SarPhat Author
လုံ့လရှိသူအဖို့ လောကကြီးဟာပျော်စရာ
ရှေးကံ၏ အကျိုးပေးမှုကို အလေးဂရု မမျှော်လင့်ဘဲ လောကီ လောကုတ္တရာ ဆိုင်ရာ၌ အသိအလိမ္မာ ဉာဏ်ပညာတိုးပွားအောင် ကြိုးစား၍ ကိုယ်နှင့်ထိုက်တန်သော လုံ့လကို အသုံးချပါမူ ကျက်သရေမင်္ဂလာ အလိုအလျောက် ပေါ်ပေါက်လာပါလိမ့်မည်၊ ကံအကျိုးပေးခွင့်ရအောင် ဉာဏ်ဝီရိယ သာမက ထိုထိုကိစ္စ၌ အမြဲအမှတ်ရသော သတိကလည်း အရေးကြီး၏၊ ပြုဖွယ်ကိစ္စကို အမှတ်မရဘဲ မေ့နေလျှင် ဉာဏ်နှင့်ဝီရိယကို အသုံးမပြုနိုင်တော့၊ ငါတို့ ဗုဒ္ဓဘာသာဝင်များသည် မအိုမသေ အမြဲနေရာ နိဗ္ဗာန်ကိုပင် မြော်မြင်မှန်းဆ၍ မရရအောင် အားထုတ်ကြကုန်သေး၏၊ ယခုဘဝကြီးပွားရေး စီးပွားရေး ပညာရေးလောက်ကို ပဇာမူ၍ ကြောက်ရမည်နည်း၊ လုံံ့လဝီရိယကင်း၍ အဖျင်းစား အပေါစား လုပ်နေသော်လည်း ဤခန္ဓာကိုယ်ကြီး ပို၍မကျန်းမာ ပို၍အသက်မရှည်တော့ပြီ။
စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှ အခိုးအငွေ့တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍ မကျန်းမမာဖြစ်သေး၏၊ ထိုမကျန်းမာမှုကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာများ၏၊ ပျင်း၍ အလုပ် မလုပ်သူသည် သာ၍ပျင်းစရာ ဖြစ်နေပါလိမ့်မည်၊ လုံ့လ ဝီရိယမှန်မှန်ဖြင့် အလုပ်လုပ်နေသူကို လူတွေကလည်းကြည်ညို နတ်တွေကလည်း စောင့်ရှောက်လို၏၊ ရှေးကံတွေကလည်း အကျိုးပေးခွင့် သာ၍ လှလှပပ အကျိုးပေးကြသည်၊ ထို့ကြောင့် လုံ့လရှိသူတို့အဖို့မှာ လောကကြီး၌ ပျော်စရာကိုသာ တွေ့ရပါလိမ့်မည်။
တစ်နေ့အဖို့ကုသိုလ်၊ ဉစ္စာ၊ ကျန်းမာရေး၊ အတတ်ပညာ၊ တန်ခိုးဂုဏ်သိန် ဤငါးမျိုးတွင် တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ လွန်စွာ အသုံးမကျ မသေခင်က အသေဖြစ်ရသော နေ့ပင်တည်း။
Keep Reading