ရိန်ဇော်
Lust for life ရမ္မက်မီး
မူရင်းရေးသားသူက Ivring Stone ဖြစ်ပြီး မောင်ထွန်းသူက ဘာသာပြန်ထားပါတယ်။ ဆွဲဆောင်မှုရှိမှပဲ ၆၇၇ မျက်နှာရှိတဲ့ စာအုပ်ကို ပြီးအောင်ဖတ်နိုင်မှာပါ။ ဒတ်ချ်လူမျိုး ပန်းချီဆရာ "ဗင်းဆင့်ဗန်ဂိုး"အကြောင်းဆိုတော့ စာဖတ်သူကို ဆွဲခေါ်သွားနိုင်မယ် ထင်ပါတယ်။ ဗင်းဆင့်ဗန်ဂိုးဆိုတာကလည်း အထူးတလည်မိတ်ဆက်စရာမှ မလိုတာ။ ထူးအိမ်သင်ကလည်း သူ့အကြောင်း ဆိုထားတယ်။ ကျနော်တို့ရဲ့ နေ့စဉ်စာမျက်နှာတွေမှာလည်း သူ့အကြောင်းဟာ ထိထိခိုက်ခိုက်၊ ကြေကြေကွဲကွဲအပိုင်းအစလေးတွေအနေနဲ့ စိတ်ကို ခလုတ်တိုက်မိကြမှာပါ။
စာအုပ်အစပိုင်းမှာ လန်ဒန်က ပန်းချီကား အရောင်းစာရေးအဖြစ် စခဲ့တဲ့ ဗင်းဆင့်ဆိုတဲ့ လူတယောက်ကို တွေ့ရမှာပါ။ ဒီလူတယောက်က ကိုယ့်စိတ်ထဲက မှန်တယ်ထင်ရာကို ဖော်ပြတတ်လို့ တနည်းအားဖြင့် ကိုယ့်လိပ်ပြာကိုယ် မညာတတ်တော့ ပုံမှန်လူတွေလို ဘောင်မဝင်တော့ဘူး။ တလောကလုံးက ခေါ်တဲ့ အရှုံးသမားပေါ့။ အလုပ်သစ်တခုစပြီး အဆင်ပြေမလို့ ရှိတုန်း "ဟာ၊ ဗင်းဆင့် ဘာလုပ်လိုက်ပြန်တာလဲ"လို့ စာဖတ်သူတိုင်း ရေရွတ်မိမယ် ထင်ပါတယ်။ နောက်ဆုံးတော့ သူ့ဘဝမှာ ပန်းချီဆွဲရင်း ရှင်သန်ဖို့ သူရွေးချယ် သွားခဲ့ပါတယ်။ ယခုခေတ်မှာ သူပန်းချီတကား ဒေါ်လာသန်းချီတန်နေပေမဲ့ သူ့ သက်ရှိကာလမှာ သေခါနီး နှစ်ကာလမှာမှ ပန်းချီတကားသာ ရောင်းရပါတယ်။ ဒါတောင် တကယ်ဝယ်သွားတာလား သို့မဟုတ် သူ့ညီ သီအို ဗန်ဂိုးက အရူးဆေးရုံရောက်နေတဲ့ ဗင်းဆင့်ကို အားတက်စေချင်လို့ ရောင်းရတယ် ပြောတာလား မသဲကွဲဘူး။
ဗင်းဆင့်ကို Post-impressionist ပန်းချီဆရာအဖြစ် သတ်မှတ်ကြတယ်။ Impressionist တယောက်က ပန်းချီဆွဲတယ် ဆိုပါစို့။ သဘာဝရဲ့ အရောင်တွေကို တူအောင်ပဲ ဆွဲမယ်။ Post-impressionist တယောက်က ပန်းချီဆွဲရင်တော့ သဘာဝကို ဆွဲတာပဲ။ ဒါပေမဲ့ သဘာဝကို သူခံစားမိသလို အရောင်တွေကို high light လုပ်ချင်လုပ်မယ်။ နမူနာ, သူပြောပြချင်တာ ပေါ်လွင်အောင် အရောင်တွေကို စုတ်ချက်ကြမ်းကြမ်းနဲ့ သုံးမယ်။ ဒါ ကျနော် သဘောပေါက်သလို ပြောတာ။ ကျနော်အနေနဲ့ ပန်းချီနဲ့ တော့ ဝေးပါတယ်။ ဒီစာအုပ်ကို ဖတ်မိရင် ပန်းချီကိုလည်း မိတ်ဆက်ပေးသလို ဖြစ်မယ် ထင်တယ်။ ဥပမာ ကျနော်တို့ ခေတ်ပေါ်ကဗျာအချို့ကို ခံစားမရသေးခင် မိတ်ဆက်ပေးသူအချို့ကြောင့် ခံစားလို့ ရသွားသလိုမျိုး ဒီပန်းချီဆိုတဲ့ အလှမ်းဝေးနေတဲ့ အရာကိုလည်း နားလည်ဖို့ ဒီစာအုပ်က လမ်း,ကျောင်းပေးသလို ဖြစ်နိုင်ပါတယ်။
ဗင်းဆင့်ဗန်ဂိုး ပြောပြချင်တဲ့ ကမ္ဘာကြီးကို အရိပ်မျှ မြင်ရလည်း မဆိုးဘူး မဟုတ်လား။။
#reinzaw
Keep Reading