SarPhat Author
ကိုယ်ကျင့်သီလက ပဓာနပါ ဒါနက နောက်လိုက်မျှသာ
မြန်မာလူမျိုးများဟာ တစ်မူးရလို့ တစ်ပဲလှူ ဆိုတဲ့ လူမျိုးများနဲ့ အရင်းအဖျားသာ ကွဲတာမို့ ဒါနကိစ္စမှာ အလွန်ဇွဲသန်ကြပါတယ်၊ ဒါနကိစ္စ ဇွဲသန်ကြတော့ ကိုယ်ကျင့်သီလကို ထိန်းသိမ်းမှု နည်းပါးနေကြပါတယ်။
အမှန်ကတော့ ဒီဘဝမှာ လူကောင်းသူကောင်းဖြစ်ဖို့ရော နောက်ဘဝမှာ လားရာဂတိကောင်းဖို့ရော ကိုယ်ကျင့်သီလက ပဓာနဖြစ်ပါတယ်၊ သီလကြောင့် ကောင်းတဲ့ဂတိ ကောင်းတဲ့ဘဝရောက်မှ ဒါနက နောက်လိုက်အဖြစ်နဲ့ အကျိုးပေးနိုင်တာပါ။
ဆွမ်းတစ်အုပ်လှူဖူး၊ ပန်းတစ်ပွင့်လှူဖူးလို့ အပါယ်မလားခဲ့ရဘူးဆိုတဲ့ သူတော်ကောင်းများလည်း ထိုအလှူကြောင့်သာ မကပါဘူး၊ အခြေခံငါးပါးသီလကလည်း မပျက်ကြလို့ သုဂတိဘဝကိုရတာပါ၊ အဲ့ဒီလိုရတဲ့အခါ သူတော်ကောင်းနဲ့ ပေါင်းရပါလိမ့်မယ်၊ အဲဒီလို နောက်ထပ် နောက်ထပ် ကုသိုလ်တွေက တိုးတိုးနေလို့ အပါယ်မလားရဘဲ ဘုရားနဲ့တွေ့တဲ့အခါ တရားထူးရ၍ နိဗ္ဗာန်အထိ အကျိုးရတာဖြစ်ပါတယ်၊ အဲဒီအကျိုးရဲ့ အရင်းအမြစ်က ဆွမ်းအလှူ ပန်းအလှူဖြစ်လို့ ဆွမ်းတစ်အုပ်အလှူကြေင့် ပန်းတစ်ပွင့် အလှူကြောင့် အပါယ်မလားဘဲ နိဗ္ဗာန်ရတယ်လို့ ဉဒါန်းတွင်လာတာ ဖြစ်ပါတယ်။
ဒီဘဝမှာ ငါးပါးသီလမှမလုံဘဲ ဒုစရိုက်ဆယ်ပါးမှ မရှောင်ဘဲနဲ့ ပါဏာတိပါတဖြစ်စေ ကာမေသုမိစ္ဆာစရဖြစ်စေ သုရာမေရယ မုသာဝါဒ တစ်ခုခုဖြစ်စေ မရှောင်ဘဲ ကျောင်းကြီးဆောက် ဘုရားတည် အလှူကြီးပေးနေသူဟာ သေခါနီးမှာ ထိုကုသိုလ် အကုသိုလ် နှစ်မျိုးထင်လာရင် စိတ်ကြည်နိုင်ပါ့မလား၊ စိတ်မကြည်ရင် ပြုပြင်ပေးနိုင်သူလည်း မရှိခဲ့သော် ဧကန်အပါယ်သွားရမှာပါပဲ၊ အလှူကြီးတွေက မကယ်နိုင်ပါဘူး။
Keep Reading