်သူသီအိုဆုံးမတဲ့အခန်းလည်း မှတ်သားစရာပါ။ဗင်းဆင့်ဗန်ဂိုးက သူ့အားကျရတဲ့ ပေါလ်ဂေါ်ဂင်၊ ဂျော့ဆူးရက်၊ တူလော့်ဆီ အတိုင်းလိုက်ဆွဲတယ်၊ သူ့ကိုယ်သူ များစွာတိုးတတ်လာနေပြီ ဟု ထင်ယောင်ထင်မှား ယူဆမိခဲ့တယ်။သူ့ရဲ့ပင်ကိုယ်စတိုင် ဆွဲနည်း၊ ဆွဲဟန်များ ပျောက်လာတယ်။
"သူတို့ကိုအတုခိုးဖို့ ကြိုးစားနေတာ ခင်ဗျားရဲ့မိုက်မဲမှုပဲ ၊ ခင်ဗျားဟာ အတော်ကြီးကို ဆုတ်ယုတ်နေတယ်၊ ကျဆင်းနေတယ်၊ဗင်းဆင့်ဗန်ဂိုး အနေနဲ့ ဆွဲထားတာ တစ်ကားမှ မရှိတော့ဘူး။"
သီအိုပြောတဲ့စကားက အမှန်ပါပဲ၊ လူ့သဘာဝအရ တခါတစ်လေ ဖြစ်တတ်ကြပေမယ့် ကိုယ့်ရဲ့ အားထုတ်မှုတွေက ပျင်းရိလေးလံသွားတာကို ကျွန်တော်တို့ သတိထားရမယ်။ဉာဏ်စွမ်းတွေက သံချေးတတ်သွားမှာကို စိုးရိမ်ဖို့ လိုပါတယ်။
ဗင်းဆင့် ဗန်ဂိုးရဲ့ ပန်းချီဖန်တီးမှုကာလ ဆယ်နှစ်မျှအကြာ သူ့အသက် ၃၇ နှစ်အရွယ်မှာ သူ့ကိုယ်သူ သေနတ်ဖြင့် အဆုံးစီရင်သွားပါတယ်။ ဘာကြောင့် ကိုယ်ကို အဆုံးစီရင်သွားသလဲ၊ ဘာကြောင့် ရူးသွပ်ခြင်းခံသွားသလဲဆိုတာ စာဖတ်သူအနေနဲ့ သေချာ လေ့လာစေချင်ပါတယ်။အပေါ်ယံကြည့်ပြီး စိတ်ရောဂါခံစားနေရတဲ့ အရူးတစ်ယောက်၊ အနုပညာကပဲ သူကိုသတ်သွားတာ စသဖြင့် ဝေဖန်ရတာ လွယ်ပါတယ်။ လမ်းလျှောက်ရင် သံ ၊အဆူး စူးမိတာကို မဖယ်ရှားဘဲ ခရီးဆက်ခဲ့မိလို့ သံအဆိပ်တတ်သွားတာလို့ပဲ ကျွန်တော်မြင်ပါတယ်။
ကိုယ့်ရူးသွပ်စွာလုပ်ခဲ့တဲ့အနုပညာကြောင့်ထမင်းငတ်ခံသူတွေ၊ နေစရာမရှိတဲ့သူတွေ ၊ လူ့လောကကိုစိတ်ကုန်သွားတဲ့အနုပညာရှင်တွေ ကမ္ဘာပေါ်မှာအများကြီးရှိပါတယ်။ဆိုလိုတာက သူ့တို့က self-care အားနည်းပေမယ့် passion အားကောင်းသူတွေပါ။သူ့တို့ဖန်တီးခဲ့တဲ့အရာတွေက ယနေ့အထိ ကမ္ဘာပေါ်မှာ အကျိုးပြုရှင်သန်နေတုန်းပါပဲ။
အထက်တန်းလွှာလူချမ်းသာတွေ ရယ်မော၊ပျော်ရွှင်ကာ ဝိုင်ခွက်ချင်းတိုက်နေချိန် သူက အောက်ခြေပစ္စည်းမဲ့လူတန်းစားနဲ့အတူတူ ခံစားပေးခဲ့တယ်။ တခါတစ်လေ ကော်ဖီနဲ့ပေါင်မုန့်ကြမ်းက သူ့အတွက် ပြည့်စုံသလို တချို့ရက်တွေမှာ အငတ်ခံ ခဲ့သူတစ်ယောက်။ဗင်းဆင့်ရဲ့ "ရမ္မက်မီး" က အင်မတန်မှပြင်းပြ၊ စိတ်အားထက်သန်ခဲ့ကြောင်းကို အခိုက်အမာ သက်သေပြသွားတယ်။
ပန်းချီပညာရှင်တွေအတွက် သူဟာ ကောင်းသောရည်ရွယ်ချက်၊ ကောင်းသော စေတနာ ၊ကောင်းသော မေတ္တာတို့ဖြင့် ကိုယ်လုပ်ချင်တာလုပ်သွားသူတစ် ယောက်၊စိတ်ခံစားမှုများကို အရောင်နှင့်ဖော်ပြလို့ရကြောင်းကိုလည်းသင်ပေးသွားသူ လူသားအဖြစ် သတ်မှတ်ကြတယ်။ခံစားချက်တွေကိုအရောင်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုတတ်တဲ့သူ ဗန်ဂိုးရဲ့ ထူးခြားသောပါရမီက ယနေ့ခေတ် ပန်းချီလောကအတွက် အခြေခံအုတ်မြစ်များကို ချပေးနိုင်စွမ်းရှိခဲ့သည်ဟု ပန်းချီပညာရှင်များက လက်ခံထားကြတယ်။
ဘာသာပြန်သူရဲ့ ကျေးဇူးကြောင့်ဖော်ပြတာထက်ကျော်လွန်ပြီး ဗင်းဆင့်ဗန်ဂိုး နဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရသလို ခံစားမိတယ်။မျဥ်းတစ်ကြောင်းကို ကောင်းကောင်းမဆွဲတတ်သူတစ်ယောက်တောင် အခုချက်ချင်းမျဥ်းတစ်ကြောင်း ထဆွဲချင်စိတ်ပေါက်သွားနိုင်ပါတယ်။ကိုယ်လုပ်ချင်တာလုပ်သွားခဲ့ပြီး လူ့လောကကို အကျိုးပြုသွားသည့် စစ်မှန်သော အနုပညာရှင် ပန်းချီဆရာတစ်ဦးရဲ့ ဘဝကိုမြင်ရ တွေ့ရ၊ သိရှိနားလည်ခွင့်ရမည့် စာအုပ်ကလေးပါ။စိတ်မကောင်းစရာတစ်ခုက သူ့ရဲ့ဘဝ၊ ကြမ်းတမ်းစွာဖြတ်သန်းခဲ့သည့် အနုပညာက သေဆုံးပြီးမှ ကမ္ဘာကျော်ခဲ့ခြင်းသာ ဖြစ်တယ်။
ပေါလ်ဂေါ်ဂင် အကြောင်းရေးထားတဲ့ ဆရာမြသန်းတင့်ရဲ့ "မှော်ရုံတောမှာမောလှပြီ" စာအုပ်ကိုလည်း ဆက်ဖတ်ဖို့ ကျွန်တော်ကြိုးစားပါဦးမယ်။ မိတ်ဆွေတို့လည်း တစိမ့်စိမ့်နဲ့ရင်ထဲထိမိ စေတဲ့ဒီစာအုပ်လေးကို အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်ဗျာ....
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=gzFy9xXukIli9LgI
စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?
Benevolent Guy
Keep Reading