တင်ညွန့်
၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့က မတ်လ ၂၀ ရက်နေ့အား “International Day of Happiness” နေ့အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ အစီရင်ခံစာကို ကုလသမဂ္ဂကထုတ်ပြန်ပါသည်။ ထိုအစီရင်ခံစာတွင် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းကို အစဉ်လိုက်ထုတ်ပြန်ခြင်း၊ အဘယ်ကြောင့် အပျော်ရွှင်ဆုံးနိုင်ငံများ ဖြစ်ရကြောင်းကို သုံးသပ်တင်ပြခြင်းကိုလည်း တွေ့ရပါသည်။
၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းတွင် ဖင်လန်နိုင်ငံသည် ထိပ်ဆုံးကရှိနေသော နိုင်ငံတစ်နိုင် ဖြစ်သွားသည်။
ဖင်လန်နိုင်ငံအနေဖြင့် ၇ နှစ်တိုင်အောင်ပင် ထိပ်ဆုံးနေရာတွင် စံချိန်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ဖင်လန်နိုင်ငံနောက်မှ ဒိန်းမတ်၊ အိုက်စ်လန်း၊ ဆွီဒင်၊ အစ္စရေး၊ နယ်သာလင်နိုင်ငံများ လိုက်ကြောင်းတွေ့ရသည်။ ဥရောပနိုင်ငံများထဲတွင် နော်ဝေး၊ ဆွစ်ဇာလန်၊ လူဇင်ဘတ်နိုင်ငံများလည်း ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ကြသည်။
ဥရောပနိုင်ငံများ၏ ပြင်ပတွင် ရှိနေသော အစ္စရေးနိုင်ငံကို အပျော်ဆုံးနိုင်ငံစာရင်းတွင် တွေ့ရသည်ကလည်း ထူးဆန်းသည်ဟု ဆိုရမည်။ ဩစတြေးလျနိုင်ငံကလည်း ၁၀ နိုင်ငံမြောက် အပျော်ဆုံးနိုင်ငံစာရင်းဝင်သည်။ အမေရိကန်ပြည်ထောင်စုက ယခင် အဆင့် ၁၅ မှသည် ယခု အဆင့် ၂၃ ကိုရောက်သွားသည်။ ဗြိတိန်က ယမန်နှစ်ကထက် တစ်ဆင့်နိမ့်ကာ အဆင့် ၂၀ ဖြစ်သွားသည်။
ဖင်လန်နိုင်ငံသည် နံပါတ် ၁ အပျော်ဆုံးနိုင်ငံစာရင်းတွင် အဘယ်ကြောင့် ရှိနေရသနည်း။
ထိုနိုင်ငံ လူမျိုးများသည် သဘာဝအတိုင်း နေထိုင်ခြင်းကို ဦးစားပေးကြသူများဖြစ်သည်။ သူတို့ပတ်ဝန်းကျင်မှ တစ်ဦးချင်း တစ်ယောက်ချင်း အစုအဖွဲ့ချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို ဦးစားပေးကြသည်။ အနုပညာကို လေးစားလိုက်စားကြသည်။ အလုပ်လုပ်ကြသည်။ အပန်းဖြေကြသည်။ တောင်တက်ကြသည်။ လမ်းလျှောက်ကြသည်။ စက်ဘီးစီးကြသည်။ ပျော်ရွှင်စွာ စားသောက်နေထိုင်ကြသည်။
ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံများစာရင်းကို ကောက်ခံရာတွင် Gallup World Poll အဖွဲ့၏ စာရင်းလိုက်လံ ကောက်ခံမှုအပေါ် အခြေပြုပါသည်။ လူတိုင်းကို လိုက်လံမေးမြန်းကာ စာရင်းပြုစုရာတွင် လက်ရှိဘဝ အသက်ရှင်နေထိုင်မှုအပေါ် မည်မျှ ကျေနပ်နှစ်သက်မှုရှိသနည်းဆိုသည့် အချက်များအပေါ် အခြေခံသည်။ လူတစ်ယောက်အတွက် မိမိဘဝအပေါ် ကျေနပ်နှစ်သက်မှုအပေါ် သုညမှ ၁၀ အထိ အမှတ်ပေးကာ ဆုံးဖြတ် နိုင်ပါသည်။ သုညဟုပေးလျှင် အဆိုးဆုံးအဖြစ် သတ်မှတ်သည်။
အပျော်ဆုံးနိုင်ငံစာရင်းကို ကောက်ခံရာတွင် နိုင်ငံတစ်နိုင်၏ GDP ကလည်း အရေးပါသည်။ နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသားတစ်ဦး၏ ဝင်ငွေ၊ နိုင်ငံက မိမိနိုင်ငံသားတို့အပေါ် ထောက်ပံ့နိုင်မှုတို့ကလည်း အပျော်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ရာတွင် အထောက်အကူပြုပါသည်။ ထို့ပြင် နိုင်ငံသားတို့၏ အသက်ရှည်စွာနေထိုင်ရသည့် ပျမ်းမျှ အသက်၊ လွတ်လပ်စွာ ပြောဆိုနေထိုင် ဝေဖန်နိုင်သည့် အခွင့်အရေး၊ အစိုးရ၏ လာဘ်ပေးလာဘ်ယူကင်းမှု၊ အစိုးရ၏ နိုင်ငံသားတို့အပေါ်တွင် အလေးထားဆက်ဆံမှု၊ ပူးပေါင်းလှုပ်ရှားမှုတို့အပြင် လှူဒါန်းနိုင်မှု ပမာဏ တွေကိုလည်း ထည့်သွင်းတွက်ချက်ကြောင်း သိရသည်။
နိုင်ငံတကာ အပျော်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ရာတွင် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကို အလုပ်ဆောင်နိုင်ဆုံး နိုင်ငံ၊ နိုင်ငံသားတို့ပျော်ရွှင်စွာ နေထိုင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်သည့် နိုင်ငံ၊ ပြည်သူများကို ပစ်ပယ်မထားသော နိုင်ငစသည့် အချက်တို့ကိုလည်း ထည့်သွင်းစဉ်းစားကြောင်း သိရသည်။
အစိုးရက တိုင်းပြည်အုပ်ချုပ်နိုင်ရန် သည်းကြီးမည်းကြီး ကြိုးပမ်းနေပြီး ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့်နိုင်ငံများမှာ စာရင်းပင်မဝင်ကြောင်းလည်း တွေ့ရသည်။
၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံ ၃၀ စာရင်းတွင် အောက်ပါအတိုင်း တွေ့ရပါသည်။
1. Finland
2. Denmark
3. Iceland
4. Sweden
5. Israel
6. Netherlands
7. Norway
8. Luxembourg
9. Switzerland
10. Australia
11. New Zealand
12. Costa Rica
13. Kuwait
14. Austria
15. Canada
16. Belgium
17. Ireland
18. Czechia
19. Lithuania
20. United Kingdom
21. Slovenia
22. United Arab Emirates
23. United States
24. Germany
25. Mexico
26. Uruguay
27. France
28. Saudi Arabia
29. Kosovo
30. Singapore
ဖင်လန်နိုင်ငံတွင် ပျော်ရွှင်မှုဆိုသည်မှာ သာမန်မျှသာဖြစ်သည်။ သူတို့အတွက် ကျောင်းကို စရောက်ကတည်းက စိတ်ဖိစီးမှုကင်းပြီး အပျော်ရွှင်ဆုံး နေထိုင်နိုင်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ဘဝကို စတင်ကြရသည်။ ကျောင်းဆိုသည်မှာ ထောင်ကဲသို့ ကလေးတွေကို ခေါ်ပြီး ပိတ်လှောင်ထားကာ အတင်းအဓမ္မ သူတို့ မလေ့လာ မသင်ယူချင်သည်တို့ကို သင်ယူခိုင်းနေသည့် နေရာ (ပတ်ဝန်းကျင်) တစ်ခုအနေဖြင့် မမြင်စေရန် ပြုစု ပျိုးထောင်ပေးထားခြင်း ခံရသောကြောင့် ငယ်စဉ်ကတည်းက သူတို့ဘဝတွေအတွက် ပျော်ရွှင်မှုဆိုသည်မှာ သာမန်မျှသာဖြစ်နေသည်။ ဖင်လန်နိုင်ငံ ကလေးများကို စာမေးပွဲဆိုသည့်အကြောင်းအရာက ဖိစီးမနေစေရန် သူတို့ ပညာရေးက စီစဉ်ပေးထားသည်။ ဖင်လန်နိုင်ငံကျောင်းများတွင် စာမေးပွဲမရှိ။
ဖင်လန်နိုင်ငံ လူဦးရေ၏ 29.4% သည် ဘာသာတရားမကိုးကွယ်သူများဖြစ်သည်ဆိုခြင်းကို ၂၀၂၀ ဖင်လန်နိုင်ငံ စာရင်းထုတ်ပြန်ချက် (Statistics Finland, 2020) အရ သိရပါသည်။ စုစုပေါင်း (၁,၆၂၈,၀၀၀) သည် ဘာသာတရားမကိုးကွယ်သူများဖြစ်သည်။
The Union of Freethinkers of Finland အဖွဲ့၏ စာရင်းကောက်ယူမှုနှင့် ၂၀၁၈ ခုနှစ် ISSP အဖွဲ့တို့၏ စာရင်းအရ ဖင်လန်နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းသော လူဦးရေမှာ ဘုရားသခင်ကို မယုံကြည်သူများဖြစ်သည်။ ဘုရား သခင်ကို ယုံကြည်သူများမှာ ၃၄ ရာခိုင်နှုန်းသာရှိပြီး၊ ၂၆ ရာခိုင်နှုန်းမှာ ဘာသာရေးနှင့်ပတ်သက်ပြီး ဖြေဆိုခြင်း မပြုသူများဖြစ်သည်။
ဖင်လန်နိုင်ငံ လူဦးရေ၏ ၅ ဦးတွင် ၁ ဦးသည် ဘာသာမဲ့ဖြစ်သည်။
ထိုနိုင်ငံမျိုးက ကမ္ဘာ့အပျော်ဆုံးနိုင်ငံများတွင် ထိပ်တန်း နံပါတ် ၁ ဖြစ်နေသည်မှာ ထူးဆန်းလှပေသည်။
(Ref: Gallup World Poll)
(Photo Credit: National Geographic Kids)
တင်ညွန့်
၂၇.၄.၂၀၂၄
Keep Reading