Author's Profile Photo

သင်္ကေတ

12/04/2024

New Year (နှစ်သစ်)

1 min read
Culture
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
New Year (နှစ်သစ်)'s photo

ကျွန်မတို့ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး၌ လရာသီအလိုက် ပွဲတော်များကျင်းပလေ့ရှိသည်။ တစ်နှစ်၌ ၁၂ လရှိ သောကြောင့် ဆယ့်နှစ်လရာသီဟူ၍ မြန်မာများ ခေါ်လေ့ရှိသည်။ ထိုဆယ်နှစ်လရာသီထဲ နောက်ဆုံးလမှာ တပေါင်းဖြစ်သည်။ တပေါင်းလကုန်ဆုံးသွားသောအခါ နောက်နှစ်တစ်နှစ် အစကိုပြန်လည်ရောက်ရှိလာပေသည်။

ထိုလမှာ တန်ခူးလဖြစ်သည်။ တန်ခူးလ၌ အတာသင်္ကြန်ပွဲတော်ကို နှစ်စဉ်ဆင်နွှဲကြပါသည်။ သင်္ကြန်ကာလ၌ရာသီပန်းဖြစ်သော ပိတောက်ပန်းသည်လည်း ဖူးပွင့်လာပါသည်။
တခြားသော ပန်းများဖြစ်သည့် ငုဝါ၊ ကံ့ကော်များလည်း အပြိုင်ဖူးပွင့်ကြသည်။

သင်္ကြန်ဟူသော ဝေါဟာရ စကားလုံးသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသည့်ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။

အင်္ဂလိပ်ပြက္ခဒိန်၌လည်း နှစ်သစ်ကို ကြိုဆိုတဲ့ ညရှိပေသည်။ ထိုအတူ မြန်မာတို့သည်လည်း မြန်မာနှစ်သစ်ကို အတာရေပက်ဖြန်းကြခြင်းဖြင့် ကြိုဆိုကြပါသည်။ မြန်မာနိုင်ငံ၌ ရေပက်ဖြန်းခြင်းကို သင်္ကြန်အကြို၊အကျ၊အကြတ်၊အတက် ဟူ၍ လေးရက်တာ ရေဆော့ကစားကြသည်။ ထိုပွဲတော်သည် အိန္ဒိယ နိုင်ငံမှ ဆင်းသက်လာခြင်း‌‌ဖြစ်သည်၊ ထို့ကြောင့် မြန်မာနိုင်ငံနှင့် နီးစပ် နေသော ထိုင်း၊လာအို အစရှိသော အိမ်နီးချင်းနိုင်ငံများ၌လည်း ကစားကြ ပေသည်။
ရေဆော့ကစားရက် ၄ ရက်ပြီးသွားသောအခါ နှစ်ဆန်းတစ်ရက်နေ့ ဟုခေါ်သော မြန်မာတို့အတွက် နှစ်သစ် စတင်ပြီဖြစ်သည်။

မြန်မာတို့သည် ထိုရက်များ၌ ကလေးများသည် ရေကစားခြင်း၊ လူကြီးသူမများသည် ဘုန်းကြီးကျောင်းသို့ သွား၍ ဥပုသ်သီလစောင့်တည်ခြင်း၊ လူငယ် များသည် အသက်ကြီးဘိုးဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း၊ ခေါင်း‌ လျှော်ပေးခြင်းများ ပြုလုပ်ကြ၍ ကောင်းမှုကုသိုလ်ယူကြ ပေသည်။ ထိုသို့ပြုလုပ်ကြခြင်းသည် သိကြားမင်းသည် သင်္ကြန်ကျရောက် သောအခါ နတ်ပြည်မှ လူပြည်သို့ ဆင်းသက်၍ ကောင်းမှုပြုလုပ်သူများအား‌ရွှေပုရပိုက်တွင် ရေးမှတ်ပြီး မကောင်းမှု ပြုသူများအား ခွေးသွားရည်တွင် ရေးမှတ်ခြင်းပြုသည်ဟူသာ အယူအဆရှိခြင်း ကြောင့် ဖြစ်သည်။ ရပ်ကွက်ထဲ၊ မြို့ထဲ နေရာအချို့တွင် ရေကစားကြသူများအတွက် စတုဒီသာ မဏ္ဍပ်များထိုးကာ (ထမင်း၊ မုန့်ဟင်းခါး)စသဖြင့် ကျွေးကာ အလှူဒါန ပြုကြပါသည်။ သင်္ကြန်ဟုဆိုလိုက်ရာတွင် မပါမဖြစ်ဖြစ်သော မုန့်လုံးရေပေါ် ကိုလည်း တစ်နိုင်တပိုင်
အိမ်နီးနားချင်းများ ပေါင်းစပ်ပြီး လုပ်ကြသော ဓလေ့လည်း ရှိပါသည်။ မည်သို့ပင်ဖြစ် စေကာမူ မြန်မာများ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းလှသော အမူအရာများကို ထိုအခါ၌ တွေ့ကြရပေသည်။ ထိုသို့သော ပွဲတော်များကို တန်ဖိုးထားပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းတတ်ကြစေရန် ရည်မှန်း၍ ရေးသားလိုက်ရတော့သည်။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ