Author's Profile Photo

အက္ခရာ - Haruki

1/05/2024

လူ့သက်တမ်းတိုတောင်းလာရခြင်း အကြောင်းအရင်း

4 mins read
General Knowledge
History
18 Again
လူ့သက်တမ်းတိုတောင်းလာရခြင်း အကြောင်းအရင်း's photo

စက္ကဝတ္တိသုတ်မှာ ဖော်ပြထားတာလေးတစ်ခုရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ ဒဠနေမိ(စကြဝတေးမင်း) အုပ်စိုးခဲ့ဖူးတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ လူသက်တမ်းက အနှစ် ၈၀၀၀၀ ( ရှစ်သောင်း ) ထိရှင်သန်ကြပါတယ်တဲ့။ အဲ့ဒီမင်းမှာ သွားချင်ရာအရပ်ကိုသွားနိုင်တဲ့ စကြာရတနာရှိပါတယ်။

တစ်နေ့မှာတော့ တည်နေရာကနေပြီး အနည်းငယ်မျှ လျှောကျသက်ဆင်းမှုဖြစ်တယ်။ ဒီလိုလျှေကျသက်ဆင်းမှုဖြစ်ပြီးနောက် အဲ့ဒီစကြဝတေးမင်းဟာ ထီးနန်းကို သူ့ရဲ့သားကြီး(အိမ်ရှေ့မင်းသား)ကို လွှဲပေးပြီးတော့ ရသေ့ဝတ်သွားပါတယ်။ ဒီလို ရသေ့ဘဝကို မင်းကြီးကူးပြောင်း သွားလို့ ခုနစ်ရက်ကြာတဲ့အခါမှာ စကြာရတနာဟာလည်း ကွယ်ပျောက်သွားတယ်တဲ့။

သားဖြစ်သူ ဘုရင်မင်းမြတ်ဟာ သူ့လက်ထက်ကျမှ စကြာရတနာကွယ်ပျောက်သွားလေတယ်ဆိုပြီး စိတ်နှလုံး မသာမယာဖြစ်တယ်။ ဒါနဲ့ သူ့ဖခင်ရသေ့ဆီသွားပြီး စကြာရတနာကွယ်ပျောက်သွားတဲ့အကြောင်းပြောတော့ ဖခင်က စကြဝတေးမင်းတို့ရဲ့ကျင့်ဝတ်ကို ကျင့်ဆောင်လို့ရှိရင် စကြာရတနာပေါ်လာမည့် အကြောင်းနဲ့ စကြာဝတေးမင်းတို့ ကျင့်ဆောင်ရမည့် မင်းကျင့်တရားတွေကိုပြောပြလိုက်တယ်။

ဖခင်ပြောပြတဲ့အတိုင်း သားဖြစ်တဲ့ မင်းသားက ကျင့်ဆောင်တဲ့အတွက် စကြာရတနာပေါ်လာပြီး စကြာရတနာ ပိုင်ဆိုင်တဲ့ စကြဝတေးမင်းဖြစ်သွားတယ်။ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့အတွက် တိုင်းသူပြည်သားတွေလည်း ငြိမ်းချမ်းစွာရှိကြပါလိမ့်မယ်။ အဲဒီလို စကြာရတနာပိုင်ဆိုင်တဲ့စကြဝတေးမင်းတွေ တက်ကပ်ကာလမှာ အုပ်စိုးလာခဲ့တာ ခုနစ်ဆက်မြောက်မင်းအထိ ရောက်လာခဲ့တယ်။

ဒါပေမယ့်

ဒီခုနစ်ဆက်မြောက်မင်းဟာ စကြဝတေးမင်းရဲ့ ကျင့်ဝတ်တွေကို မဖြည့်ကျင့်ဘူး။ ဒါကြောင့် စကြာရတနာလည်း ပေါ်မလာတော့ဘူး။ တိုင်းပြည်က အရင် စကြဝတေးမင်းတွေ လက်ထက်ကလို တိုးတက်မှု၊ ပြည့်စုံမှု မရှိဖြစ်လာတယ်။ တိုင်းသူ ပြည်သားတွေကို ပစ္စည်းဥစ္စာ ပြည့်စုံအောင် ဖန်တီးမပေးနိုင်ဘူးဖြစ်လာတယ်။

ပစ္စည်းဥစ္စာမပြည့်စုံတဲ့အတွက် အဲဒီမင်းလက်ထက်မှာ ခိုးဝှက်မှုဆိုတဲ့ဒုစရိုက်စပြီး ဖြစ်ပေါ်တယ်။ ဒီအခါမှာ မင်းက အဲဒီ ခိုးဝှက်သူကိုဥစ္စာပေးပြီး ကောင်းမွန်စွာနဲ့ အသက်မွေးမြူနိုင်တယ်။ ဒီလူကို မင်းကဥစ္စာပေးတယ်ဆိုတာကို ကြားသိတဲ့အခါမှာ တခြားသူတွေကလည်း ခိုးလာကြတယ်။ သူတို့နိုးရင် မင်းကဥစ္စာပေးလိမ့်မယ်အထင်နဲ့ ခိုးကြတာပဲ။

ခိုးတိုင်း ဥစ္စာပေးနေရတဲ့အခါမှာ မင်းဖြစ်သူကစဉ်းစားတယ်။ “သူတစ်ပါးတို့ မပေးတဲ့ဥစ္စာကို ခိုးလိုတဲ့စိတ်နဲ့ ခိုးယူနေတဲ့ သူတွေကို အကယ်၍ ငါကဥစ္စာတွေပေးနေရင် ခိုးမှုတွေတိုးပွားလာမှာပဲ။ ဒီတော့ ခိုးမည်သူကို လုံးဝမခိုးနိုင်အောင် နှိပ်ကွပ်မယ်”လို့ ကြံပြီးတော့ ခိုးမှုကျူးလွန်တဲ့သူကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးလိုက်တယ်။

ခိုးတဲ့သူကို မင်းကသတ်ဖြတ်ဖို့အမိန့်ပေးလို့ သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာတဲ့အခါမှာ အခြားလူတွေက မင်းကို အတုယူပြီး ဓားလက်နက်တွေကို အသုံးပြုလာကြတယ်။ လူတွေကို သတ်ပြီး ခိုးဝှက်မှုတွေလုပ်လာတယ်။ ခိုးဝှက်ခြင်းနဲ့ အစုလို သတ်ဖြတ်ခြင်း ဆိုတဲ့ ဒုစရိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ လူတွေရဲ့ အဆင်းသဏ္ဌာန်တွေလည်း ဆုတ်ယုတ်သွားတယ်။ အသက်တမ်း လည်း ဆုတ်ယုတ်သွားတယ်။

၈၀၀၀၀ -> ၁၀၀

အဲဒီလူတွေက မွေးဖွားလာတဲ့ သား သမီးတွေရဲ့ သက်တမ်းဟာ ၄၀၀၀၀(လေးသောင်း)ပဲ ရှည်တော့ တယ်လို့ ဖော်ပြထားတယ်။ ခိုးမှုနဲ့ သတ်မှု ဒုစရိုက်တွေ့ကြောင့် သက်တမ်းအနှစ် ရှစ်သောင်းကနေပြီး အနှစ်လေးသောင်းသို့ ကျဆင်း သွားတာဖြစ်တယ်။ မိုးတဲ့ သတ်တဲ့ ဒုစရိုက်မှုတွေ ဖြစ်ပြီးတဲ့နောက် မှာ လိမ်ညာပြောဆိုတဲ့ ဒုစရိုက်တွေ တိုးလာပြန်တယ်။

သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူတဲ့သူတွေဟာ အသတ်ခံရမှားပြစ်ဒဏ်ခံရမှာကို ကြောက်လန့်တဲ့အတွက် မိမိတို့ မစိုးမဟုတ်ပါကြောင်း လိမ်ညာပြီးပြောတတ်လာတယ်။ ဒီလိုလိမ်ညာပြောဆိုတဲ့ ဒုစရိုက်မှု (မုသာဝါဒ)ကြောင့် လူ့သက်တမ်းတွေ ဆုတ်ယုတ်သွားပြန်တယ်။ ဘယ်လောက်အထိ ဆုတ်ယုတ်သွားသလဲဆိုရင် လူ့သက် တမ်း နှစ် (၄၀၀၀၀)ကနေ (၂၀၀၀၀)သို့ ဆုတ်ယုတ်သွားတယ်။

နောင်အခါမှာ လူတွေဟာ တစ်ဦးကတစ်ဦးကို မနာလိုမုန်းတီးမှုတွေ ဖြစ်လာတယ်။ တစ်ဘက်သားကို သူခိုးမဟုတ်ပါဘဲလျက် သူခိုးသူဝှက်ဖြစ်တယ်လို့ မင်းထံသွားပြီး ကုန်းတိုက်စကားတွေ လျှောက်ထားတယ်။ ဒီလို ကုန်းတိုက်စကား ကုန်းချောစကား ပြောဆိုခြင်းဆိုတဲ့ ဒုစရိုက်မှု (ပိသုဏဝါစာ) ပေါ်ပေါက်လာတဲ့အခါ လူ့သက်တမ်းတွေ ဆုတ်ယုတ်ပြန်တယ်။ သက်တမ်းနှစ် (၂၀၀၀၀) ကနေ (၁၀ဝဝဝ)သို့ ဆုတ်သွားတယ်။

အဲဒီကနောက် လူတွေမှာ စိတ်ထားယုတ်ညံ့မှုတွေ စိုးမိုးလာတဲ့အတွက် အချို့လူတွေက ရုပ်ဆင်းအင်္ဂါတွေ လှပတင့်တယ် ရှုချင်ဖွယ်ရှိတယ်။ အချို့လူတွေကတော့ ရုပ်ဆင်းအင်္ဂါ မလှမပသူတွေ ဖြစ်လာတယ်။ ဒီအခါမှာ အဆင်းလှပသူကို အဆင်းမလှပသူတွေက မနာလိုမှုတွေ ဖြစ်တယ်။ ဝန်တိုမူတွေ ဖြစ်တယ်။ ဒီမနာလို ဝန်တိုမှုတွေနဲ့ သူတစ်ပါး သားမယား တွေကို ပြစ်မှားကျူးလွန်ကြတယ်။ ဒီလို ပြစ်မှားကျူး လွန်တဲ့ ဒုစရိုက်ပေါ်ပေါက်လာတဲ့အခါမှာ လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွား ပြန်တယ်။ သက်တမ်း (၁၀၀၀၀)ကနေပြီး ၅၀၀၀ ဆီကို ကျဆင်းသွားတယ်။

အဲဒီနောက်… လူတွေမှာ ဒေါသစရိုက်တွေ စိုးမိုးလာပြီး တစ်ဦးက တစ်ဦးကို အလိုမကျတဲ့အခါမှာ ကြမ်းတမ်းတဲ့ စကား တွေနဲ့ ဆဲရေးတိုင်းထွာတာတွေ ဖြစ်ပေါ်လာတယ်။ အဲဒီကနောက်... လူတွေဟာ သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာကို ရယူလိုတဲ့စိတ်တွေ၊ သူတစ်ပါးကို ပျက်စီးစေချင်တဲ့ စိတ်တွေ၊ ပြိန်ဖျင်းတဲ့စကားတွေကို အဟုတ်အမှန်တွေလို သဘောထားပြီး ပြောခြင်းဆိုတဲ့ မကောင်း မှုတွေ ဖြစ်လာတယ်။

ဒီလို ကြမ်းတမ်းတဲ့ စကားပြောဆိုခြင်း (ဖရုသဝါစာ)၊ ပြိန်ဖျင်းတဲ့စကားတွေကို ပြောဆိုခြင်း၊ (သမ္ဖပလာပ) ဆိုတဲ့ ဒုစရိုက်မှုတွေ ဖြစ်ပေါ်လာတယ်။ ဒီ ဒုစရိုက်တွေ ပေါ်လာတဲ့ အခါမှာ လူတွေရဲ့ သက်တမ်းဟာ အနှစ် ၅၀၀၀ ကနေပြီး အနှစ် ၂၅ဝဝ ဆီသို့ အချို့လူတွေရဲ့ သက်တမ်း က အနှစ် ၂ဝဝဝဆီသို့ ကျဆင်းသွားတယ်။

အဲဒီကနောက်...

သူတစ်ပါး စည်းစိမ်ဥစ္စာကို ရယူချင်တဲ့စိတ်တွေ၊ သူတစ်ပါးကို ပျက်စီးသွားစေချင်တဲ့ စိတ်တွေ (အဘိဇ္ဈာ၊ ဗျာပါဒ) ဖြစ်ပေါ်လာတယ်။ ဒီလိုပေါ်လာတဲ့ ဒုစရိုက်တွေ ကြောင့် လူတွေရဲ့ သက်တမ်းဟာ နှစ် ၂၅၀၀ ကနေ ၁၀၀၀ဆီကို လျောကျသွားပြန်တယ်။ ဒီလို သက်တမ်းလျောကျခြင်းနဲ့အတူ လူတွေရဲ့ အဆင်းသဏ္ဌာန် တင့်တယ်မှုတွေပါ ဆုတ်ယုတ်လျော့ကျကုန်တာပဲ။

အနှစ်တစ်ထောင် (၁ဝဝဝ)၊ အသက်တမ်းရှိသူတွေမှာ မှားယွင်းတဲ့ အယူဝါဒတွေ ဖြစ်လာပြန်တယ်။ ကံနဲ့ ကံရဲ့အကျိုးကို မယုံတာ၊ အလှူဒါနရဲ့ အကျိုးကို မယုံတာ…. စတဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ဒုစရိုက်တရားတွေ ဖြစ်လာတယ်။ ဒီအခါမှာ လူ့သက်တမ်းဟာ (၁၀၀၀) ကနေပြီး (၅၀၀)ဆီကို လျောကျသွားတယ်။

အဲဒီကနောက်… လူတွေမှာ အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မဆိုတဲ့ တရားဆိုးသုံးမျိုး ဖြစ်လာပြန်တယ်။ အမ္မရာဂဆိုတာကို မတပ်မက်သင့်တဲ့ သူတွေအပေါ်မှာ ကာမရာဂနဲ့ တပ်မက်မှုဖြစ်တာလို့ ဖွင့်ဆိုပြတာရှိတယ်။ တစ်ချို့ကတော့ အမ္မရာဂဆိုတာကို “ကာမဂုဏ်အရာ၌ မတရားသဖြင့် ကျူးလွန်ခြင်း"လို့ ဖွင့်ပြကြတယ်။ ဝိသမ လေသာဆိုတာကို “သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့ကို မတရားသဖြင့် လိုချင်တပ်မက်မောမှုဖြစ်ခြင်း"လို့ ဖွင့်ပြတယ်။

မိစ္ဆာဓမ္မဆိုတာကို “သူ့အသက်ကိုသတ်ဖြတ်၍ ယဇ်ပူဇော်ခြင်း”လို့ ဖွင့်ဆိုတာလည်း ရှိတယ်။ အချို့ကတော့ မိစ္ဆာဓမ္မဆိုတာကို "ယောက်ျား မိန်းမ လိင်တူခြင်း မေထုန်မှီဝဲခြင်း"လို့ ဖွင့်ပြကြတယ်။ ဒီတရားဆိုးတွေ တိုးပွားများပြားလာတဲ့အခါမှာ လူတို့ရဲ့ သက်တမ်းဟာ နှစ် (၅၀၀)ကနေပြီး (၂၅၀) တစ်ချို့မှာ တော့ (၂၀၀)ဆီ ကျဆင်းသွားတယ်။

အဲဒီနောက်မှာ...

လူတွေဟာ...အမိအဖ၊ သာမဏ ဗြာဟ္မဏ အစရှိတဲ့ သူတော်သူမြတ်တွေ၊ အသက်အားဖြင့် ကြီးမြတ်သူတွေအပေါ်မှာ ပြုကျင့်ရမည့်ကျင့်ဝတ်တွေ ပျက်လာတယ်။ လေးစားမှုတွေ ပျက်လာတယ်။ ကျင့်ဝတ်တွေ ပျက်လာတဲ့အခါမှာ လဲ လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွားပြန်တယ်။ သက်တမ်း ၂၅၀-၂၀၀ ကနေပြီး ၁၀၀ ဆီကို လျောကျသွားတယ်။

အဆင်း သဏ္ဌာန် တင့်တယ်မှုတွေလည်း ဆုတ်ယုတ်သွားတယ်။ အသက် ၁ဝဝ ထက်ပိုပြီး အသက်ရှည်ရင်လည်း ရှည်မယ်၊ ဒါပေမယ့် အသက် ၂ဝဝ တော့ မရှည်နိုင်တော့ဘူး။ ဒီနှစ် ၁ဝဝ သက်တမ်း ကာလမှာ ဒုစရိုက် ၁၀ မျိုးနဲ့ပြောခဲ့တဲ့ တရားဆိုး(၃)မျိုး ...ဒါတွေ ရှိတယ်။ ဒီဒုစရိုက်အစရှိတဲ့ မကောင်းမှုတွေကို လူတွေကျင့်သုံးလို့ အရှိန်အဟုန်တွေ များလာရင် သက်တမ်း ၁ဝဝ ကနေပြီး ၁ဝ နှစ်တမ်းဆီ လျော့ကျ ဆုတ်ယုတ်သွားမယ်လို့လဲ ဖော်ပြထားပါသေးတယ်။

နွေဦးအက္ခရာ ( May 1, 2024 . 9:30 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်