SarPhat Author
"အမာ"
ဆရာမမွန်ဟော်လ်စီရဲ့ အမာ ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီး ဘဝအားမာန်တွေ တိုးတက်စေတယ်။ အိမ်ထောင်တခုကို ဘယ်လိုချုပ်ကိုင်ရသလဲဆိုတာကို သင်ပြပေးနေသလို၊ ယောက္ခမနဲ့ သားမက်တို့မတည့်ကြလည်း အတူတူ တအိမ်ထဲနေလို့ရအောင် ဘယ်လို ချုပ်ကိုင်ရသလဲဆိုတာပါ ပြသပေးတယ်။
မြန်မာနိုင်ငံရဲ့ ၆၁ မြောက်သော ကလေးအထူးကုဆရာဝန် ဖြစ်သူ (ဒေါက်တာမသန်းဌေး (ခ) အမာ)၊ ပိန်ပိန်သေးသေးနဲ့ လောကဓံလှိုင်းတပိုးက ဘယ်လိုပင်ရိုက်ခတ်သော်လည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့အမာ။ ဒုတိယကမ္ဘာစစ် မြန်မာပြည်ကူးစက်လာတော့ စစ်ဘေးရှောင်ဖို့အတွက် ခြေကျိုးနေသော်လည်း လွတ်အောင်ပြေးခဲ့ရတယ်။ စစ်အတွင်းမှာပဲ အမာ့အဖေဆုံးတယ်။ စစ်ဘေးရှောင်ကာ ပြေးရင်းပင် အမာ့မောင်လေးမှာ ကျောက်ရောဂါကူးစက်လို့ အတူနေ စစ်ဘေးရှောင်သူတွေက ပစ်ထားခဲ့ကြပုံ၊ မောင်လေးကို ခေါ်ကာ တလမ်းဝင် တလမ်းထွက်နဲ့ သွားရင် မောင်လေးကို ဆုံးရှုံးခဲ့ရပုံ၊ မောင်လေးရဲ့အလောင်းကို အခြေအနေအရပ်ရပ်ကြောင့် စောင်ကလေးသာ အုပ်ထားပြီး ပစ်ထားခဲ့ရပုံ၊ အမာ့အမေက "ငါတို့မှာ သားအမိ နှစ်ယောက်ထဲပဲ ရှိတော့တယ်"လို့ အားငယ်သံနဲ့ ပြောလာတော့ "နှစ်ယောက်ကြီးများတောင်ရှိတာ" လို့ အားတက်အောင် ပြန်ပြောခဲ့ပုံ၊ ပြေးရင်းလွှားရင်းရန်ကုန်က သူတို့အမျိုးအိမ်မှာ ခိုကပ်ကာ နောက်ဖေးမီးဖိုချောင် ကပ်ကပ်သပ်သပ်လေးမှာ နေခဲ့ရတယ်။
အမာကတော့ ကိုယ်ပိုင်အိမ်ကလေးမှာ ခြံဝင်းကလေးနဲ့ သီးပင်စားပင်၊ ပန်းပင်များကိုသာ စိုက်ပျိုးပြီး အိမ်နဲ့ရာနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်းသာ နေချင်တယ်။ စစ်အတွင်းက မပြီးပြတ်သေးတဲ့ ဆေးတက္ကသိုလ်ကိုလည်း အမေဖြစ်သူက ပြန်တက်စေတယ်။ ကျောင်းစာလုပ်ရင်း အပိုဝင်ငွေရအောင် လက်ချုပ်လေးတွေလိုက်၊ အပ်ထည်လေးတွေ လက်ခံပြီး ငွေကိုရှာဖွေစုဆောင်းရတယ်။ အမျိုးတွေရဲ့အိမ်မှာ ကပ်နေသော်လည်း မခိုမကပ် မတွက်ကပ်ပဲ နေလာကြတယ်။ အဲ့ဒီအိမ်မှာ အမာနဲ့အတူ ကျောင်းအတူတက်တဲ့ သူတွေလည်းရှိတယ်။ အမာက မြို့မှာ အနေကြာသော်လည်း တောဂိုက်ကြီးဖြစ်နေလို့ ဝိုင်းပြောကြတော့ အမာအပြောမခံပဲ ဆံပင်ပေါ်က ဆံတောက်ကြီးက်ုဖြည်ချပြီး ညှပ်ပစ်လိုက်တယ်။ အိမ်ပြန်ရောက်တော့ သူ့အမေနဲ့ တွေ့ပါလေရော။ "နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ထောင်ချင်နေပြီလား" ဆိုပြီးတော့ အသေတီးတော့တာပဲ။ အမျိုးတွေကလည်း အမာ့အမေကို ကြောက်ကြတယ်။ တယောက်မှ ဝင်မပြောရဲ၊ မဆွဲရဲကြဘူး။ အမာ့အမေဟာ တကိုယ်ကောင်းသမားကြီး လူ့ကန့်လန့်ကြီး မဟုတ်ပါဘူး။ သူ့သမီး ဆံပင်ညှပ်လာတာ သူ့ကို မတိုင်ပင်ရကောင်းလားဆိုပြီး၊ ပညာတတ်လာတော့ ငါလိုပညာမတတ်တဲ့ အမေတယောက်ကို လူရာမသွင်းချင်ဘူးပေါ့ ဆိုပြီး မိခင်စိတ်နဲ့ စိတ်ဆိုးဒေါသ ထွက်တယ် ထင်ပါတယ်။
အမာဟာ အရွယ်ကလေးရလာတော့ ငယ်သွေးကြွပြီး အမာ့ကို ချင်းကပ်လာသူက ကိုဘမောင်ချိန်။ သူ့ဘဝက အမာ့ဘဝနဲ့ဆို ဆီနဲ့ရေ။ သူကလည်း နယ်ဘက်ကပဲ။ သူများတွေ စစ်ပြေးဘဝနဲ့ အကြိမ်ကြိမ်ပြေးလွှားနေစဉ်မှာ သူက အင်္ဂလိပ်ဝတ္ထုစာအုပ်တွေ တအုပ်ပြီးတအုပ်ဖတ်ပြီး ဖြတ်သန်း လာခဲ့ရသူပါ။ ဘမောင်ချိန်ဟာ သန့်ပြန့်ကော့ကျော့နေအောင် ဝတ်စားဆင်ယင်တတ်တယ်။ အရင်ခေတ်က တက္ကသိုလ် ကျောင်းသား/သူတွေက သူတထူးတွေလို့ ခေါ်ရမယ်။ အပြင်လူတွေနဲ့ကို မတူဘူး။ ဝတ်စားဆင်ယင်၊ နေပုံထိုင်ပုံ။ တက္ကသိုလ်ကျောင်းသူ အလန်းတွေ အများကြီးရှိရက်နဲ့ အမာ့ကိုမှ စွဲလန်းသွားတယ်။ ကြွေသွားတယ်။ ဘမောင်ချိန်က အမာ့ကို လိုက်တော့တာပေါ့။ ဘမောင်ချိန်က လိုချင်တာကို မရ ရအောင်ယူတတ်တယ်။ အမာက တွေဝေနေတယ်။ အမေဖြစ်သူကိုလည်း ကြောက်ရတယ်။ စာမေးပွဲပြီးတော့ ဘမောင်ချိန်က ကားတင်ပြေးတော့တာပဲ။
လပိုင်းလောက်ကြာတော့ သဘောတူတယ်ပေါ့။ သူ့သမီးကို ပြန်လာအပ်၊ လူကြီးစုံရာနဲ့ဆိုတော့ ဘမောင်ချိန်က လူကြီးစုံရာနဲ့ လာအပ်ကြတော့ ဒေါ်မမလေးဟာ အမာကို ညာတာပါတေးနဲ့ နောက်ဖေးကိုပို့လိုက်ပြီး အခန်းတံခါးကို သော့လာခပ်သွားတယ်။ မယူလို့ မရတော့တဲ့ အခြေအနေဖြစ်နေပြီလို့ ပြောတော့ ဘမောင်ချိန်ကို ဒေါ်မမလေးက ခွေးဘီလူးလိုအကောင်တဲ့လေ။ ဒီလိုနဲ့ သူတို့နှစ်ယောက် မပေါင်းဖက်ရတော့ဘူးပေါ့။ ခွေးဘီလူးလိုကောင်ရဲ့ ကလေးကိုလည်း မမွေးရဘူးဆိုပြီး သန္ဓေပျက်စေမဲ့ ဆေးတွေ နေ့တိုင်းတိုက်ပြီး ဖျက်ချပစ်တယ်။ ဒါဟာလည်း မိခင်မေတ္တာပါပဲလေ။ သူ့သမီးက ဆေးကျောင်းတက်နေတာလေ။ ကလေးတဖက်နဲ့ အမာ့တက်လမ်းကို ပိတ်သွားစေနိုင်တာမို့ မလုပ်ချင်ပဲ ရင်နာနာနဲ့ လုပ်လိုက်ရတယ်လို့တွေးမိပါတယ်။
နောက်တနှစ်မှာထင်တယ်။ အမာ့ကို ဒုတိယတကြိမ် ဘမောင်ချိန်က ကားတင်ပြေးပြန်ပါတယ်။ ဒီတခါတော့ လုံးဝမခွဲဘူးပေါ့။ နောက်ဆုံးတော့ အမာ့အမေလည်း လျှော့နည်းနည်းတော့ ပေးရတာပေါ့။ ဘမောင်ချိန်က နောက်ဆုံးတော့ ယောက္ခမကိုပါ အိမ်ပေါ်ခေါ်လိုက်ရတယ်ပေါ့။
အဲ့ဒီမှာ ပြဿနာက စတော့တာပဲ။ ယောက္ခမနဲ့ သမက် မတည့်ကြဘူး။ တကျက်ကျက်နဲ့။ ဒါပေမဲ့လည်း အမာဟာ အိမ်တအိမ်ရဲ့ ခေါင်မိုးဖြစ်ခဲ့ရတယ်။ ဘယ်တော့မှ အမိုးမလန်အောင် အသေအချာ ထိမ်းသိမ်းခဲ့တယ်။
အမာဟာ တသက်လုံးကလေးမရနိုင်တော့တဲ့ အခြေအနေမှာ သူ့အမျိုးရဲ့ ကလေးကို မွေးစားဖို့ ဘမောင်ချိန်က ပြောတော့တာပဲ။ ဘမောင်ချိန်ဟာ ကလေးတအားရူးတာပဲ။ ဒါနဲ့ပဲ မွေးစားကြတော့တာပေါ့။ ကလေးကိုချစ်လွန်းတော့ သိပ်အလိုလိုက်တယ်။
အဖိုးဘမောင်ချိန်မွေးစားတဲ့ ကလေးဟာ ဆရာမမွန်ဟော်လ်စီရဲ့ အဖေဖြစ်မဲ့သူပေါ့။ အမာဟာ ဆရာဝန်ဖြစ်လာပြီး ထူးချွန်ထက်မြတ်လာတော့ နိုင်ငံတော်အစိုးရက နိုင်ငံခြားကို ပညာတော်သင် စေလွှတ်တယ်။ အမာဟာ နောက်ဆံတင်းပြီး ချီတုန်ချတုန် ဖြစ်နေဆဲမှာ ဘမောင်ချိန်က အားပေးစကားပြောပြီး သွားဖို့အတွက် တိုက်တွန်းတယ်။ ဒီလိုနဲ့ အင်္ဂလန်နိုင်ငံမှာ နှစ်နှစ်ပညာတော်သင် ထွက်ခွါသွားတယ်။ ဒါပေမဲ့ သူ အိမ်ကိုတော့ စိတ်မချခဲ့။
လွတ်လပ်ရေးရပြီးနောက်ပိုင်း လေယာဉ်ခရီးစဉ်နဲ့ ၂၀ ရာစု လေယာဉ်ခရီးစဉ် မတူပုံကိုလည်းဖတ်ရှုရတယ်။ တချိန်က မြန်မာနိုင်ငံဟာ ရွှေခေတ်ရောက်ခဲ့တယ်ဆိုတာလည်း ဖတ်ရှုရတယ်။ ရန်ကုန်မြို့ရဲ့ နေရာတွေ၊ လမ်းအခေါ်အဝေါ်တွေ၊ အင်းလျားလိခ် ဟော်တယ်၊ strand hotel, ကုန်သယ်ကြီးများဟော်တယ် (ယခု ရှံဂရီလာဟော်တယ်)၊ စက်မှု(၁) ဝန်ကြီးဌာနနေရာ(ယခုမြန်မာပလာဇာနှင့် melia hotel)၊ ကြည့်မြင်တိုင်ဘက်၊ အလုံဘက်၊ စမ်းချောင်းဘက်၊ လှည်းတန်းဘက်က နေရာတွေကိုလည်း ရှေးယခင်က ပုံစံကို မျက်လုံးထဲ ပံုပေါ်လာအောင်ကို ရေးသားတတ်တာ ဂုဏ်ယူစရာပါဗျာ။ ဒီ အထ္တုပတ္တိဝတ္ထုဟာ သုတရော ရသရောပေးစွမ်းတယ်ဆိုတာထက် ဖတ်ရသူအဖို့ မျက်စိပွင့် နားပွင့်စေတယ်။ motivation ပေးတယ်။ မိခင်တယောက်ရဲ့ မေတ္တာ၊ အဖွားအမာရဲ့ သူ့ဘဝကို ဖြည်းဖြည်းနဲ့ မှန်မှန် အားမာန်အပြည့်နဲ့ လျှောက်လှမ်းပုံ၊ အဖိုးဘမောင်ချိန်ရဲ့ ချစ်တတ်ပုံ၊ယောက်ျားတယောက်ရဲ့ ကြိုးစားပုံ၊ မိန်းမကို အားပေးပုံတွေဟာ ဖတ်ရှုသူတွေအဖို့ အားတက်စေတယ်။ ကြည်နူးစေတယ်။ အရင်ခေတ်နဲ့ ဒီဘက်ခေတ် မတူပုံတွေကို နှိုင်းယှဉ်ကြည့်ရှု မြင်တွေ့ရစေတယ်။ ဓာတ်ပုံတွေကလည်း ဝေဝေဆာဆာနဲ့။
စိတ်ဓာတ်နည်းနည်းလေး ကျနေချိန်မှာ ဒီစာအုပ်နဲ့ သွားပြီးတိုးတော့ စိတ်အားတွေ ပြန်ရလာတယ်။ ဆရာမကလည်း သူ့အဖွားအကြောင်းကို နှစ်နှစ်လောက် သေသေချာချာ အချက်အလက်စုဆောင်းပြီး ရေးသားတာဆိုတော့ တကယ့်ဖြစ်ရပ်မှန်ကို ဖတ်ရှုလိုက်ရတာမို့ အားလည်းရသလို၊ ကြည်နူးပျော်ရွှင်ရတယ်။ ဘဝအားမာန်၊ သုတနဲ့ ရသကို မျှတဒါကိုမှ ဖတ်ချင်ပါတယ်ဆိုရင်ဖြင့် ဒီစာအုပ်ကလေးကို ဖတ်သင့်ပါတယ် ဆိုတဲ့အကြောင်း ပြောကြားရင်း......
ကိုမျိုး (၂၈.၄.၂၀၂၄)
စာရေးသူ -မွန်ဟော်လ်စီ
စာအုပ်အမည် -အမာ
ထုတ်ဝေရေး -ပန်းဆက်လမ်းစာပေ
တန်ဖိုး -၇၅၀၀ ကျပ်
အကြိမ်ရေ- ဒုတိယအကြိမ်
Keep Reading