Author's Profile Photo

SarPhat Author

23/04/2024

လူငယ်နှင့်တန်ဖိုး

2 mins read
General Knowledge
လူငယ်နှင့်တန်ဖိုး's photo

လူငယ်နှင့်တန်ဖိုး
-----------------

        ပထမဦးဆုံး ''တန်ဖိုး" ဆိုတဲ့ အဓိပ္ပါယ်လေးကိုဖော်ပြချင်ပါတယ်။ တန်ဖိုးဆိုတာ"အသုံး၀င်မှု" ပါပဲ။
မိသားစုအတွက် အသုံး၀င်ရင် မိသားစုအတွက်တန်ဖိုးရှိတဲ့လူငယ်ဖြစ်မှာ ဖြစ်ပြီး ကျေးရွာအတွက်၊ တိုင်းပြည်အတွက် အသုံး၀င်ရင် ကျေးရွာ၊ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့လူငယ်တွေ ဖြစ်မှာ ဖြစ်ပါတယ်။
      တစ်ချို့လူငယ်တွေဟာ ပညာတတ်ပေမဲ့ မိသားစုအတွက်၊ တိုင်းပြည်အတွက်အသုံးမ၀င်တာကိုတွေ့ရပါတယ်။
တစ်ချို့ကျပိုက်ဆံရှိပေမဲ့ ဘယ်သူ့အတွက်မှ အသုံးမ၀င်တဲ့လူငယ်တွေလည်းရှိပါတယ်။
ဒါကြောင့်တန်ဖိုးရှိချင်းမရှိချင်းဟာ  အသုံး၀င်မှုနဲ့ အများကြီးသက်ဆိုင်ကြောင်း သိဖို့လိုပါတယ်။
       ယနေ့လူငယ်များရဲ့ဘ၀ဟာ အင်မတန်တန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲဆိုရင်
လူငယ်အရွယ်ဟာ လုပ်နိုင်စွမ်းအမြင့်ဆုံးသော အရွယ်ကာလဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ဒါကြောင့်လူငယ်ဘဝကို တန်ဖိုးထားဖို့လိုပါတယ်။ မိမိတို့လုပ်နိုင်စွမ်းရှိတဲ့အချိန်မှာ အကောင်းဆုံးလုပ်ဖို့လိုပါတယ်။
ယနေ့လူငယ်များ ဘယ်လိုအရာတွေမှာ တန်ဖိုးထားရမလဲဆိုတာကို အချက် (၃) ချက်အားဖြင့်ဖော်ပြချင်ပါတယ်။


၁။ လူငယ်များ မိမိတို့အချိန်ကို တန်ဖိုးထားပါ။

   တစ်ချို့လူငယ်တွေဟာ အချိန်ကို အကျိုးမဲ့ကုန်ဆုံးတတ်ကြပါတယ်။ အသောက်အစား၊ လောင်းကစားတွေကို ဖက်တွယ်ပြီး ပျိုမြစ်တဲ့ဘ၀ကို ဖျက်ဆီးကြပါတယ်။
ကျွန်တော်တို့ဟာ မိသားစုအတွက်အားကိုးရမဲ့လူငယ်တွေ ဖြစ်ရမဲ့အစား မိသားစုဟာ ကျွန်တော်တို့ကြောင့်စိတ်ဆင်းရဲရ၊ စိတ်ညစ်ရတယ်ဆိုရင် တန်ဖိုးရှိတဲ့ လူငယ်ဖြစ်မှာမဟုတ်ပါဘူး။
       ယနေ့ခေတ်ကာလမှာလူငယ်တွေအတွက် စိန်ခေါ်မှုတွေ အများကြီးရှိလာပါတယ်။ ကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့ဘ၀ကို တန်ဖိုးမထားနိုင်အောင် လုပ်ဆောင်ပေးနေတဲ့ အရာတွေအများကြီးရှိလာပါတယ်။
ဒီလိုအခြေအနေတွေကို လူငယ်တွေသတိထားပြီးမကျော်လွန်နိုင်ရင် ကျွန်တော်တို့ရဲ့တန်ဖိုးတွေ ကျဆင်းလာမှာဖြစ်ပါတယ်။
လူငယ်တွေရဲ့  ဘ၀မှာ အချိန်ကို တန်ဖိုးရှိရှိအသုံးချဖို့လိုပါတယ်။ လိုအပ်တဲ့ပညာ၊ဗဟုသုတတွေကို လူငယ်အချိန်မှာ စုဆောင်းထားမှသာ အသက်ကြီးလာတဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။
ဒါကြောင့်အချိန်ကိုတန်ဖိုးရှိရှိအသုံးချရင်း တန်ဖိုးရှိသော လူငယ်များဖြစ်အောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။


၂။ လူငယ်များမိမိတို့ ပျိုမြစ်ခြင်းကိုတန်ဖိုးထားပါ။

    ဆရာမနိုင်းနိုင်းစနေရဲ့ စာလေးတပုဒ်ရှိပါတယ်။ လူငယ်တစ်ယောက်ရဲ့အကြီးမှားဆုံးတန်ဖိုးဟာ ရုပ်ရည်လှပခြင်းမဟုတ်ပါဘူး။ ခွန်အားမဟုတ်ပါဘူး။ အရပ်အမောင်းမဟုတ်ပါဘူးတဲ့။ လူငယ်တစ်ယောက်ရဲ့တန်ဖိုးဟာ အမှားလုပ်နိုင်စွမ်းရှိခြင်းပါတဲ့။
လူငယ်တွေဆိုတာအမှားတွေ လုပ်မိတတ်ကြတယ်။ စိတ်ထင်ရာကို လုပ်မိတတ်ကြပါတယ်။
ဒါပေမဲ့ အဲ့ဒီအမှားတွေဟာ သူတပါးကိုထိခိုက်စေမဲ့အမှားတွေ၊ သူတပါးနာကျင်ရမဲ့ အမှားတွေတော့ မဖြစ်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ခုက အမှားလုပ်ရဲမှသာ အမှန်မြင်လာမှာဖြစ်ပါတယ်။
လူငယ်ဘ၀မှာအမှားလုပ်မိခဲ့ရင်တောင်ပြင်ဆင်ခွင့်ရှိပါသေးတယ်။
ဒါကြောင့်ရဲရဲတင်းတင်းလုပ်ဆောင်ရင်း မိမိရဲ့ပျိုမြစ်ခြင်းတန်ဖိုးကိုသိဖို့အရမ်းအရေးကြီးပါတယ်။ ဘ၀မှာ မှားသွားမှာကို ကြောက်ရင်းဘာမှမလုပ်နိုင်သော လူငယ်တွေရှိပါတယ်။ ပျိုမြစ်တဲ့အချိန်၊ အမှားလုပ်နိုင်စွမ်းရှိသောအချိန်မှာ လုပ်ကြည့်ပါ။
အသက်ကြီးမှ မသင့်တော်တဲ့အမှားမျိုးကို လုပ်မိမဲ့အစား ပျိူမြစ်နုနယ်သောအချိန်မှာ အမှားတွေကို သင်ခန်းစာအဖြစ်လက်ခံရင်း တန်ဖိုးရှိရှိအသက်ရှင်သွားဖို့ ဖော်ပြချင်ပါတယ်။

၃။ လူငယ်များမိမိတို့ ပန်းတိုင်ကိုတန်ဖိုးထားပါ။

          လူငယ်တွေမှာပန်းတိုင်ကိုယ်စီရှိပါတယ်။ ကြီးကြီးမားမားပန်းတိုင်မဟုတ်တောင် အနည်းငယ်သောပန်းတိုင်ကတော့ ကိုယ်စီရှိပါတယ်။ ဥပမာအားဖြင့် ဆရာ၀န်ဖြစ်ဖို့ပန်းတိုင်မရှိတောင် အိမ်ထောင်ပြုဖို့တော့ပန်းတိုင်ရှိမှာဖြစ်ပါတယ်။
မိမိပန်းတိုင်ကကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ တန်ဖိုးထားပြီးရောက်အောင်သွားဖို့လိုပါတယ်။
စာမေးပွဲအောင်ဖို့ပန်းတိုင်ထားတယ်ဆိုရင်သေချာလေးစာကျက်ပြီး ကြိုးစားဖို့လိုပါတယ်။
မိမိတို့ပန်းတိုင်ကိုတန်ဖိုးထားမှသာ တန်ဖိုးရှိသော လူငယ်တွေ ဖြစ်မှာ ဖြစ်ပါတယ်။
တစ်ချို့ကမိမိတို့ပန်းတိုင်ကို တန်ဖိုးမထားပဲ ရေစုန်မျောနေထိုင်တတ်ကြပါတယ်။ ခေတ်စနစ်၊မိသားစုကို အပြစ်တင်ရင်း အကျိုးမဲ့နေထိုင်တတ်ကြပါတယ်။
ဒါဟာ တန်ဖိုးရှိတဲ့လူငယ်ဘ၀ကို တန်ဖိုးမဲ့အောင်နေထိုင်နေတာသာဖြစ်တယ်ဆိုတာသိပြီး သတိထားရမှာပဲ ဖြစ်ပါတယ်။


ဒါကြောင့်နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ လူငယ်ဘ၀မှာ တန်ဖိုးထားရမဲ့အရာတွေအများကြီးရှိသလို တန်ဖိုးရှိရှိနေတတ်ဖို့လည်းအရေးကြီးပါတယ်။
ဒါကြောင့်ယနေ့ခေတ်လူငယ်များ မိမိတို့အချိန်ကိုတန်ဖိုးထားပါ။
မိမိတို့ပျိုမြစ်ခြင်းကိုတန်ဖိုးထားပါ။ မိမိတို့ပန်းတိုင်ကိုတန်ဖိုးထားပါလို့ ဖော်ပြချင်ပါတယ်။


John William Soe

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်