Nicolette
ဘာသာပြန်ဝတ္ထုရှည်
အခန်း 3 - ကမ္ဘာများကြားထဲက တောအုပ်
ဦးလေးအင်ဒရူးနဲ့ သူ့ရဲ့စာဖတ်ခန်းဟာ မျက်လှည့်ပြသလို ပျောက်ကွယ်သွားကာ အချိန်ခဏအတွင်းမှာ အရာအားလုံးက အာရုံထဲရှုတ်ထွေးသွားတယ်။
ဒဂ်ဂရီ သတိထားမိတာကတော့ တောက်ပတဲ့အစိမ်းရောင်အလင်းတန်းတစ်ခုက သူ့ရဲ့အပေါ်ဘက်ကို ဦးတည်လာနေပြီး အမှောင်ထုကတော့ သူ့ရဲ့ခြေထောက်ဘက်ကို ချည်းကပ်လာနေတာပဲ။
သူက မတ်တပ်ရပ်နေတာလဲ မဟုတ်သလို၊ ထိုင်နေတာ ၊ အိပ်နေတာမျိုးလဲ မဟုတ်ဘူး။
ဘယ်အရာကမှလဲ သူ့ကိုထိမနေဘဲ ဗောလောပေါ်နေသလိုဖြစ်နေတယ်။
“ငါရေထဲကို ရောက်နေတာထင်တယ်” ဒဂ်ဂရီပြောလိုက်တယ်။
“ဒါမှမဟုတ် ရေအောက်ထဲမှာ နစ်နေတာလဲဖြစ်နိုင်တယ်” ဒီအတွေးက သူ့ကိုကြောက်လန့်သွားစေတယ်။
သို့ပေမယ့် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းမြောက်တက်လာပြီး ရေကန်တစ်ခုရဲ့အစပ်နားကို ရောက်လာတယ်။
ရေပေါ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့အဝတ်တွေ၊ ဆံပင်တွေနဲ့ ခန္ဓာကိုယ်က ရေစိုတာမျိုးလဲမရှိပါဘူး။
ရေနစ်ထားတဲ့သူလိုမျိုး အသက်ရှုရတာမောပန်းတာမျိုးလဲ မရှိဘူး။
သူရောက်နေတဲ့ ရေကန်က ဆယ်ပေလောက်ပဲကျယ်ပြီး တောအုပ်တစ်ခုနဲ့ တော်တော်လေးနီးတယ်။
တောအုပ်ထဲမှာက သစ်ပင်တွေ တစ်ပင်နဲ့တစ်ပင်ထိပြီး အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေတာကြောင့် ကောင်းကင်ကိုတောင် မမြင်ရသလောက်ပါပဲ။
သစ်တောထဲကို ဖြာကျတဲ့ နေအလင်းရောင်ဟာ စိမ်းစိုတဲ့သစ်ရွက်တွေကို ဖြတ်သန်းလာရတာကြောင့် လှပတဲ့အစိမ်းရောင်ဖြစ်နေတယ်။
အစိမ်းရောင်အလင်းတွေက အရမ်းကို တောက်ပပြီး နွေးထွေးလွန်းတာကြောင့် ကောင်းကင်ပေါ်က နေရောင်ခြည်ကလဲ အပူရှိန်ပြင်းပုံရတယ်။
တောအုပ်က အရမ်းတိတ်ဆိတ်လွန်းပါတယ်။
ဒီလိုတိတ်ဆိတ်လွန်းတဲ့ တောအုပ်မျိုးကို စိတ်ကူးတောင် မယဉ်မိဖူးဘူး။
ငှက်တွေမရှိ၊ ပိုးကောင်မွှားကောင်တွေမရှိ၊ တိရိစ္ဆာန်တွေလဲမရှိ ၊ ဘာဆိုဘာမှကို မရှိတဲ့အပြင် လေတိုက်သံတောင် မကြားရတဲ့ တောအုပ်ပေါ့။
သစ်ပင်တွေတောင် အခုမှ ပေါက်လာသလိုလိုပဲ။
ဒဂ်ဂရီတက်လာတဲ့ ရေအိုင်က တောအုပ်ထဲမှာ တစ်ခုထဲရှိတဲ့ရေအိုင်မဟုတ်ပါဘူး။
အနားတဝိုက်မှာ ရေအိုင်တွေအများကြီးရှိတယ်။
ရေအိုင်ထဲက ရေတွေကို သစ်ပင်တွေရဲ့ အမြစ်တွေက အားရပါးရသောက်သုံးနေကြတာ ခံစားမိတယ်။
သစ်တောက အရမ်းကို အသက်ဝင်နေတာပဲ။
ဒီနေရာကို ဘယ်လိုဖော်ပြရမလဲဆိုတာ ဒဂ်ဂရီမသိပေမယ့် “သစ်တောက အရမ်းပြည့်စုံတာပဲ၊ ဇီးသီးကိတ်မုန့်စားရသလိုကို ပြည့်စုံနေတာ” လို့ ပြောမိလိုက်တယ်။
ထူးဆန်းတဲ့အရာကတော့ ဒဂ်ဂရီ ဘာလို့ ဒီကိုရောက်လာသလဲဆိုတာ မေ့သွားတာပါပဲ။
ပေါ်လီအကြောင်းရော၊ ဦးလေးအင်ဒရူးအကြောင်းရော ၊ သူ့အမေအကြောင်းကိုတောင် သူ့ခေါင်းထဲ မရှိတော့ဘူး။
သူ့စိတ်ထဲမှာ ကြောက်လန့်တာ၊ စိတ်လှုပ်ရှားတာနဲ့ စူးစမ်းချင်စိတ်တွေလဲ မရှိဘူးဖြစ်နေတယ်။
အခုနေ တစ်ယောက်ယောက်ကများ “မင်းဘယ်ကနေ ရောက်လာတာလဲ” လို့လာမေးရင်
“ကျွန်တော် ဒီကပဲလေ” လို့ ပြန်ဖြေမိမှာပဲ။
ဒီနေရာက သူအမြဲနေလာတဲ့ နေရာလိုမျိုး ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာအဖြစ်အပျက်မှ မဖြစ်ပေမယ့် ပျင်းစရာ မကောင်းတဲ့နေရာလိုမျိုး ခံစားနေရတယ်။
“ဒီနေရာမှာ သစ်ပင်တွေ တဖြည်းဖြည်းကြီးထွားလာတာကလွဲပြီး ဘာမှ မဖြစ်ဖူးဘူးလေ” လို့ ဒဂ်ဂရီ စိတ်ထဲမှာ ထူးထူးဆန်းဆန်း တွေးမိနေတယ်။
တောအုပ်ကြီးကို အချိန်ကြာကြာငေးမောပြီးတဲ့နောက်မှာတော့ သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ သစ်ပင်တစ်ပင်ရဲ့ခြေရင်းကို ကျောမှီပြီးထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဒဂ်ဂရီ သတိထားမိသွားတယ်။
ကောင်မလေးရဲ့ မျက်လုံးတွေက ဖွင့်ထားပေမယ့် ဘာမှမြင်ပုံမရဘူး။
အိပ်နေတာမဟုတ်သလို နိုးနေပုံလဲမရဘူး။
ကောင်မလေးကို ဒဂ်ဂရီ ရပ်ကြည့်နေပေမယ့် သူမက ဘာမှ ပြန်မပြောပါဘူး။
အတန်ကြာမှ အိပ်မက်ယောင်နေသလို လေသံနဲ့ “ငါနင့်ကို မြင်ဖူးနေသလိုပဲ” ကောင်မလေးက ပြောတယ်။
“ငါလဲ နင့်ကို မြင်ဖူးသလိုဖြစ်နေတယ်” ဒဂ်ဂရီက ပြောတယ် “နင် ဒီကိုရောက်နေတာကြာပြီလား”။
“အိုး အမြဲတမ်းနေနေသလိုပါပဲ ဘယ်တုန်းက ရောက်နေတာလဲဆိုတာတောင် မသိတော့ဘူး”။
“ငါလဲ အဲ့လိုပဲဟ” ဒဂ်ဂရီက ပြောတယ်။
“နင်ရောက်တာ မကြာသေးပါဘူး၊ နင်ရေကန်ထဲကနေ ခုနကမှ တက်လာတာ ငါမြင်လိုက်တယ်” ကောင်မလေးက ပြောတယ်။
“အော် အေး ဟုတ်သားပဲ” ဒဂ်ဂရီက ဇဝေဇဝါ လေသံနဲ့ “ငါမေ့သွားတာ”
ပြီးတော့ သူတို့ဘာမှ ဆက်မပြောဘဲ အကြာကြီး တိတ်ဆိတ်သွားပြန်တယ်။
“ငါတို့ ဘယ်မှာတွေ့ဖူးကြတာလဲလို့ ငါတွေးနေတာလေ” ကောင်မလေးက တည်တည်ငြိမ်ငြိမ်ပြောတယ် “ငါ့ခေါင်းထဲကို ပုံရိပ်တချို့ဝင်လာတယ်၊ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်၊ ဒီနေရာနဲ့ တော်တော်လေးမတူတဲ့ တခြားနေရာမှာနေကြတာတဲ့၊ ငါပဲ စိတ်ကူးယဉ်နေတာလား တကယ်ဖြစ်ဖူးတာလားတော့ မသိဘူး”
“ငါလဲအဲ့လိုတွေးမိတယ်သိလား၊ ကောင်လေးနဲ့ ကောင်မလေး ဘေးချင်းကပ်ရပ်အိမ်မှာနေတာလေ၊ ခြံစည်းရိုးကိုကျော်ပြီး စကားပြောနေကြတာ၊ ကောင်မလေးမျက်နှာက ညစ်ပတ်နေတာပဲ” ဒဂ်ဂရီက ပြောတယ်။
“နင်ရောချမနေစမ်းပါနဲ့၊ ငါ့အတွေးထဲမှာတော့ မျက်နှာညစ်ပတ်နေတာ ကောင်လေးပါ”
“ကောင်လေးမျက်နှာတော့ ငါမသိဘူး” လို့ပြောရင်း ဒဂ်ဂရီ အလန့်တကြားထအော်တယ် “ဟယ်လို ဒါဘာကြီးလဲဟ”
“အဲ့တာ ခွေးတူဝက်တူကောင်လေ” ကောင်မလေးက ပြောတယ်။
ဝတုတ်နေတဲ့ ခွေးတူဝက်တူကောင်က မြက်ခင်းတွေကို တရှုံ့ရှုံ့နဲ့ အနံခံနေတယ်။
ခွေးတူဝက်တူကောင်ရဲ့ ကျောအလယ်မှာတော့ တောက်ပတဲ့ အဝါရောင်လက်စွပ်တစ်ကွင်းကို တိတ်နဲ့ပတ်ပေးထားတယ်။
“ကြည့်ပါဦး ၊ ကြည့်ပါဦး” ဒဂ်ဂရီ အော်တယ် “အဲ့လိုလက်စွပ်မျိုး ငါလဲ ဝတ်ထားတယ်၊ နင့်လက်မှာလဲ ဝတ်ထားတယ်”
ကောင်မလေးက အခုမှ စိတ်ဝင်စားလာဟန်နဲ့ မတ်တပ်ထရပ်လိုက်တယ်။
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြန်မှတ်မိလာဖို့ ကြိုးစားပမ်းစား စဉ်းစားနေကြတယ်။
နောက်တော့ တပြိုင်နက် “မစ္စတာ ကစ်တာလီ” လို့ ကောင်မလေးက အော်ပြီး “ဦးလေးအင်ဒရူး” လို့ ဒဂ်ဂရီက အော်လိုက်တယ်။
ဘယ်သူ့ကြောင့် ဒါတွေစဖြစ်ခဲ့ရတာလဲ ၊ ဘယ်သူဒီကိုရောက်အောင် ပို့လိုက်တာလဲဆိုတာ နှစ်ယောက်လုံး မှတ်မိသွားကြပြီ။
မိနစ်အနည်းငယ်လောက် ဒီအကြောင်းကို သူတို့နှစ်ယောက်ပြန်ပြောနေကြတယ်။
ဦးလေးအင်ဒရူး ဘယ်လောက်ရူးလိုက်သလဲဆိုတာ ဒဂ်ဂရီ ရှင်းပြတယ်။
“ဒါဆိုငါတို့ အခုဘာလုပ်ကြမလဲ” ပေါ်လီက မေးတယ် “ခွေးတူဝက်တူလေးကို ခေါ်ပြီး အိမ်ပြန်ကြမလား”
“အလျင်မလိုစမ်းပါနဲ့” ဒဂ်ဂရီ သမ်းဝေလိုက်ရင်း ပြောတယ်။
“ငါစဉ်းစားမိတာ” ပေါ်လီက ပြောတယ် “ဒီနေရာက အရမ်းတိတ်ဆိတ်လွန်းလို့ အမြဲအိပ်ချင်စိတ်ပေါက်စေတယ်၊ တခါလောက်လှဲအိပ်မိတာနဲ့ ပြန်နိုးမယ့်ပုံကို မပေါ်ဘူး”
“ဒီနေရာက အရမ်းအေးချမ်းတယ်” ဒဂ်ဂရီက ပြောတယ်။
“ဟုတ်တယ် အေးချမ်းတယ်”
“ဒါပေမယ့် ငါတို့ပြန်ရမယ်” ပေါ်လီက ခွေးတူဝက်တူကောင်ဆီပြေးသွားတယ်။
သို့ပေမယ့် သူမ စိတ်ပြောင်းသွားပြန်တယ် “ငါတို့ ဒီခွေးတူဝက်တူကောင်လေးကို ဒီမှာပဲ ထားခဲ့တာ ပိုကောင်းမယ်ထင်တယ်၊ ပြန်ခေါ်သွားရင် နင့်ဦးလေးက တစ်မျိုးမျိုးထပ်ပြီး စမ်းသပ်နေဦးမယ်ထင်တယ်”
“ငါ့ဦးလေးကတော့ စမ်းသပ်မှာပဲ” ဒဂ်ဂရီက ပြန်ဖြေတယ် “ငါတို့ကိုတောင် ဒီပို့လိုက်တယ်ဆိုတော့၊ ငါတို့ဘယ်လိုပြန်ကြမလဲ”
“ရေကန်ဘက် ပြန်သွားရမယ်ထင်တယ်”
သူတို့နှစ်ယောက် ရေကန်ဆီ ပြန်သွားပြီး ရေကန်ထဲ ငုံ့ကြည့်လိုက်တယ်။
ရေကန်က အရမ်းကို ကြည်လင်နေပြီး စိမ်းစိုနေတဲ့ သစ်ရွက်တွေရဲ့ ပုံရိပ်တွေကြောင့် ပိုပြီး နက်သယောင်ယောင် ဖြစ်နေတယ်။
“ငါတို့မှာ ရေကူးဝတ်စုံလဲ ပါမလာဘူး” ပေါ်လီက ပြောတယ်။
“မရူးစမ်းပါနဲ့၊ ရေကူးဝတ်စုံမလိုပါဘူး” ဒဂ်ဂရီက ပြောတယ် “ငါတို့ဒီကိုရောက်လာတုန်းက ရေမစိုဘူးလေ မှတ်မိလား”
“နင်ရေကူးတတ်လား”
“နည်းနည်းပေါ့၊ နင်ရော”
“သိပ်မကူးတတ်ဘူး”
“ငါတို့ ရေကူးစရာလိုမယ်မထင်ပါဘူး” ဒဂ်ဂရီက ပြောတယ် “ဒီအတိုင်း ဆင်းသွားရင်ရမယ်ထင်တယ်”
ရေကန်ထဲ ခုန်ချရမယ့် စိတ်ကူးကို နှစ်ယောက်လုံး သိပ်မကြိုက်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောကြပါဘူး။
သူတို့လက်တွေမြဲမြဲဆုတ်ကိုင်ကာ “တစ်၊ နှစ်၊ သုံး” ရေတွက်ရင်း ရေကန်ထဲ ခုန်ချလိုက်ကြတယ်။
ရေတွေစင်ထွက်သွားပေမယ့် နှစ်ယောက်လုံး ရေထဲနစ်မဝင်သွားဘဲ ရေကန်ပေါ်မှာ မတ်တပ်ရပ်နေကြတုန်းပါပဲ။
ရေကန်က တကယ်တော့ လက်မအနည်းငယ်လောက်ပဲ နက်တာလေ။
နှစ်ယောက်လုံး ရေကန်ထဲကနေ ခြောက်သွေ့တဲ့ မြေကြီးဆီ ပြန်လာကြတယ်။
“ဘာတွေဖြစ်ကုန်တာလဲဟ” ပေါ်လီက ထိတ်လန့်တဲ့အသံနဲ့ပြောပေမယ့် သူမ အရမ်းကြောက်နေတာမျိုးတော့ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီလိုအေးချမ်းတဲ့တောအုပ်ထဲမှာ ကြောက်ဖို့ဆိုတာ မဖြစ်နိုင်လို့လေ။
“အိုး…..ငါသိပြီ ငါသိပြီ” ဒဂ်ဂရီက ပြောတယ် “ငါတို့ အဝါရောင်လက်စွပ်တွေဝတ်ထားလို့ အလုပ်မဖြစ်တာ၊ အဝါရောင်က ဒီကိုလာဖို့၊ အစိမ်းရောင်က ပြန်သွားဖို့၊ ငါတို့လက်စွပ်တွေလဲဝတ်ရမယ်၊ နင့်မှာ အိတ်ကပ်ပါလား၊ နင့်အိတ်ကပ်ထဲ အဝါရောင်လက်စွပ်တွေကို ထည့်လိုက်၊ ငါ့မှာ အစိမ်းရောင်လက်စွပ်နှစ်ကွင်းပါတယ်၊ တစ်ကွင်းက နင့်အတွက်”
သူတို့နှစ်ယောက် အစိမ်းရောင်လက်စွပ်တွေ လဲဝတ်ပြီး ရေကန်ဆီပြန်လာကြပြန်တယ်။
ရေကန်ထဲ ခုန်ချဖို့အလုပ်မှာပဲ ဒဂ်ဂရီဆီက “ဟိုး………ဟိုး” ဆိုတဲ့ အသံထွက်လာတယ်။
“ငါ့မှာ အရမ်းကောင်းတဲ့အကြံတစ်ခုရှိတယ်၊ တခြားရေကန်တွေထဲ ဝင်ကြည့်ရအောင်လေ” ဒဂ်ဂရီက ပြောတယ်။
“နင်ဘာကို ဆိုလိုတာလဲ”
“ငါတို့ ကမ္ဘာကို ရေကန်ထဲ ခုန်ချပြီး ပြန်လို့ရမယ်ဆိုရင် တခြားကမ္ဘာတွေကိုလဲ တခြားရေကန်တွေကနေ သွားလို့ရမှာပဲ၊ ရေကန်တစ်ခုတိုင်းမှာ ကမ္ဘာတစ်ခုရှိရင်ရှိနေမှာပေါ့”
“ဒါပေမယ့် ငါထင်တာက ငါတို့တွေ နင့်ဦးလေးအင်ဒရူးပြောတဲ့ တခြားကမ္ဘာဆိုတဲ့နေရာကို အခုရောက်နေတာ မဟုတ်ဘူးလား၊ နင်ပြောတော့…….”
“ဦးလေးအင်ဒရူးကို ထားလိုက်စမ်းပါ” ဒဂ်ဂရီက စကားဖြတ်ပြောတယ် “သူ တခြားကမ္ဘာတွေအကြောင်းအကုန်သိမယ်လို့ ငါ့တော့မထင်ပါဘူး၊ ဒီနေရာကိုတောင် သူမရောက်ဘူးဘဲနဲ့၊ သူက ငါတို့ကို တခြားကမ္ဘာတစ်ခုလို့ပဲပြောပေမယ့် ကမ္ဘာတွေ ဆယ်ခုလောက်ရှိနေနိုင်တာပဲ”
“ဒါဆို ဒီသစ်တောက ကမ္ဘာဆယ်ခုလောက်ထဲက တစ်ခုလား”
“သစ်တောက ကမ္ဘာတော့မဟုတ်လောက်ဘူး၊ ကမ္ဘာတွေကြားထဲက နေရာလို့ ငါထင်တာပဲ”
ဒဂ်ဂရီရဲ့ စကားကြောင့် ပေါ်လီ အူကြောင်ကြောင်ဖြစ်သွားတယ်။
“နင် သဘောမပေါက်ဘူးလား” ဒဂ်ဂရီ မေးတယ် “နေဦး နားထောင် ငါပြောပြမယ်၊ နင့်အိမ်က လှိုင်ခေါင်းလေးကို မှတ်မိလား၊ အဲ့လှိုင်ခေါင်းလေးကို အိမ်တန်းရှည်ထဲက ဘယ်အိမ်ကမှ မပိုင်သလို ဘယ်အိမ်ရဲ့အခန်းမှလဲ မဟုတ်ဘူးလေ၊ဒါပေမယ့် လှိုင်းခေါင်းကနေတစ်ဆင့် ငါတို့နေတဲ့အိမ်တန်းရှည်အားလုံးထဲကို လျှောက်သွားလို့ရတယ်၊ လှိုင်ခေါင်းက လမ်းပဲလေ၊ ဒီတောအုပ်ကလဲ လှိုင်ခေါင်းနဲ့ အတူတူ အဲ့လိုသဘောမျိုးပဲ၊ တောအုပ်ထဲကနေ တခြားကမ္ဘာတွေ အားလုံးဆီ လျှောက်သွားလို့ရမယ်”
“သွားလို့ရတယ်ဆိုရင်တောင်…” ပေါ်လီ စကားစပေမယ့် ဒဂ်ဂရီက မကြားချင်ယောင်ဆောင်ပြီး လှည့်ထွက်သွားတယ်။
“ဟုတ်တယ် ငါလဲ နင့်ကိုရှင်းပြရင်း သဘောပေါက်သွားတာ တစ်ခုရှိတယ်” ဒဂ်ဂရီက ပြောတယ် “တောအုပ်က အရမ်းကို တိတ်ဆိတ်လွန်းပြီး အိပ်ချင်စေတယ် ပြီးတော့ အိမ်လိုမျိုးလဲ ခံစားရတယ်၊ ငါတို့ရဲ့ လှိုင်ခေါင်းလိုပဲ၊ ဒါက ဘာကြောင့်လဲဆိုတော့ ကမ္ဘာတွေကြားထဲမှာရှိနေလို့၊ အိမ်တွေကြားထဲမှာရှိနေတဲ့ လှိုင်ခေါင်းလို အိမ်တော့ အိမ်ပဲ ဒါပေမယ့် အိမ်မဟုတ်ဘူး၊
ဒီကမ္ဘာကြားထဲမှာ ဘယ်သူမှ လာမနေသလို၊ ဘာအဖြစ်အပျက်မှလဲ ဖြစ်မှာမဟုတ်ဘူး၊ ဒီကနေထွက်သွားရင်တော့ ကမ္ဘာတစ်ခုခု၊ ငါတို့စိတ်ဝင်စားမယ့် ကမ္ဘာတစ်ခုခုကို ရောက်သွားလိမ့်မယ်၊
ငါတို့ ရေကန်တစ်ခုထဲဆီကိုပဲ ပြန်ခုန်ဝင်စရာမလိုပါဘူး၊ အခုတော့ ပြန်မသွားချင်သေးဘူး”
“ကမ္ဘာတွေကြားထဲက တောအုပ်ပေါ့” ပေါ်လီ ရေရွတ်တယ် “နားထောင်ရတာတော့ ကောင်းသား”
“လာစမ်းပါ” ဒဂ်ဂရီက ပြောတယ် “ငါတို့ ဘယ်ရေကန်ထဲ ခုန်ဝင်ကြည့်ကြမလဲ”
“ခဏနေပါဦး” ပေါ်လီက ပြောတယ် “ငါတို့လာခဲ့တဲ့ ရေကန်ထဲ ပြန်လို့ရတာ သေချာမှ တခြားရေကန်ထဲ ခုန်ဝင်ကြည့်ရအောင်လေ”
“ကောင်းပြီလေ” ဒဂ်ဂရီက ပြောတယ် “လာခဲ့တဲ့ရေကန်ထဲပြန်ခုန်ဝင်၊ ဦးလေးအင်ဒရူးနဲ့တွေ့၊ လက်စွပ်တွေ အသိမ်းခံလိုက်ရ၊ ဘယ်မှလဲရောက်ဖူးတော့မှာ မဟုတ်ဘူး၊ နင့်အကြံတော့ တော်ပါပြီ ကျေးဇူးပါ”
“ငါတို့ရေကန်ဆီပဲ ခဏလောက်ပြန်ဝင်ကြည့်ရအောင် ၊ ဦးလေးအင်ဒရူးမသိခင် မြန်မြန်ပြန်လာကြမယ်လေ” ပေါ်လီက တောင်းဆိုတယ် “တကယ်ပြန်လို့ရလား မရလား ငါသိချင်လို့ပါ”
“ခဏပဲ ပြန်သွားလို့ရမလား”
“ပြန်သွားပြီးမှ ပြန်လာဖို့ဆိုရင် အချိန်အတော်ယူရမယ်၊ အချိန်ကုန်တယ်”
ဒဂ်ဂရီလဲ ခဏလောက်ဖြစ်ဖြစ် အရင်ကမ္ဘာကို ပြန်သွားကြည့်ချင်ပေမယ့် ပေါ်လီက အိမ်ကို ပြန်ရောက်သွားတာနဲ့ ဘယ်မှပြန်သွားမှာမဟုတ်တာကို သူသိနေတယ်လေ။
ပေါ်လီက အန္တရာယ်သေးသေးလေး (ဉပမာ - ပိုးကောင်လေးလိုမျိုး) ကိုတောင် သည်းခံနိုင်တဲ့သူမျိုးမဟုတ်ဘူး။
ဒဂ်ဂရီကတော့ စူးစမ်းရှာဖွေရတာ ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတာကို သဘောကျတယ်။
ဒါကြောင့်လဲ ဒဂ်ဂရီ အသက်ကြီးလာတဲ့အခါ ဆန်းကြယ်တဲ့စာအုပ်တွေထဲမှာပါတဲ့ ပါမောက္ခခရပ် ဖြစ်လာတာပေါ့။
အချိန်အတော်ကြာ ငြင်းခုန်ဆွေးနွေးပြီးတဲ့နောက်မှာတော့ အစိမ်းရောင်လက်စွပ်ကို ဝတ်ပြီး သူတို့ကမ္ဘာဆီ ခဏပြန်သွားဖို့ နှစ်ယောက်လုံးသဘောတူလိုက်ကြတယ်။
“အစိမ်းရောင်က လုံခြုံမှုအတွက် ၊ မှတ်ထားနော် မမှားစေနဲ့” ဒဂ်ဂရီ သတိပေးတယ်။
သူတို့ရဲ့ အစီအစဉ်က အစိမ်းရောင်လက်စွပ်ကို ဝတ်ပြီး ရေကန်ထဲခုန်ကြမယ်။
ပြီးတာနဲ့ ချက်ချင်း အဝါရောက်လက်စွပ်ကို လဲပြီး ဒီနေရာကို ပြန်လာကြမယ်။
“ပြောင်း” လို့ ပေါ်လီ အော်လိုက်တာနဲ့ အဝါရောင်လက်စွပ်ကို ပြောင်းဝတ်ရမယ်။
အမှန်တော့ “ပြောင်း” လို့ ဒဂ်ဂရီအော်ချင်ပေမယ့် ပေါ်လီက သူမပဲအော်မယ်တဲ့။
သူတို့တွေ အစိမ်းရောင် လက်စွပ်ကိုဝတ် တစ်ယောက်လက် တစ်ယောက်မြဲမြဲ ဆုပ်ကိုင်ရင်း “တစ်၊ နှစ်၊ သုံး” လို့ ထပ်ရေတွက်ကာ ရေကန်ထဲ ခုန်ချလိုက်ကြတယ်။
ဒီတစ်ခါတော့ အလုပ်ဖြစ်သွားပြီ။
ရေကန်ထဲ ခုန်ချလိုက်တော့ ဘယ်လိုခံစားရသလဲဆိုတာကို ရှင်းပြဖို့တာ့ခက်တယ်။
အရာအားလုံးက မြန်မြန်ဆန်ဆန်သွားနေတယ်။
ပထမဆုံး အနက်ရောင်ကောင်းကင်ကနေ အလင်းတန်းတွေကို မြင်ရတယ်။
ဒဂ်ဂရီကတော့ ကြယ်တွေလို့ ထင်တာပဲ။
ဂျူပီတာကြယ်ကိုတောင် သူမြင်လိုက်ရတယ်ထင်ရဲ့။ လကိုလဲ လှမ်းမြင် နီးနီးကပ်ကပ် လှမ်းမြင်လိုက်ရသေးတယ်။
သူတို့တွေ လန်ဒန်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နေရတယ်။
အိမ်ခေါင်မိုးတွေ၊ မီးခိုးခေါင်းတိုင်တွေနဲ့ စိန့်ပေါကိုတောင် လှမ်းမြင်နေရတယ်။
နောက်တော့ ဦးလေးအင်ဒရူးရဲ့ ပုံစံကို ဝိုးတိုးဝါးတား မြင်လိုက်ရတဲ့အချိန်မှာပဲ ပေါ်လီက “ပြောင်း” လို့ အသားကုန်အော်လိုက်တော့တယ်။
သူတို့တွေ လက်စွပ်ကို ခပ်မြန်မြန်လဲဝတ်လိုက်ကြတယ်။
လန်ဒန်က အိပ်မက်လိုပဲ သူတို့ရဲ့မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားပြီး အစိမ်းရောင် အလင်းတန်းတွေကို တဖန်မြင်လာရပြန်တယ်။
ရေကန်စပ်နားကို နှစ်ယောက်လုံး ပြန်ရောက်လာကြတယ်။
သစ်တောကြီးကလဲ အရင်ကအတိုင်း စိမ်းစိုမြဲပဲ။
ဒီအဖြစ်အပျက်က တစ်မိနစ်လောက်ပဲကြာပါတယ်။
“ကဲ” ဒဂ်ဂရီပြောတယ် “အားလုံးအဆင်ပြေတယ် ၊ ငါတို့ပြန်လို့ရတယ်၊ အခုတော့ စွန်းစားခန်းဖွင့်ကြရအောင်၊ ဘယ်ရေကန်ဆီ သွားကြမလဲ”
“ရပ်ဦး” ပေါ်လီ တားလိုက်တယ် “ငါတို့ ဒီရေကန်ကို အမှန်အသားလုပ်သွားရအောင်”
သူတို့တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ရင်း ရေကန်ကို အမှတ်အသားမလုပ်ထားရင် ဘယ်လောက်ကြောက်စရာကောင်းသွားမလဲဆိုတာ သဘောပေါက်သွားကြတယ်။
ရေကန်တွေက အများကြီးပဲ ပုံစံကလဲ အတူတူ။ အနားနားမှာ ပေါက်နေတဲ့ သစ်ပင်တွေကလဲ အတူတူပဲလေ။
ရေကန်အစပ်နားက မြက်ရှည်တချို့ကို ဒဂ်ဂရီ အိတ်ဆောင်ဓားထုတ်ပြီး လက်တုန်တုန်နဲ့ ဖြတ်ကာ အမှတ်အသားလုပ်လိုက်တယ်။
မြက်ရှည်ပင်တွေကို ဖြတ်လိုက်တဲ့နေရာမှာ မွှေးကြိုင်နေတဲ့ နီညိုရောင်မြေကြီး အထင်းသားပေါ်လာတယ်။
“တော်သေးတာပေါ့ ဦးနှောက်ရှိတဲ့သူပါလာလို့” ပေါ်လီက ရွဲ့ပြောတယ်။
“ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာ တော်လိုက်ပါတော့” ဒဂ်ဂရီက ပြောတယ် “လာ… တခြားရေကန်တွေကို ငါအရမ်းသွားကြည့်ချင်နေပြီ”
သိုပေမယ့် ပေါ်လီက ဒဂ်ဂရီကို မချေမငံပြန်ပြောနေလို့ သူတို့နှစ်ယောက် ပျင်းစရာကောင်းလောက်အောင် ငြင်းခုန်ရန်ဖြစ်နေကြသေးတယ်။
ရန်ဖြစ်တဲ့အကြောင်းကိုတော့ ကျော်လိုက်ရအောင်။
ထည့်မရေးတော့ပါဘူး။
နောက်တော့ ရေကန်တစ်ခုရဲ့ ဘေးနားမှာ နှစ်ယောက်သားရပ်လိုက်ကာ အဝါရောင်လက်စွပ်တွေကို ထုတ်ဝတ်လိုက်ကြတယ် “တစ်၊ နှစ်၊ သုံး” ပြိုင်တူအော်ရင်း ခုန်ဆင်းလိုက်ကြပြန်ရော။
ရေတွေစင်ထွက်သွားတယ်။ ဒီတစ်ခါလဲ အလုပ်မဖြစ်ပြန်ဘူး။
ကမ္ဘာသစ်တစ်ခုကို ရောက်နေရမယ့်အစား ဒီမနက်ခင်းမှာ ဒုတိယအကြိမ်မြောက် သူတို့ဖိနပ်တွေ ရေစိုရပြန်တယ်။
ကမ္ဘာကြားထဲမှာ အချိန်ကာလအပြောင်းအလဲရှိပုံမပေါ်တော့ မနက်ခင်းပဲ ဖြစ်နေတာပေါ့။
“စိတ်အနှောင့်အယှက်ဖြစ်လိုက်တာကွာ” ဒဂ်ဂရီ ငြီးတွားတယ် “ဘာမှားသွားပြန်တာလဲ၊ အဝါရောင်လက်စွပ်က တခြားကမ္ဘာကိုသွားဖို့ဆို”
အမှန်တကယ်တော့ ဦးလေးအင်ဒရူးထင်တာမှားနေတာပါ။ သူက ဒီကမ္ဘာတွေအကြောင်း ဘာမှသေချာမသိဘဲ ရမ်းသန်းပြောလိုက်တာလေ။
အဝါရောင်က တခြားကမ္ဘာဆီခရီးသွားဖို့ မဟုတ်သလို၊ အစိမ်းရောင်လက်စွပ်ကလဲ အိမ်ပြန်လာဖို့ မဟုတ်ပါဘူး။
လက်စွပ်အရောင်နှစ်မျိုးစလုံးကို သစ်တောထဲက ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတာပါ။
အဝါရောင်လက်စွပ်က သစ်တောထဲကိုရောက်လာစေမယ်။
အစိမ်းရောင်လက်စွပ်ကတော့ သစ်တောမှာရှိတဲ့ ရေအိုင်တွေထဲမှာရှိတဲ့ တခြားကမ္ဘာတွေဆီ သွားလို့ရမယ်။
ဦးလေးအင်ဒရူးနဲ့ သူ့မိတ်ဆွေမှော်ဆရာတွေက ဒီအချက်ကို နားမလည်ခဲ့ကြဘူး။
သူတို့လဲ သစ်တောထဲ ရောက်မှ မရောက်ဖူးကြတာ။
ဒဂ်ဂရီတို့လဲ ဒါကို သဘောမပေါက်ပေမယ့် လက်စွပ်တွေကို လဲကြည့်သင့်တယ်ဆိုပြီး လက်စွပ်အစိမ်းရောင် လဲဝတ်လိုက်ကြတယ်။
“ဒီကစားပွဲအတွက် ငါကအသင့်ပဲ” ပေါ်လီက ပြောလိုက်တယ်။ သူမတကယ်ကို အဆင်သင့်ဖြစ်နေပါပြီ။
တကယ်လို့ လက်စွပ်က ဒီတစ်ခေါက်အလုပ်မဖြစ်ပြန်ရင်လဲ ခြေထောက်ကိုရေစိုမယ်။
အလုပ်ဖြစ်ရင်လဲ တခြားကမ္ဘာဆီရောက်မယ်။ ဒါကလွဲပြီး ဆိုးဝါးစရာမရှိဘူးဆိုတာ သူမသဘောပေါက်သွားပါပြီ။
ဒဂ်ဂရီ ဘာတွေတွေးနေလဲဆိုတာတော့ မသေချာဘူး။
သူတို့နှစ်ယောက် လက်စွပ်အစိမ်းကို လဲဝတ်ကာ လက်ချင်းတွဲလိုက်ကြပြီး “တစ်၊ နှစ်၊ သုံး” ဆိုတာနဲ့ ရေကန်ထဲ ခုန်ချလိုက်ကြပြန်တယ်။
အခန်း 3 ပြီးပါပြီ……..။
“The Chronicles of Narnia Book 1, The Magician’s Nephew ရဲ့ Chapter 3 – The Wood between Worlds” ကို Nicolette မှ ဘာသာပြန်ဆိုပါတယ် ?
⛔ပြန်ကူးယူခွင့်မပြုပါ⛔
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading