တင်ညွန့်
ဤစာအုပ်ကို ကျွန်တော် (၁၉.၈.၂၀၂၀) ကတည်းက ရေးသားပြုစုပြီးခဲ့ပါသည်။
အဘယ်ကြောင့် ယခုမှထုတ်ရသနည်း။ အကြောင်းရှိပါသည်။ ပြော၍မဖြစ်သောအကြောင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက လွှတ်တော်တွင် ကျောင်းများ၌ပြဋ္ဌာန်းထားသော “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဆိုသည့် စာအုပ်ကို ဝေဖန်လာသည်။
ဒေါက်တာမောင်သင်းက လွှတ်တော်တွင် အခြေခံပညာ ဒသမတန်းသင်ရိုးပါ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွင် အချို့အခန်းများမှ ရေးသားချက်အချို့သည် ကျန်းမာရေးနှင့် လိင်ပညာပေးအစား လိင်စိတ် နှိုးဆွသည့် သဘောဆန်နေခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဟူ၍ ဆရာမိဘများနှင့် ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများဖြစ်ပွားပြီး လူမှုကွန်ရက်များတွင် ပြန့်နှံ့လျက်ရှိပါသဖြင့် ဤသင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး မြန်မာ့ယဉ်ကျေးမှုပတ် ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ပယ်ဖျက်ခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်းဖြင့် ဘက်စုံလွှမ်းခြုံသော ခေတ်မီပညာရေးကို ထိန်းကြောင်းပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို လွှတ်တော်သို့တင်သွင်းရန် ကြိုးစားသော်လည်း တင်သွင်းခွင့် မရခဲ့ပေ။
ဒေါက်တာမောင်သင်းက ၂၀၂၀ မှ ထို “ဘဝတွက်တာ ကျွမ်းကျင်စရာ” စာအုပ်ကို ကျောင်းသင်ပြဋ္ဌာန်းစာအုပ် အဖြစ် သင်ကြားနေခြင်းကို ထဝေဖန်ခြင်းမှာ စဉ်းစားစရာဖြစ်သည်။
အမှန်တော့ ထိုစာအုပ်သည် ၂၀၁၃ ခုနှစ်လောက်ကတည်းက ကျောင်းတွေကိုရောက်နေပြီဖြစ်သည်။
နိုင်ငံတကာတွင်လည်း CSE (Comprehensive Sexuality Education) “မျိုးပွားခြင်း၊ သဘာဝနှင့် လူမှုဆိုင်ရာ ဘဝတွက်တာ သိမှတ်စရာများ” အနေဖြင့် Sex Education ကို သင်ကြားနိုင်စေရန် အားထုတ်နေကြပါသည်။
ထိုသို့ အားထုတ်နေကြခြင်းမှာ
- HIV/ AIDS ရောဂါမဖြစ်ပွားရေး
- လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ မဖြစ်ပွားရေး
- မရည်ရွယ်ဘဲ ကိုယ်ဝန်မရရှိနိုင်ရေး
- ကျားမ အခြေပြု အကြမ်းဖက်မှုများ မဖြစ်ရေး
- ကျားမ တန်းတူညီမျှမှု မရှိခြင်းကိုကာကွယ်တားဆီးရေး
- လူငယ်များ ကျန်းမာသုခပြည့်စုံသည့် ဘဝရရှိနိုင်ရေးတို့အတွက် UNESCO ကပင် ပါဝင်လှုပ်ရှား အကူအညီများပေးကာ လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။
ကျွန်တော်သည် အငြိမ်းစား ကျောင်းဆရာတစ်ဦးဖြစ်ပါသည်။ ကျောင်းဆရာဘဝတွင် အိပ်မက် မက်ခဲ့မှု နှစ်ခု ရှိပါသည်။ ကလေးများအား နိုင်ငံရေးအခြေခံအတွက် ပြည်သူ့နီတိထဲတွင် ထည့်သွင်းသင်ကြားလိုခြင်းနှင့် ကလေးများ ကျန်းမာရေးအသိအတွက် Sexuality Education ပညာရေးကို တတ်ကျွမ်းသူများက ပညာပေး စေရေးဖြစ်သည်။ သို့သော် ကျောင်းဆရာဘဝ နှစ်ပေါင်း ၂၀ တွင် ထိုဆန္ဒများကို မလုပ်ဆောင်နိုင်ခဲ့ပါ။ ဘဝတွက်တာ ကျွမ်းကျင်စရာ စာအုပ်ကို ကျောင်းဆရာဘဝတွင် မြင်ခွင့်ရခဲ့ပါသည်။ ကျောင်းရုံးခန်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းတွင်သာဖြစ်သည်။ မည်သူမျှ သင်ကြားသည်ဟူ၍လည်း မကြားခဲ့ပါ။
Sexuality Education ဆိုသည်မှာ ရုပ်ပိုင်းထက် စိတ်ပိုင်းပိုဆန်သည်။ လိင်စိတ်ပိုင်းဆိုင်ရာ ခံစားချက်တို့ကို စိတ်ဖြာခြင်း၊ လိင်စိတ်နှင့် လူမှုပေါင်းသင်းဆက်ဆံရေး၊ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များကို နားလည်အောင် ပညာပေးခြင်းဟုဆိုလျှင်ပိုပြီးမှန်ကန်မည်ထင်သည်။
Sexuality Education သည် ကလေးဘဝမှသည် လူငယ်ဘဝ၊ လူကြီးဘဝရောက်သည့်တိုင် ပတ်သက်နိုင်သည့် ပညာရေးအစီအစဉ်တစ်ခုဟု ဆိုနိုင်သည်။ ကလေးဘဝနှင့် လူငယ်ဘဝတို့တွင် Sexuality Education ဆိုသည်မှာ လိင်စိတ်ကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည်များကို ကာကွယ်ရန်ဖြစ်ပြီး ထိုမှတစ်ဆင့် အသိပညာ များကို တဖြည်းဖြည်းပေးသွားရန်ဖြစ်သည်။ လိင်ကိစ္စသည် သိသင့်သိထိုက်သော ကိစ္စတစ်ခုဖြစ်ပြီး သိချင်သည့် အကြောင်းအရာများကို ရယူနည်း၊ ရရှိလာသည့် အချက်အလက်များကို စိစစ်ပိုင်းဖြတ်ခြင်း၊ အပြုသဘောဖြင့် စဉ်းစားဝေဖန်တတ်စေရန်နှင့် ကိုယ်တိုင်လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ၊ အခြားသူများအတွက်လည်း အန္တရာယ်ကင်းကာ ပျော်ရွှင်သောလူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ရန် ရည်ရွယ်သင်ကြားသည့် ပညာပေး အစီအစဉ် တစ်ခုဖြစ်ပါသည်။
Sexuality Education ဆိုသည်မှာ ကလေးများနှင့် လူငယ်များကို လိင်ဆက်ဆံရန် သင်ကြားပေးမည့် ပညာရေး မဟုတ်ကြောင်း သိထားစေချင်ပါသည်။
နိုင်ငံတကာတွင် Sexuality Education ကို သင်ကြားရခြင်း၏ အဓိကအကြောင်းရင်းများကို ပြန်လေ့လာကြည့် လိုက်လျှင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နေကြရသည့်အဖြစ်မှ ကင်းလွတ်ရေး၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ပြဿနာများ ကင်းရှင်းရေး၊ လိင်ဆက်ဆံခြင်းနှင့် လိင်က တစ်ဆင့်ဖြစ်ပွားကူးစက်လာနိုင်သည့် ရောဂါများကို ကာကွယ်တားဆီးနိုင်ရေး၊ လူငယ်များကြားတွင် HIV ဝေဒနာများ ကင်းစင်နိုင်ရေးတို့အတွက်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း တိုင်းပြည်အတွက် အကျိုးပြုနိုင်သည့် လူငယ်အင်အားထုကို Sexuality Education အတွက် အသိပညာ ပေးနိုင်မှ တိုင်းပြည်အနာဂတ်လှမည်ကို ကောင်းစွာသိသော နိုင်ငံတိုင်း၊ အစိုးရတိုင်းက ထိုပညာရပ်များကို ကျောင်းများကတစ်ဆင့် ဖြန့်ဖြူးပေးနိုင်ရန် ကြိုးစားကြသည်။
ဤစာအုပ်သည် ကောင်းမွန်စနစ်ကျသည့် Sexuality Education ဆိုသည်မှာ နိုင်ငံတကာက သတ်မှတ် ထားသော လူ့ အခွင့်အရေး စံများနှင့်ကိုက်ညီစေရန် သင်ကြားပေးရမည့် ပညာရပ်တစ်ခုလည်း ဖြစ်ရန် လိုကြောင်း နိုင်ငံတကာသင်ကြားမှု အတွေ့အကြုံများကို အခြေခံပြီး ပြုစုထားသည့် စာအုပ်ဖြစ်ပါသည်။
ကမ္ဘာ့အမြင်ဖြင့်ကြည့်ရန်လိုသည့် အပိုင်းတွေကို ကျွန်တော်တို့ဖောက်ထွက်ကြည့်ရန်၊ ဖောက်ထွက်တွေး တတ်ရန်လိုလာသည်။ Sexuality Education ဆိုသည်မှာ အလွန်သိမ်မွေ့သော သင်ကြားရေးစနစ်တစ်ခုဖြစ်ပြီး ကလေးတွေကို မည်သို့ပညာပေးသင့်ကြောင်းနှင့် မဖြစ်သင့် မဖြစ်ထိုက်သည်တို့ကို မိဘ၊ ဆရာပူးပေါင်းကာ မည်သို့ ပညာပေး၍ရကြောင်း အကြံပြုထားသည့် စာအုပ်ဖြစ်ပါသည်။
Keep Reading