Author's Profile Photo

WHY:ဘာကြောင့်လဲ

19/05/2024

ကမ္ဘာနဲ့ ဂြိုလ်တွေ ဘာလို့ 'နေ' ကိုလည်ပတ်နေတာလဲ

2 mins read
Education
General Knowledge
ကမ္ဘာနဲ့ ဂြိုလ်တွေ ဘာလို့ 'နေ' ကိုလည်ပတ်နေတာလဲ's photo

ဘာလို့ လည်နေတာလဲဆိုတာကိုမပြောခင် နယူတန်ရဲ့ စကြဝဠာဆွဲငင်အားဥပဒေသ (Law of universal gravitation) အကြောင်းကို အရင်ပြောရပါလိမ့်မယ်။

➡️ စကြဝဠာဆွဲငင်အားဥပဒေသ (Law of universal gravitation)
ဒီဥပဒေသအရ လောက(universe)မှာရှိတဲ့ ဝတ္ထုတိုင်းက တစ်ခုပါ်တစ်ခု အားသက်ရောက်နေကြပါတယ်။ ဒီသက်ရောက်နေတဲ့အားကို ဒြပ်ဆွဲအား(gravitational force) လို့ခေါ်ပါတယ်။
ဒါ့အပြင် ဒြပ်ထု(mass)ရှိတဲ့ဝတ္ထုတိုင်းမှာ ဒြပ်ဆွဲအားစက်ကွင်း (gravitational field) ရှိပါတယ်။ ဒြပ်ဆွဲရှိန် (acceleration due to gravity) လို့လည်းခေါ်ပါသေးတယ်။ သူ့တန်ဖိုးက ဒြပ်ထုပမာဏများရင်များသလောက် များပါတယ်။
ဥပမာ - ဒြပ်ထု 5.97×10^24 kg ရှိတဲ့ ကမ္ဘာရဲ့ ဒြပ်ဆွဲရှိန်က 9.8 m/s^2 ပါ။ ဒြပ်ထု 1.989×10^30 kg ရှိတဲ့ နေရဲ့ ဒြပ်ရှိန်က 275 m/s^2 ပါ။
×××××××××××××××××××××××××××××××

ဒါကြောင့် ဒြပ်ဆွဲရှိန်များတဲ့ ဝတ္ထုက ဒြပ်ဆွဲရှိန်နည်းတဲ့ ဝတ္ထုကို သူတို့ဆီရောက်လာအောင် ဆွဲငင်ကြပါတယ်(ဒြပ်ဆွဲရှိန်များရင် ဒြပ်ဆွဲအားလည်းများသွားလို့လေ)။ ဥပမာ ကမ္ဘာမြေကြီးပေါ်မှာ ခဲတစ်လုံးကိုပစ်လိုက်မယ်ဆိုရင် ဒြပ်ဆွဲရှိန်များတဲ့ကမ္ဘာက ဒြပ်ဆွဲရှိန် မရှိသလောက်ဖြစ်နေတဲ့ ခဲကို မြေပြင်ပေါ်ပြန်ကျအောင် ဆွဲလိုက်မှာပါ။

✴️ဒါဆိုရင် 'လ' ကရောဘာလို့ ကမ္ဘာပေါ်ကို ကျမလာတာလဲ၊ ကမ္ဘာကရော 'နေ' ဆီကို ပြုတ်မကျသွားတာလဲ

➡️ ဘာလို့ပြုတ်ကျ မလာတာလဲဆိုတော့ အဟုန် (momentum) ကြောင့်ပါ။ အဟုန်ဆိုတာကတော့ ဝတ္ထုတစ်ခုရဲ့ ဒြပ်ထုနဲ့ အလျင်(velocity)တို့ရဲ့ မြှောက်လဒ်ပါ။
ပုံဖော်ရှင်းပြရမယ်ဆိုရင် တောင်ထိပ်တစ်ခု ပေါ်မှာ တူမီးအမြောက်တစ်ခုကို မြင်ယောင်ကြည့်ပါ။ အမြောက်ဆံကို အလျင်နည်းနည်းနဲ့ ပစ်လိုက်မယ်ဆိုရင် နီးနီးလေးမှာကျမှာပါ(အလျင်နည်းတဲ့အတွက် အဟုန်လည်းနည်းသွားလို့လေ)။ အလျင်များများနဲ့ ပစ်လိုက်မယ်ဆိုရင် ခပ်ဝေးဝေးကို ကျသွားမှာပါ။ အကယ်၍ ဒြပ်ဆွဲအားပမာဏကို အံတုနိုင်တဲ့ အဟုန်နဲ့ ပစ်လွှတ်လိုက်မယ်ဆိုရင်တော့ အမြောက်ဆံက မြေပေါ်ကိုပြန်ကျမှာ မဟုတ်တော့ဘဲ သူစထွက်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လည်နေမှာပါ။ အလျင်အရမ်းများသွားရင်လည်း လမ်းကြောင်းအတိုင်းဆက်လည်နေမှာမဟုတ်ဘဲ ကမ္ဘာနဲ့ အဝေးကြီးကိုလွင့်ထွက်သွားမှာပါ။ ဒြပ်ဆွဲအားနဲ့ အဟုန်ကြားမှာ မျှခြေတစ်ခု(equilibrium) ရှိနေမှသာ လမ်းကြောင်းအတိုင်းလည်နေမှာပါ။ အဲ့ဒီလမ်းကြောင်းမှာမြဲနေမှာပါ။

‼️ ဒီဖြစ်စဉ်ဟာ လေခုခံမှု(air resistance) ကိုထည့်သွင်း စဉ်းစားထားတာမဟုတ်တဲ့အတွက်‌ကြောင့် လေထုနဲ့ လေထုဖိအား ရှိနေတဲ့ ကမ္ဘာပေါ်မှာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ လေထုမရှိတဲ့ ကမ္ဘာအပြင်ဘက်နဲ့ အာကာသထဲမှာဘဲ အလုပ်ဖြစ်ပါတယ်။ ဂြိုလ်တုတွေ ကမ္ဘာကို လည်နေတာလည်း ဒီအတိုင်းပါဘဲ။ ဂြိုလ်တုအကြောင်းဖတ်ရန် ⬇️⬇️⬇️

https://sarphat.com/posts?id=4118
---------------------------------------
ကမ္ဘာပေါ်ကို 'လ' ပြုတ်ကျမလာတာကလဲ သူက အလျင်တစ်ခုနဲ့ ကမ္ဘာကို ပတ်နေပြီးတော့ သူ့ရဲ့ အဟုန်နဲ့ ကမ္ဘာရဲ့ ဒြပ်ဆွဲအားကြားမှာ မျှခြေဖြစ်နေလို့ပါ။ မျှခြေဖြစ်နေတဲ့အတွက် 'လ'က ကမ္ဘာကနေမခွဲထွက်သွားသလို၊ ပြုတ်လည်းကျမလာပါဘူး။
နေပေါ်ကို ကမ္ဘာကြီးပြုတ်မကျတာကလည်း အဲ့လိုကြောင့်ပါဘဲ။ နေက ကမ္ဘာထက် ဒြပ်ထုပိုများ(more massive)တဲ့အတွက် ကမ္ဘာက နေကိုလည်ပတ်နေရပြီးတော့ ဒြပ်ထုနည်းတဲ့'လ' ကလည်းကမ္ဘာကို ပတ်နေရပါတယ်။ အဲ့လိုပါဘဲ 'နေ' ကလည်း နဂါးငွေ့တန်းဂလက်ဆီလ်(galaxy) အလယ်မှာရှိတဲ့ ဒြပ်ဆွဲအားမြင့် တွင်းနက်(black hole) ကြီးကို အဟုန်တစ်ခုနဲ့လည်နေပါတယ်။( တွင်းနက်က နေထက်ဒြပ်ထုပိုများ/more massive/ လို့ပါ )

-----------------------------------------------
✴️လ၊ ကမ္ဘာ၊ ဂြိုလ်တွေနဲ့ နေက‌ရောဘယ်လိုလုပ်ပြီး လည်နေတာလဲ။ အဲ့လိုလည်နေတာကရော ဘာလို့ရပ်မသွားတာလဲ။

➡️ မဟာပေါက်ကွဲမှု(Big Bang) ဖြစ်ခါစ၊ လောကဓာတ်ပြန့်ကားမှု(expansion of universe) နဲ့အတူ ဒြပ်ဝတ္ထုအမှုန်တွေက အလျင်တစ်ခု(တစ်နည်းအားဖြင့် အဟုန်တစ်ခု)နဲ့ရွေ့လျားနေကြပါတယ်။ ဒီဒြပ်ဝတ္ထုအမှုန်‌လေးတွေ ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းဖြင့် ကြယ်တွေ၊ ဂြိုလ်တွေ ပေါ်ပေါက်လာပါတယ်။ အဲ့ဒီအမှုန်လေးတွေကဒြပ်ဝတ္ထုရုပ်လုံး(matter) တွေအဖြစ်ပြောင်းသွားပေမယ့် သူတို့ရဲ့အဟုန်ကတော့ ဆက်ရှိနေပြီး ဆက်ရွေ့နေပါတယ်။ သူတို့တွေ ပေါ်ပေါက်လာခြင်းနဲ့အတူ ဒြပ်ဆွဲအားစက်ကွင်း(ဒြပ်ရှိန်) တွေလည်းပေါ်လာပါတယ်။ ဒြပ်ဆွဲအားစက်ကွင်းတွေကြောင့် ဒြပ်ဝတ္ထုတစ်ခုပေါ်တစ်ခု ဒြပ်ဆွဲအားတွေသက်ရောက်ကြပြီးတော့ အခုလို နည်းရာက များရာကို လှည့်ပတ်တဲ့ အခြေနေကိုရောက်လာပါတယ်။
နယူတန်ရဲ့ ပထမနိယာမအရ ပြင်ပအနှောက်အယှက်တစ်ခုခုမရှိဘူးဆိုရင် လောကမှာ ရပ်နေတဲ့အရာဝတ္ထုကလည်းမြဲတမ်းရပ်နေပြီးတော့၊ ကိန်းသေအလျင်(constant velocity)နဲ့သွားနေတဲ့ ဝတ္ထုကလည်း အမြဲတမ်းသွားနေမှာပါ။ ဒီသက်ရောက်မှုကို အီနားရှား(Inertia) လို့ခေါ်ပါတယ်။

➡️ ဆိုတော့ ဘာအနှောက်အယှက်မှမရှိတဲ့ အာကာသဟင်းလင်းပြင်ထဲမှာဆိုရင် ရွေ့နေတဲ့အရာဝတ္ထုကလည်း အမြဲတမ်းဆက်ရွေ့နေမှာပါ။အီနားရှားဂုဏ်သတ္တိကြောင့်ဘဲ အရံဂြိုလ်တွေက မိခင်ဂြိုလ်ကိုလည်မြဲတိုင်းလည်၊ မိခင်ဂြိုလ်တွေကလည်းသက်ဆိုင်ရာ ကြယ်ရှင်ကြီးကို လည်မြဲတိုင်းလည်နေတာပါ။ ကမ္ဘာပေါ်မှာဆိုရင်တော့ လေခုခံမှု(air resistance) ဆိုတဲ့ အနှောက်အယှက်တစ်ခုရှိပါတယ်။
-----------------------------------------------
ဆိုတော့အားလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် ဂြိုလ်တွေ၊ အရံဂြိုလ်တွေ၊ ကြယ်တွေ စတာတွေလည်ပတ်နေတာက လောကဓာတ်(universe) ဖြစ်တည်စကတည်းကပါ။ ဒီလည်ပတ်မှုတွေက လောကဓာတ်တည်ရှိနေသရွေ့၊ ပြင်ပအနှောက်အယှက်တစ်ခုခုမသက်ရောက်သရွေ့ အမြဲတမ်းလည်နေမှာပါ။

ကိုးကား - "Physics for Scientists and Engineers"
by SERWAY JEWETT

- ဘာကြောင့်လဲ(why?)
ကျွန်တော့်ရဲ့ Facebook page လေးကိုရော သွားရောက် follow ပေးနိုင်ပါတယ်။





Keep Reading

မမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်