Author's Profile Photo

စာကြမ်းပိုး

21/04/2024

မိန်းမတစ်ယောက်၏ဘ၀ - မောင်ပေါ်ထွန်း

1 min read
Book Review
မိန်းမတစ်ယောက်၏ဘ၀ - မောင်ပေါ်ထွန်း's photo


စာမျက်နှာ ၃၅၇ ၊ တတိယအကြိမ် ၊ဇော်ဂျီဖိုလ်၀င်စာအုပ်တိုက် ၊မျက်နှာဖုံးပန်းချီ - မုတ်သုံ၊ မျက်နှာဖုံးအပြင်အဆင် - ဗဂျီလင်း၀ဏ္ဏ

သိပ်မကြာသေးခင်ကမှ ၀ယ်ထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်ခေါင်းစဉ် အတိုင်းပဲအမျိုးသမီးတစ်ယောက်ရဲ့ ဘ၀ ကို လောက်မြိုက်မှုများစွာနဲ့ ဖတ်ရှုရမယ့် စာအုပ်တစ်အုပ်လို့ထင်မြင်မိပါတယ်။ တဘ၀ ၊ ဘ၀တစ်ခု စတဲ့ နာမည်တွေနဲ့ လည်း အရင်တုန်းက ထုတ်ဝေထားခဲ့ပါတယ်။

ပြင်သစ်စာရေးဆရာကြီး မိုပါဆွန်းရဲ့ လက်ရာကို ဆရာကြီးမောင်ပေါ်ထွန်းဘာသာပြန်ထားတာဖြစ်ပါတယ်။ အရင်တုန်းက ဆရာကြီး မောင်ထင် ဘာသာပြန်ထားတဲ့ ‌မိုပါဆွန်း ၀တ္ထုတိုများ စာအုပ်ဖတ်ဖူးပါတယ်။ ၀တ္ထုတို ၊၀တ္ထုရှည် ကွာလို့လား ၊ ဘာသာပြန်သူ မတူလို့လားတော့မသိပေမယ့် နှစ်အုပ်မှာ ခံစားမိတဲ့အရေးအသားပိုင်းဆိုင်ရာ အရသာကတော့ တစ်အုပ်နဲ့တစ်အုပ် မတူခြားနားတယ်လို့ ခံစားမိခဲ့ပါတယ်ရှင်။

ဒီစာအုပ်မှာ ကျွန်မ သဘောကျမိတာကတော့ သဘာ၀တရားနဲ့ ပတ်သက်တဲ့ အရေးအသားတွေပါပဲ။ရိုဇလီ ပေါ်ပလာမြိုင်ကိုရောက်ရောက်ချင်း သွားကြည့်တဲ့ မြစ်ကမ်းပါး ၊ဟန်းနီးမွန်းထွက်ကြတဲ့အချိန်ရောက်သွားတဲ့ ကော်ဆီကာ ကျွန်းက သစ်သီးအနံ့တွေ ၊ ပေါ်ပလာမြိုင်က ထွက်ခဲ့ရတဲ့ အချိန် ပတ်၀န်းကျင်ရဲ့ မြင်ကွင်းစတာတွေဟာ ကျွန်မကို တော်တော်လေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီစာအုပ်ဖတ်နေချိန်မှာ ကျွန်မရောက်ရှိနေတဲ့ ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်ပြီး ငှက်ကလေးတွေ အော်သံကြားနေရတဲ့ ပတ်၀န်းကျင်လေးဖြစ်ခဲ့တာလည်း ပါမယ်ထင်ပါတယ်။

အစကတော့ "ဂျူလီယံ " ဆိုတဲ့လူကို တော်တော်လေး စိတ်တိုမိပေမယ့် ဖတ်ရင်း ၊ ဖတ်ရင်း နဲ့ အဲ့ဒီအချိန်ကာလက လူကုံထံဆိုသူတွေရဲ့ ဖောက်လွဲဖောက်ပြန်နိုင်မှုတွေကို ဆိုလိုတာဖြစ်မယ်လို့တွေးမိခဲ့ပါတယ်။ စာမျက်နှာ ၃၄၅ က "အိုမင်းသူနဲ့ ငယ်ရွယ်သူတွေကို အမြဲတမ်း တွဲမနေရအောင် သဘာ၀တရားကဖန်တီးထားတယ်" ဆိုတဲ့ စာကြောင်းလို စာလေးတွေ ကို အတော်ကြိုက်ခဲ့ပါတယ်။

ဖတ်တဲ့သူအပေါ်လိုက်ပြီး အတွေးတွေ ၊ ခံစားချက်တွေ အမျိုးမျိုးပြောင်းလဲနိုင်တဲ့စာအုပ်လို့ထင်မိပါတယ်။ စာအုပ်နောက်ဖုံးမှာရေးထားတာကတော့ "ဤ၀တ္ထုကပေးသော အနိဋ္ဌာရုံအလှသည် ထာ၀ရတည်နေမည်" တဲ့။

ဇာတ်သိမ်းပိုင်းက နောက်ဆုံးစာကြောင်းလေးကိုတော့ အတော်လေးကြွေမိတယ်။"တကယ်တော့ ဘ၀ဆိုတာ လူတွေထင်နေကြသလို အကောင်းချည်းပဲလည်း မဟုတ်ပါဘူး ။ အဆိုးချည်းပဲလည်း မဟုတ်ပါဘူး " တဲ့။

အင်းလေ။ ဘ၀ဆိုတာတကယ်တော့ ကောင်းတလှည့်၊ ဆိုးတလှည့်ပဲ မဟုတ်ပါလားရှင်။

၀တ်မှုံလေး (စာကြမ်းပိုး)
https://youtube.com/@wuthmonelay-sarjapoe

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်