Reviews by Benevolent
ဇာတ်လမ်း ဇာတ်အိမ်နဲ့ သမိုင်းကြောင်းတို့ကို ဆွဲဆောင်ခေါ်ယူသွားစေမယ့်စာအုပ်တစ်အုပ်ပါ။ဒီ "နတ်သုဒ္ဓါဝတ္ထု" က ကမ္ဘာကျော်စာရေးဆရာကြီး လီယွန်အူးရစ်(Leo Uris)ရဲ့ ကိုးအုပ်မြောက်ဝတ္ထုဖြစ်ပါတယ်။သူရဲ့နောက်ဆုံးထုတ် ဝတ္ထုဆိုလည်းမမှားဘူး။ဂျွန်စတိန်းဘတ်ကို လေးစားအားကျခဲ့ရတယ်ဆိုတဲ့ အမေရိကန်စာရေးဆရာလီယွန်အူးရစ် (Leo Uris) ကို ယေဘုယျအားဖြင့် သမိုင်းဇာတ်ခံဝတ္ထုရေးသူ လို့ ပြောလို့ရပါတယ်။အများအားဖြင့် သူ့ရဲ့ အတွေ့အကြုံကို အခြေခံထားပြီး ရေးလေ့ရှိပါတယ်။ဒီစာအုပ်ပဋိသန္ဓေစတည်လာအောင် စာရေးသူက ဇာတ်အိမ်တည်ရှိရာဒေသများသို့အခေါက်ခေါက်အခါခါ ခရီးထွက်ပြီး နှိုက်နှိုက်ချွတ်ချွတ် သုတေတနပြုခဲ့တယ်လို့သိရပါတယ်။အူးရစ် ဟာ ဂျူးလူမျိုးတစ်ယောက် ဖြစ်သည့်အလျောက် လူမျိုးစွဲတော့ရှိပါတယ်၊ ဂျူးလူမျိုးစွဲ (Zionism)ဟာ အလွန်ကြီးတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပြီးသားပါ။
ဒီစာအုပ် ဘယ်လောက်ကောင်းကောင်း Deconstruction and Bias တော့ရှိတယ်ဆိုတာ ငြင်းမရဘူး။သမိုင်းအဆိုရ နှစ်ပေါင်း ၂၀၀၀ ကျော် တိုင်းပြည်ပျောက်ဆုံး၊ အဖိနှိပ်ခံ ဘဝကနေ ဂျူးတို့ စွဲလန်းချစ်မြတ်နိုးတဲ့ ပါလက်စတိုင်းဒေသမှာ နိုင်ငံတစ်ခု မွေးဖွားနိုင်အောင် ကြိုးပမ်းမှုဟာ တကယ့်သမိုင်းဝင် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုအဖြစ် အိပ်ဇိုးဒပ် (Exodus)စာအုပ်မှာ ကျွန်တော်သိရှိခဲ့ရတယ်။ ဒီဝတ္ထုဟာ အိပ်ဇိုးဒပ် (Exodus) စာအုပ်ရဲ့ အဆက်မဟုတ်ပေမယ့် အိပ်ဇိုးဒပ် ဝတ္ထုရဲ့ တခြားတစ်ဘက်က မျက်နှာလို့ ပြောလို့ရတယ်။အကြောင်းရပ်ချင်း ဆက်စပ်နေတဲ့ သီခြားဝတ္ထုတစ်ပုဒ်သာဖြစ်တယ်။အင်္ဂလိပ်လိုပြောရရင် "other side of the coin " ပေါ့။ ဒင်္ဂါတစ်ဖက်ကခေါင်းဆိုရင် ၊ အခြားတစ်ဖက်က ပန်း သဖွယ်ပါပဲ။ ဝတ္ထုက အိပ်ဇိုးဒပ် နှင့် ပြောင်းပြန်ဖြစ်တယ်၊ အာရပ်လူမျိုးများ ပါလက်စတိုင်းမှ ထွက်ခွာသွားကြပုံကို ဇာတ်အိမ်တည်ပြီး ရေးသားထားတယ်။ဒါပေမယ့် တစ်ဖက်နဲ့တစ်ဘက်ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။တစ်ဖက်အောင်မြင်မှုဟာ အခြားတစ်ဖက်လူအတွက် ကျဆုံးမှုဖြစ်နေပါတယ်။အဖြစ်အပျက်တွေကို စာရေးသူက ကြေကွဲစိတ်၊ သနားစိတ် နဲ့ သူတို့ကိုယ်စား မချင့်မရဲစိတ် ၊ ဒေါမနဿစိတ် နဲ့ရေးထားထားလို့မြင်မိပါတယ်။ ဖတ်ရတဲ့အခါ ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့ ယူကျုံးမရဖြစ်သည့်အပြင် ကရုဏာဒေါသလည်း ထွက်မိတယ်။
တကယ်တော့ ဝတ္ထုတစ်ပုဒ်ဟာ သမိုင်းဝင်အချက်အလက်တွေ ဘယ်လိုပါပါ၊ သမိုင်းကို နောက်ခံဘယ်လိုပြုပြု ၊ အဖွဲ့အနွဲ့ ဘယ်လောက် ပြည့်စုံပြည့်စုံ၊ စာရေးသူက ဇာတ်ကောင်တွေရဲ့ စရိုက်ကို ပီပီပြင်ပြင် ရုပ်လုံးထင်အောင် မပြပေးနိုင်ရင် ရသမမြောက်ဘူးလို့ခံစားရတယ်။ ဒီဝတ္ထုမှာတော့ ပီပီသသ ရေးသားထားတဲ့ မူရင်းပိုင်ရှင်ရော၊ ဘာသာပြန်ပေးသူ ဆရာမောင်ပေါ်ထွန်း ရော ကျေးဇူးတင်မိပါတယ်။ဆိုလိုချက်၊ ရသ အရသာကို စာဖတ်သူနားလည်အောင် ၊ခံစားမိအောင် ဇာတ်ကွက်ကို အသေးစိတ်ခြယ်မှုန်း ထားတဲ့ အရည်အချင်းမျိုးတွေ မြင်ရတယ်။လောဘ၊ ဒေါသ ၊ မောဟ ၊ တရားတို့ရဲ့ သားကောင်များဖြစ်ကြသော လူသားတို့ အချစ်အမုန်း၊ အလွမ်းအဆွေး၊အတိုက်အခိုက်၊ အသတ်အဖြတ် ၊ လုပ်ရပ်များကို စာပေရသမြောက်စွာ ပီပီပြင်ပြင် သရုပ်ဖော်ထားသည်က စာရေးဆရာနှစ်ဆူရဲ့ ကြီးမားသော အနုပညာစွမ်းပကားလို့ ပြောရမယ်။
အကြီးအကဲ ဒါမှမဟုတ် နိုင်ငံတစ်ခုပျက်သုဉ်းခြင်းဆိုတာ နိုင်ငံအတွင်းမီတင်းနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသိပညာနည်းပါးမှု ၊ မိုက်မဲမှု၊ လာဒ်စားမှု ၊ယုံကြည်ထားတဲ့ ခံယူချက်ပျောက်ဆုံးမှု စတဲ့ ချွတ်ယွင်းအားနည်းချက်တွေ၊နှုတ်ဖွာတဲ့ ပါလတ်စတိုင်းသားတချို့ကြောင့်တိုက်ပွဲတွေမှာ မရှုံးသင့်ဘဲရှုံးခဲ့ရတာတွေ၊နိုင်ငံတကာ သံတမန်ရေးလှည့်ကွက်တွေ၊
ပြင်းပြတဲ့ လူထုရဲ့ အောင်မြင်လိုစိတ်မရှိမှုတွေကြောင့် ယိုင်တိယိုင်တိုင် နဲ့ လဲပြိုခဲ့ရတယ်ဆိုတဲ့ အကျဉ်းချုပ် မှတ်သားစရာ၊ သင်ခန်းစာအတွေ့အကြုံကို ရစေတယ်။
ပါလက်စတိုင်းဒေသမှာနေထိုင်တဲ့ အများစုအာရပ်လူမျိုး ပါလက်စတိုင်းသားတွေအနေနဲ့ ဂျူးလူမျိုးတွေဟာ သူတို့ဆီမှာ မြေတွေဝယ်၊ လယ်ယာမြေတွေလုပ်ကိုင်နေတာကို မကြိုက်ကြပေမယ့်ဘာမှမလုပ်နိုင်ပဲ လက်ပိုက်ကြည့်နေရတယ်၊ ဘာလို့ဆိုတဲ့....အံ့ဩစရာကို ဖတ်ကြည့်ပါ။
ဇာတ်ကောင်စရိုက်တွေကို ပြောပြရရင်ဖခင်အရိုက်အရာကို ခံယူနိုင်မယ့်အရည်ချင်းရှိတယ်လို့ ထင်ရတဲ့ အစ္စမေ ဆိုတဲ့ ကောင်လေးတစ်ယောက်က စာဖတ်သူကို အတိတ်တလှည့် ၊ပစ္စပ္ပန်တလှည့် ဇာတ်လမ်းကို လိုက်ပြကာ အဆုံးထိ ခေါ်သွားလိမ့်မယ်။ဂျေရုစလင်သွားရာ တာလမ်းမကြီးဘေးမှာရှိနေတဲ့ အာရပ်တို့ရဲ့ တဘားရွာ အကြီးအကဲ ဖခင်ဖြစ်တဲ့ဟာဂျီအီဘရာဟင် ( ဆူကိုရီမျိုးနွယ်- တဘားရွာ )၊ဂီဒီယံ (ဂျူးလူမျိုး - နေသူရိန်ဘုံရိပ်သာ )၊ ဖခင်ရဲ့ အမိန့်တွေကြားမှာပဲ ကြီးပျင်းလာခဲ့ရတဲ့ ချစ်လှစွာသော အစ်မ နာဒါ ၊ သက်ဆိုင်ရာ ခေတ်ကာလသမိုင်းဖြစ်ရပ်များနှင့် ပတ်သက်နေတဲ့ အစ္စရေးတည်ထောင်သူ ဒေးဗစ်ဘင်ဂူရီယန် ၊ ဂျေရုစလင်မဟာမင်းကြီး၊ ဟာဂျီအာမင်အေလ်ဟူစိန်နီ ၊ အဗ္ဗဒူလာဘုရင် ၊ ယီဂယ်အေလွန် ၊ ဂါမယ် ၊ အဗ္ဗံဒယ်နာဆာ ၊ ဘုရင်ဟူစိန်အစရှိတဲ့ ပုဂ္ဂိုလ်များကတော့ တကယ့်သမိုင်းဝင်ပုဂ္ဂိုလ်များဖြစ်ကြတယ်။နောက်မြင့်မြတ်တယ်ဆိုတဲ့ ဘီဒိုယင်မျိုးနွယ်စု ဆိုတာ သူတို့ကိုယ်သူတို့ အခွင့်ထူးခံ အာရပ်လူမျိုးများ ၊ အာရပ်လူမျိုးစစ်စစ်များဟု ခံယူထားသူတွေ၊ တနည်းအားဖြင့် တမန်တော်မိုဟာမက် ၏ ပထမဦးဆုံး စစ်သည်တော်များမှာ ဘီဒိုယင်များပင်ဖြစ်ပြီး မွတ်စလင်အောင်ပန်းကို ဆွတ်ခူးပေးသူများမှာလည်း ဘီဒိုယင်များပင်ဖြစ်တယ်။ထိုလူမျိုးစုရဲ့ အရှုပ်တော်ပုံတွေကိုလည်း လေ့လာရမယ်။မတူညီတဲ့ လူမှုနေထိုင်မှု နဲ့မတူညီတဲ့ဘာသာတရား ဆုံးမမှုတွေကြောင့် မျိုးနွယ်စု နှစ်စုရဲ့အမုန်းတွေပိုပို တိုးပွားလာပြီး ... ဆုံးရှုံးမှုတွေက
ကမ္ဘာ့ဂန္တဝင် စာအုပ်အဖြစ်မှတ်တမ်းတင်ခံထားရတဲ့ အကောင်းဆုံး စာအုပ်များ စာရင်းဝင် အိပ်ဇိုးဒပ်(Exodus )နဲ့ အကြီးအကဲ (The Haj) စာအုပ်ကြီးနှစ်အုပ်ပေါင်းဖတ်မှ သမိုင်းနဲ့ချီလာတဲ့ အာရပ်-အစ္စရေး ပဋိပက္ခ နှင့် ပါလက်စတိုင်း ပြသနာတို့ကို အနီးအဝေး မြင်ကွင်းကျယ်ဖြင့် ရုပ်လုံးပေါ်အောင် ပီပြင်စွာ မြင်နိုင်ပါလိမ့်မယ်။တကယ့်ဖြစ်ရပ်မှန်တွေပေါ် အခြေပြုရေးသားထားတာဖြစ်တဲ့အတွက် အတုယူစရာသင်ယူစရာတွေ အပြည့်ပါပဲ။အခု ဒီအကြီးအကဲ ( The Haj) စာအုပ်ကိုလည်း သမိုင်းအရသာ သာမက စာပေအရသာပါ ခံပြီး ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။
Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=DIRbm0BMgKkR8Mb_
Reading changes lives ?
Benevolent Guy
Keep Reading