Nicolette

ဗေဒင်မေးရတာလဲ ဝါသနာပါတယ်။ ကိုယ်တိုင်လဲ ဗေဒင်ဟောချင်တယ်ဆိုရင်
လွယ်လွယ်ကူကူဟောလို့ရပြီး စည်းကမ်းတွေကို သေချာလိုက်နာရင်
အနီးစပ်ဆုံး ခန့်မှန်းမှုတွေရတဲ့ ကော်ဖီဗေဒင်ဟောနည်းလေးကို ပြောပြပေးချင်ပါတယ်။
ကော်ဖီဗေဒင်ဟာ တက်စီရိုဂရက်ဖီ (Tasseography) လို့ ခေါ်တဲ့
ကော်ဖီမှုန့်၊ လက်ဖက်ရွက်၊ ဝိုင်အနယ်တို့နဲ့ ဟောရတဲ့ဗေဒင်အမျိုးအစားတွေထဲက တမျိုးပါ။
ဒီဗေဒင်ဟောနည်းကို တူရကီနဲ့ ဘောလကန်လူမျိုးတွေက လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက စတင်တီထွင် အသုံးပြုခဲ့ကြတာဖြစ်လို့
တူရကီကော်ဖီဗေဒင်ဟောနည်းကို ခေါ်ကြပါတယ်။
ကော်ဖီမှုန့်၊ ကော်ဖီခွက် နဲ့ ကော်ဖီပန်းကန်းပြားရှိရုံနဲ့ အိမ်မှာ အလွယ်တကူဟောလို့ရတာကြောင့်
ဗေဒင်မေးရတာ ၊ ဗေဒင်ဟောရတာ နှစ်သက်သူတွေကြား အလွန်ထင်ရှားပါတယ်။
ဘယ်လိုဟောကြမလဲ
ကော်ဖီဗေဒင်ရဲ့ စည်းကမ်းကတော့ ဟောတဲ့သူတစ်ယောက် အမြဲရှိရပါမယ်။
ကိုယ့်ကိုကိုယ် ပြန်ဟောလို့မရပါဘူး။
သူငယ်ချင်းတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဟောပေးလို့ရပါတယ်။
ဗေဒင်ဟောဖို့အတွက်
ကော်ဖီကို ကော်ဖီကြမ်းမှုန့်နဲ့ ဖျော်ထားပါ။
ဘယ်ကော်ဖီမှုန့်အမျိုးအစားမဆိုရပါတယ်။
ကော်ဖီသောက်ပြီးသွားရင်တော့ ကော်ဖီမှုန့်တွေပျော်မသွားဘဲ ခွက်ထဲကျန်ခဲ့ရပါမယ်။
ကော်ဖီကို ခါးခါး ပျစ်ပျစ်ဖျော်ရပါမယ်။
ကော်ဖီမှုန့်များများ ထည့်ပြီး ဖျော်ပါ။
တခြား သကြား၊ နို့ဆီ ၊ ဆား ဘာမှမထည့်ပါနဲ့။ ကော်ဖီမှုန့် သီးသန့်ပဲ ထည့်ပေးပါ။
(ကော်ဖီကြမ်းမှုန့်ပဲ ရပါတယ်နော်။ 2 in 1 , 3 in 1 တွေ ready made ကော်ဖီတွေ သုံးလို့မရပါဘူးနော်။)
ကော်ဖီမှုန့်ကိုထည့် ရေနွေးထည့်ပြီး ဆက်တိုက်မွှေကာ အေးသွားပြီး ကော်ဖီမှုန့်တွေ အနယ်ထိုင်သွားတဲ့အထိ စောင့်ရပါမယ်။
ကော်ဖီတွေ အေးသွားမှ သောက်ပေးပါ။
ကော်ဖီထည့်ရမယ့်ခွက်က လက်ကိုင်ပါတဲ့ ကော်ဖီခွက်သေးသေးလေးဖြစ်ရပါမယ်။
ကော်ဖီခွက်ရဲ့အတွင်းပိုင်းက အဖြူရောင်ဖြစ်ရပါမယ်။
ဗေဒင်ဟောမယ့်သူက ကော်ဖီမသောက်ရပါဘူး။
ဗေဒင်မေးမယ့်သူက ဖျော်ထားတဲ့ကော်ဖီကို သောက်ရပါမယ်။
သောက်နေတုန်းမှာ ကိုယ်မေးချင်တဲ့ မေးခွန်းကို အာရုံပြုထား တွေးထားရပါမယ်။
ကော်ဖီကို တစ်ငုံထဲ အပြီးမော့သောက်ရင်သောက်
တစ်ငုံထဲ မသောက်နိုင်ရင် (3) ငုံသောက်
မသောက်နိုင်ရင် (5) ငုံသောက်ပါ။
ဒီထက်ပိုပြီးမသောက်ရပါဘူး။
ဒါကြောင့် ခွက်သေးသေးကိုပဲ အသုံးပြုပေးပါ။
သောက်လို့ပြီးတာနဲ့ ကော်ဖီခွက်ကို အောက်ခံပန်းကန်ပြားပေါ်မှောက်ချလိုက်ပါ။
အောက်ခံပန်းကန်ပြားကလဲ အတွင်းပိုင်းအဖြူရောင်ဖြစ်ရပါမယ်။
ကော်ဖီခွက်ကို ပန်းကန်ပြားပေါ် မှောက်ချလျက်သား လက်ကကိုင်ကာ
ကိုယ်မေးချင်တဲ့ မေးခွန်းကို စဉ်းစားပြီး ကော်ဖီခွက်ကို မှောက်လျက်သား
နာရီလက်တံအတိုင်း (3) ခါ လှည့်ပေးပါ။
(ကော်ဖီခွက်ကို မှောက်လျက်သား ပန်းကန်ပြားနဲ့ထိပြီး လှည့်ရမှာပါ။)
ပြီးတာနဲ့ ကော်ဖီခွက်ကို မှောက်လျက်သားပဲ ပန်းကန်ပေါ်ချပြီးတော့
ကော်ဖီခွက်မှောက်ထားတဲ့ပေါ်ကို ဗေဒင်မေးချင်သူက အကြွေစေ့ (ဒါမှမဟုတ်)
လက်စွပ်တစ်ကွင်းကို တင်ရပါမယ်။
ဗေဒင်မေးချင်သူ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဖြစ်ရပါမယ်။
ငှားသုံးတာမျိုး သူများပိုင်တာမျိုးဆို မရပါဘူး။
ပြီးရင်မေးချင်တဲ့ မေးခွန်းကို ဗေဒင်ဟောမယ့်သူကို ပြောပြရပါမယ်။
ဒီလိုမေးခွန်းကို မေးတဲ့အခါမှာ အသေးစိတ်မေးရပါမယ်။
ဗေဒင်ဟောမယ့်သူကလဲ မေးခွန်းကို သေသေချာချာ နားထောင်ရပါမယ်။
(10) မိနစ်လောက် အချိန်ပေးကာ မေးမယ့်သူကလဲ သေချာမေးပြီး နားထောင်မယ့်သူကလဲ သေချာနားထောင်ပေးပါ။
မေးခွန်းမေးပြီးတာနဲ့ အကြွေစေ့ (ဒါမှမဟုတ်) လက်စွပ်ကို ခွက်ပေါ်ကနေ ပြန်ယူလို့ရပါပြီ။
မေးခွန်းကို နားထောင်ပြီးတာနဲ့ ဗေဒင်ဟောမယ့်သူက ပန်းကန်ပြားပေါ် မှောက်လျက်ချထားတဲ့ ကော်ဖီခွက်ကို ဆွဲလှန်ရပါမယ်။
တကယ်လို့ ကော်ဖီခွက်နဲ့ ပန်ကန်းပြားကပ်နေပြီး ဆွဲလှန်လို့မရရင် Prophet's Cup ဖြစ်တာလို့ ခေါ်ပြီး မေးချင်တဲ့ မေးခွန်းအတွက်
ဒီမေးခွန်းကို ကော်ဖီက မဖြေချင်တာကြောင့် ဆက်မဟောသင့်ပါဘူး။
တချို့သူတွေကတော့ အပျော်သဘောနဲ့ မေးတာဆိုပြီး ဆက်ဟောကြသူတွေလဲ ရှိပါတယ်။
ဒါကိုတော့ ဗေဒင်မေးမယ့်သူကို ဆုံးဖြတ်ခိုင်းပါ။
သူကမေးခွန်းကို အပျော်သဘောပဲ သဘောထားရင်တော့ ဟောပေးလိုက်ပါ။
လွယ်လွယ်ကူကူ ကော်ဖီခွက်ကို ဆွဲလှန်လို့ရရင်တော့ ဆက်ဟောလို့ရပါတယ်။
ကော်ဖီခွက်ကို ဆွဲလှန်လိုက်တဲ့အခါမှာ ကော်ဖီခွက်ထဲက ကော်ဖီမှုန့်အများစုဟာ ပန်းကန်ပေါ်ကျသွားတယ်ဆိုရင်
ဗေဒင်မေးတဲ့သူအတွက် အလွန်ကို ကောင်းမွန်တယ်လို့ မှတ်ချက်ချလို့ရပါတယ်။
ကော်ဖီမှုန့်တွေက ပန်းကန်ပြားပေါ်မှာ များများကျနေပြီး တောင်ပို့သဖွယ် စုပြုံနေရင်တော့
ဗေဒင်မေးတဲ့သူဟာ သိပ်မကြာခင်အတွင်း ငွေတွေအစုလိုက်အပုံလိုက်ရတော့မယ်လို့ တွက်လို့ရပါတယ်။
ဒါက အကြမ်းဖျင်းတွက်နည်းလေးတွေပါ။
တွက်နည်းအသေးစိတ်နဲ့ ကော်ဖီမှုန့်တွေကို ဘယ်လိုဖတ်ရမလဲဆိုတာကို နောက်အပိုင်းတွေမှာ ဆက်ရေးပေးသွားပါမယ်။
တခြား ဗဟုသုတရစရာ အကြောင်းအရာလေးတွေနဲ့ English ဝတ္ထုလေးတွေ၊
ဘာသာစကားလေ့လာနည်းလေးတွေကိုလဲ ရေးသားသွားမှာဖြစ်လို့
အကောင့်လေးကို follow လုပ်ပေးသွားပါဦးနော် ☺️
Keep Reading