Myaing Hay Won
"ယဉ်လေး စကားပြောစရာရှိလို့လား၊ ပြောလေ၊ သီချင်းသံ တိုးပေးရမလား" ဟုဆိုကာ ကိုသော်က သီချင်းသံကို တိုးလိုက်သည်။ ဟွန်ဒါဖစ် ကားဖြူကလေးအတွင်း၌ ပျံ့လွင့်နေသော အနောက်တိုင်းတေးဂီတသံသည် တိုးလျသွားသည်။
နုယဉ်သည် ဖုန်းမျက်နှာပြင်မှ အကြည့်လွှဲကာ ကားပြတင်းကို ကျော်လွန်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားနိုင်သော ဧရာဝတီမြစ်ကြီးကို လှမ်း၍ မြင်နေရသည်။ နွေရာသီဆိုလျှင် သောင်ထွန်း၍ ကလေးများ ဆော့ကစားကြသည်။ နုယဉ်တို့ ငယ်ငယ်ကလည်း ဆော့ကစားခဲ့ဖူးသည်။ ထိုစဉ်ကတော့ ပျော်ရွှင်လွတ်လပ်စွာ။ ကိုသော်နှင့်ပင် လည်ပင်းဖက်၍ ဆော့ခဲ့ကြဖူးသည်။ နုယဉ်တို့နေသည့် ကျော်စွာဓာတ်မြေဩဇာစက်ရုံ၌ နုယဉ်နှင့် ရွယ်တူကလေး ဟူ၍ များများစားစား မရှိခဲ့။ အားလုံးက စက်ရုံဝင်းအတွင်း၌ နေသော ဝန်ထမ်းသားသမီးများသာ။ ရှိသည့်သူနှင့် ပျော်အောင်ဆော့ရသည်။ တည့်အောင်ပေါင်းရသည်။
"မပြောတော့ဘူးလား"
ရုတ်တရက်မို့ ဘာကိုဆိုလိုချင်မှန်းမသိလိုက်။
"ဟင့်အင်း၊ မပြောပါဘူး"
နုယဉ်သည် ဖုန်းကို မပိတ်ဖြစ်။ နှစ်မိနစ်ကြာမှ ဖုန်းမျက်နှာပြင်သည် အလိုအလျောက် မှောင်သွားကာ သူ့အလိုလိုပိတ်သွားသည်။
နုယဉ် မျက်လုံးများ ပိတ်ထားလိုက်သည်။
"အစ်မနုယဉ် ကျန်းမာပျော်ရွှင်ပါစေနော်" ဆိုသည့်စာလေးကို မြင်ယောင်လာသည်။ "စာမပြန်တော့ဘူး" ဆိုသည့် ဆုံးဖြတ်ချက်ကို နုယဉ် မပြင်ချင်တော့။
ကားလေးသည် အရှိန်လျှော့၍ ရပ်တန့်သွားသည်။ နုယဉ်မျက်လုံးများ ဖွင့်လိုက်သည်။ ကိုသော်သည် ကားပေါ်မှ ဆင်းကာ နုယဉ်ဘက်မှ တံခါးကို ဖွင့်ပေးသည်။ နုယဉ် အသာပင် ဆင်းလိုက်ရင်း ကမ်းနားမှ သောင်ကျောက်ဆောင်ဆီသို့ ဦးတည်လျှောက်လိုက်သည်။ နုယဉ်ဘေးမှ နေ၍ ကိုသော်လည်း ယှဉ်လျှောက်လာခဲ့သည်။
"ကျောက်ဆောင်ပေါ် ထိုင်မယ်မလား" ဟု ဆိုသော ကိုသော့်အမေးကို နုယဉ် မဖြေ။ ကျောက်ဆောင်ပေါ် ရောက်သည်နှင့် ထိုင်ချလိုက်သည်။ ညင်းလေပြည်သည် နုယဉ်၏ ဆံနွယ်များကို ထိတို့နှုတ်ဆက်ဟန် တိုက်ခတ်သွားကြသည်။ ယနေ့မှ ကျောက်ဆောင်ပေါ် လေကြောတည့်နေပုံရ၏။ နုယဉ်သည် တီရှပ်လက်တိုနှင့် လုံချည်ကို ဝတ်ဆင်လာခဲ့သည်။ လေတိုက်တော့ ချမ်းစိမ့်စိမ့်ပင် ဖြစ်လာရသည်။
"အပေါ်ထပ်လေး ထပ်ခြုံထားလိုက်" ဟုဆိုကာ ကိုသော်က အပေါ်ထပ်ချွတ်ရန် ပြင်သည်။
"နေပါစေ၊ ကိုသော်၊ မပေးပါနဲ့၊ ညီမ လေညင်းခံချင်လို့ပါ"
အမှန်အားဖြင့် နုယဉ် ညာလိုက်ခြင်းဖြစ်သည်။ လေတိုး၍ အသားများ ပြန်နွေးလာနေပြီး အင်္ကျီထပ်ခြုံလိုက်ရလျှင် နေလို့ ပိုကောင်းမည်ဖြစ်သည်။ သို့သော် နုယဉ်နှလုံးသားက တစ်ခါက ခြုံခဲ့ဖူးသော ဂျင်းဂျက်ကတ်လေးကိုသာ တမ်းတမိ၏။ ထိုအချိန်က နွေးထွေးခဲ့ရသော နှလုံးသားလေးသည် ယခုအခါ အနွေးဓာတ် ပြယ်လွင့်စပြုပြီ ထင်သည်။
"ကိုယ်လည်း ဟိုမှာ အိမ်ပြောင်းဖို့ကိစ္စတွေ လုပ်ရဦးမယ်၊ ကိုယ်ခုနေတဲ့ တိုက်ခန်းက ကျဉ်းတယ်၊ ယဉ်လေးလည်း ကျောင်းပြီးရော ကိုယ် မြန်မာပြည်ပြန်လာပြီး ယဉ်လေးကို လက်ထပ်ယူမယ်၊ ပြီးရင် ဟိုကို လိုက်ခဲ့ပေါ့နော်၊ အလုပ်က ဟိုမှာလုပ်လည်း ရတယ်၊ ယဉ်လေး ကျောင်းဆက်တက်ချင်လည်း ဖြစ်တာပဲ"
ကိုသော်တစ်ယောက် မရောက်သေးသော အနာဂတ်ကို တွေး၍ စိတ်ကူးယဉ်လွန်းသည်ဟု နုယဉ်ထင်သည်။ ကိုသော့်အသံတွင် တက်ကြွမှုအပြင် မျှော်လင့်ချက်များလည်း စွက်နေသည်ထင်သည်။ ဘေးတိုက်အနေအထားဖြင့် နုယဉ် ကိုသော့်ကို တစ်ချက် ကြည့်လိုက်သည်။ ရှင်းသန့်၍ ယောက်ျားပီသသော ရုပ်ရည် ရှိသည့် ကိုသော်သည် နုယဉ်ရင်ကို ခုန်နိုင်စွမ်းမရှိပါ။ သို့သော် ကိုသော်နှင့် မျက်လုံးချင်းဆုံသွား၍ နုယဉ် အကြည့်ကို ဧရာဝတီမြစ်ပြင်ပေါ်က လှိုင်းကြက်ခွပ်များဆီသို့ ရွှေ့လိုက်သည်။
"ညီမတို့ ဘယ်တော့ မကွေးကို ပြောင်းရမှာလဲ"
"ယဉ်လေး စာမေးပွဲပြီးရင် ပြောင်းလို့ရပြီလေ၊ စက်ရုံမှာ နောက်လူတွေ မလာသေးခင် ယဉ်လေးတို့နေရပါသေးတယ်၊ ကိုယ်တို့ လက်မထပ်ခင် ယဉ်လေး မကွေးမှာ တစ်နှစ်နေရဦးမှာပေါ့၊ အတွင်းဆောင်မှာ နေစရာမလိုတော့ဘူးပေါ့၊ အိမ်ကနေပဲ ကျောင်းသွားလေ"
"ကျေးဇူးတင်ပါတယ်၊ ကိုသော်တို့ အန်တီမြတ်တို့ကို"
"သူစိမ်းဆန်တဲ့ စကားတွေမပြောပါနဲ့လား၊ ပထမဆုံးအနေနဲ့ ဒီလက်ထပ်မှုဟာ အပေးအယူတစ်ခု မဟုတ်ဘူးဆိုတာ ယဉ်လေးသိထားရမယ်၊ ဦးလေးမြင့်တို့၊ အန်တီဝင်းတို့ဆိုတာ ကိုယ်တို့မမွေးခင်ကတည်းက ဖေဖေတို့ မေမေတို့နဲ့ ဆွေလိုမျိုးလို ဒီစက်ရုံမှာ နေလာကြတာ၊ ကိုယ့်အတွက်လည်း ဦးလေးရင်း၊ အဒေါ်ရင်းတွေလိုပဲ၊ ကိုယ်ဟာ သူတို့လက်ပေါ်မှာ ကြီးပြင်းလာရတာ၊ ဖေဖေဟာ စက်ရုံမှူးမလို့၊ ဦးလေးမြင့်ဟာ စုမှူးမလို့ဆိုပြီး ရာထူးခွဲခြားတာတွေလည်း မရှိပါဘူး၊ ကိုယ်တို့ လက်ထပ်ဖို့ဟာလည်း ဦးလေးမြင့် ကျန်းမာရေး ကောင်းစဉ်ကတည်းက စီစဉ်ထားကြတာပဲ၊ ဒီနှစ်ထဲ ဦးလေးမြင့် ပင်စင်ယူခါနီးမှ ကျန်းမာရေးအခြေအနေကြောင့် စီးပွားရေးကျပ်တည်းလာတာ၊ ပင်စင်ယူရင် နေဖို့ အခက်အခဲရှိတာ ဖေဖေတို့က သူတို့အချင်းချင်းကူညီတာပါ၊ သားရေးသမီးရေး မပါဝင်ဘူးဆိုတာ ယဉ်လေးနားလည်ရဲ့လားဟင်၊ သွားသွားပြီး ရောထွေးမနေစေချင်ဘူး၊ ယဉ်လေးကို လက်ထပ်ချင်တာက ကိုယ် ယဉ်လေးကို ချစ်တာတစ်ခုတည်းနဲ့ပဲ..."
ကိုသော်သည် နုယဉ်၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ပြောနေ၍ နုယဉ်အနေရခက်လာသည်။ စီးထားသော ဖိနပ်ပါးလေးကိုချွတ်ကာ ရေစပ်သို့ နုယဉ်လျှောက်သွားလိုက်သည်။ ကိုသော်သည် နုယဉ်နောက်မှ ထပ်ကြပ်မကွာလိုက်ရင်း
"ယဉ်လေး၊ ကိုယ့်ကို ဘာမှ မပြောတော့ဘူးလား"
ဟု ပြောနေလေသည်။
"ညီမ နားလည်ပါတယ်"
နုယဉ်သည် သဲမြေတွင် ကျန်ခဲ့သော ခြေရာများကို ပြန်လှည့်ကြည့်မိသည်။ အတိတ်မှ ခြေရာတို့သည် ရေနှင့်အတူ ပါသွားကြလေသလား။ ထိုရေများက မည်သည့်နေရာသို့ ဆက်၍ စီးဆင်းကြပါသလဲ။
"ကိုယ်တို့ငယ်ငယ်က ဒီကို ခဏခဏရောက်တယ်နော်၊ တစ်ခါတစ်ခါ ယဉ်လေးကို ချီပြီး ပြေးရင် မေမေက ကလေးလဲမှာစိုးလို့ ကိုယ့်ကို လှမ်းလှမ်းအော်ရတာ အမောပဲ၊ အဲ့တုန်းက ယဉ်လေးက တကယ့်ကို သေးသေးလေး၊ "ကိုကိုသော် ချီ" ဆိုရင် ကိုယ့်မှာ ငယ်ငယ်က လူကောင်သေးတော့ မနိုင့်တနိုင်နဲ့ ချီရတာ။ ခုတော့ ယဉ်လေးကို ကိုယ်ချီနိုင်ပြီ ထင်ပါတယ်"
ကိုသော့်အနားတွင် နုယဉ်နေရသည်မှာ စိတ်ကျဉ်းကျပ်လှပြီ။ ကိုယ်မကြင်သူ၏ အနားတွင် ထိုမကြင်သူ၏ ကိုယ့်အပေါ် ကြင်နာချင်ကြောင်းစကားများကို ကြားနေရခြင်းသည်လည်း ငရဲတစ်မျိုးပါပဲ။
"ညီမ ပြန်ချင်ပြီ"
ထိုအခါကျတော့လည်း ကိုသော်က အထွန့်မတက်ဘဲ နုယဉ်၏ စကားကို နာခံပါသည်။
?
ဒီလိုနှင့် ကိုသော်နှင့်နုယဉ်တို့၏ စေ့စပ်ပွဲသည် အကျဉ်းချုံး၍ ပြီးမြောက်သွားသည်။ နုယဉ်သည် အတွင်းဆောင်မှ ပြောင်းကာ မြို့ထဲတွင် နေသည်။ အဖေလည်း ရေသစ်မြေသစ်တွင် ကျန်းမာရေးထူထူထောင်ထောင် ဖြစ်နေ၍ နုယဉ်စိတ်ချမ်းသာရသည်။ စိတ်မချမ်းသာရသည်က အန်တီမြတ်တစ်ယောက် အိမ်ကို ချောင်းပေါက်မတတ်လာ၍ နုယဉ်ကို တွေ့သည်နှင့် သမီးချင်းထပ်နေအောင် ခေါ်သည်။ အနာဂတ်အစီအစဉ်များကို အဖန်တလဲလဲ ပြောသည်။ ကိုသော့်အကြိုက်များ၊ ကိုသော့်အကျင့်များကို နုယဉ်အား နားရည်ဝနေစေရန်လား မသိ၊ ပြောမဆုံးပေါင် တောသုံးတောင်။
အန်တီမြတ်တို့နှင့် အိမ်ချင်းကပ်လျက်ဖြစ်သောကြောင့် အမေ့အတွက် တီးတိုးဖော်ရသည်ဟုသာ အကောင်းဖက်မှ လှည့်တွေးရသည်။
"နုယဉ် ခုထိ ဘာမှမထည့်ရသေးဘူးလား"
"သွားမှာ သမီးမှ မဟုတ်တာဘဲ၊ ဘာထည့်ရမှာလဲ"
"ညည်းအေ၊ စေ့ပဲစပ်ပြီးပြီ၊ ခုထိ ကောင်းလင်းသော်ပေါ် အေးတိအေးစက်လုပ်နေတုန်းပဲလား"
"အမေမွေးကတည်းက သမီးက ဒီတိုင်းပဲ မလား၊ အေးတိအေးစက်နဲ့လေ"
အမေသည် နုယဉ်ကို ကြည့်၍ သက်ပြင်းရှည်ရှည်ချသည်။ နုယဉ်လည်း ဒီ့ထက်ပိုပြီး မတတ်နိုင်ပြီ။ နုယဉ် နှလုံးသားတစ်ခုလုံးပင် စတေးခဲ့ပြီးပြီ။ ဘာကိုမှ ထပ်၍ မစတေးချင်တော့။
?
နုယဉ်နှင့် ကိုသော်တို့ လွတ်လွတ်လပ်လပ်စကားပြောနိုင်ရန် လူကြီးများက ရှောင်ပေးကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသည် ပြည်ပသို့ ထွက်ခွာမည့် လူများအတွက် အိပ်မက်သစ်တို့ စတင်ရာ နေရာတစ်ခုပမာ။ တချို့မျက်လုံးများက ပျော်ရွှင်နေကြသည်။ တချို့မျက်လုံးများက ဝမ်းနည်းနေကြသည်။ တချို့မျက်လုံးများက မသွားခင်ကတည်းက လွမ်းဆွတ်တမ်းတနေကြသည်။ တချို့မျက်လုံးများက ညကောင်းကင်ယံထက်ဝယ် လင်းလက်သောကြယ်များပမာ တောက်ပနေကြသည်။
"ယဉ်လေး၊ ကိုယ်တော့ ဒီတစ်နှစ်မြန်မြန်ကုန်ပါစေ ဆုတောင်းနေမယ်၊ နေကောင်းအောင်လည်း နေနော်၊ ကိုယ်ညဘက်တွေ ဖုန်းခေါ်မယ်နော်၊ ထိုင်းက မြန်မာထက် နာရီဝက်ပဲ စောတာ၊ သိပ်ညဉ့်မနက်စေရပါဘူး၊ ကိုင်နော်"
"ဟုတ်ကဲ့ပါ ကိုသော်"
ကောင်းလင်းသော်သည် နုယဉ်ကို ကြည့်၍ မချင့်မရဲဖြစ်လာသည်။ သူ့ဘက်က မခွဲရခင် အချိန်ကလေးတွင် စိတ်လှုပ်ရှားစွာဖြင့် စကားများပြောနေသော်လည်း သူမက အေးဆေးတည်ငြိမ်လှသည်။ ထိုအေးဆေးတည်ငြိမ်မှုကိုပဲ ကောင်းလင်းသော် စွဲလမ်းခဲ့ရသည်။ သို့သော် ယခုအချိန်တွင်တော့ သူမ ပခုံးများကို လှုပ်ယမ်းကာ
"ကိုသော့်ကို သတိရနေတော့မှာပဲလို့ မပြောတော့ဘူးလား" ဟုဆိုကာ မေးပစ်လိုက်ချင်သည်။ ကောင်းလင်းသော်သည် မိမိစိတ်ကို မိမိပြန်ထိန်းချုပ်ထားလိုက်သည်။
"ဓာတ်ပုံလည်း မရိုက်ရသေးဘူး၊ ရိုက်ရအောင်လေ ယဉ်လေး"
ထိုအခါမှ ကောင်းလင်းသော်ရှေ့တွင် ရပ်နေသော စက်ရုပ်ကလေးက အသက်ဝင်လှုပ်ရှားလာတော့သည်။
"ဟင့်အင်း၊ ညီမ မရိုက်ချင်ဘူး"
ကောင်းလင်းသော် ထပ်မပြောတော့။ နေပါစေ။ စေ့စပ်တုန်းက အတူတူရိုက်ထားတဲ့ ပုံတွေ ရှိတာပဲဟု တွေးမိသွားသောကြောင့်ဖြစ်သည်။
"လေယာဉ်တက်ချိန် နီးပြီ၊ လူကြီးတ
Unlock to read this premium article with 10 points.