Author's Profile Photo

Reviews by Benevolent

10/04/2024

'ရင်ထဲက ဆောင်းရာသီ

2 mins read
Book Review
'ရင်ထဲက ဆောင်းရာသီ's photo

မိဘတွေ အဓိက ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဆိုလည်း မမှားဘူး။တော်တော်လေး နင့်နင့်နဲနဲ ခံစားရတဲ့ဝတ္ထုပါ။ဆရာ"မင်းလူ"ရဲ့ ရေးနေကျ အချစ်ဝတ္ထုပုံစံမျိုးမဟုတ်ပဲ မိသားစု အဖွဲ့ပုံစံမျိုး ဝတ္ထုကို ဖတ်ဖြစ်တာ ဒီတစ်အုပ်နဲ့ဆို နှစ်အုပ်မြောက်ပါ။ထိုဝတ္ထုကို ၁၉၈၉ ခုနှစ်တွင် ဆရာမင်းလူက စာအုပ်အနေဖြင့် ပထမဆုံး ထုတ်ဝေခဲ့တယ်။

၁၉၉၉ ခုနှစ်တွင် ဆရာ"မင်းလူ" ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ "မောင်ဝဏ္ဏ" က လွင်မိုး၊ မြတ်လေး၊ ထွန်းထွန်းဝင်း၊ထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်နှင့် ကလေးသရုပ်ဆောင် အိဖြူစိုးတို့ဖြင့် ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ရာ လွင်မိုး၊ မြတ်ကေသီအောင်နှင့် အိဖြူစိုးတို့ အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကား။ ရုပ်ရှင်အနေဖြင့် ကျွန်တော် ငယ်စဉ်က ကြည့်ခဲ့ဖူးသော်လည်း မူရင်းစာအုပ်ကို အခုမှ စတင်ဖတ်ဖူးတာလို့ ပြောရမယ်။

'ငှက်ကလေး' နဲ့ 'ရင်ထဲကဆောင်းရာသီ' ဟာ ကျွန်တော်တော်တော်သဘောကျရတဲ့ ဆရာ့ရဲ့ မိသားစုအဖွဲ့ လက်ရာမွန်၊ လက်ရာကောင်း တွေပါ။

ဇာတ်လမ်းအကြောင်းကို mini review အနေဖြင့် ပြောပြရရင် ငယ်ငယ်လေးတည်းက အမျိုးတွေကြားမှာ အနှိမ်ခံအပြောခံ ဘဝနဲ့ ဘဝကိုပင်ပန်းကြီးစွာ၊ ဆင်းရဲ ပင်ပန်းစွာ ဖြတ်သန်းခဲ့ရတဲ့ "ခင်ခိုင်" ဆိုတဲ့ မိန်းကလေးတစ်‌ယောက်၊ သူမက ရည်မှန်းချက် အလွန်ကြီးသော သူတစ်ဦးဖြစ်တယ်။ ကြုံတွေ့ခဲ့ရတဲ့ ဘဝ အခြေအနေများကြောင့် စားနိုင်သောက်နိုင် ဘဝလောက်နဲ့ မရောင်ရဲနိုင်ဘဲ ပညာဖြင့် အဆင့်အတန်းမြင့်မြင့်သာ နေလိုတယ်။

တစ်ဖက်က "ငြိမ်းမောင်" ဆိုတဲ့ ကောင်လေးက လူရိုးလူဖြောင့်တစ်ဦး သာဖြစ်တယ်။ အမွေရထားသော ငွေများဖြင့် မပူမပင် နေနိုင်သော်လည်း ရုံးအရာရှိဘဝ ကိုပင် ကျေနပ်နေသူ ၊ ဘဝ ကို အေးဆေးစွာ ဖြတ်သန်းချင်သူ ဝာစ်ဦးပေါ့။ဂုဏ်ပကာသနတွေ ဘွဲ့ တွေ မမက်တတ်သူ တစ်ယောက် ။မိခင်ရဲ့ အဓိကတိုက်တွန်းချက်ကြောင့် "ခင်ခိုင်" ရိုးရိုးအေးအေး ရုံးဝန်ထမ်းလေး "ငြိမ်းမောင်" ကို လက်ထပ်ခဲ့တယ်။

တစ်ရက် "ခင်ခိုင်"အတွက် ဝမ်းသာစရာ သတင်း နှစ်ခု ကြားခဲ့ရတယ်။ထူးခြားချက်ကတော့ ထို သတင်းနှစ်ခုမှာ တစ်ခု နှင့် တစ်ခု ဆန့်ကျင်ဘက်သဘောဆောင်နေခြင်းသာဖြစ်တယ်။ဝမ်းသာစရာ သတင်း နဲ့ "ခင်ခိုင်" အတွက် တွန့်ဆုတ်စရာ သတင်း လို့ဆိုရမယ်။

တစ်ခုက "ခင်ခိုင်"ရဲ့ နိုင်ငံခြား ပညာတော်သင်သွားဖို့ ဖြစ်ပြီး နောက်တစ်ခုက "ခင်ခိုင်" မှာ ကိုယ်ဝန်ရှိနေခြင်းပင်ဖြစ်တယ်။ရွေးချယ်မှုတစ်ခု ကို ပြတ်သားစွာ ရွေးရတော့မည့် "ခင်ခိုင်"က အခက်တွေ့ခဲ့တယ်။ကိုယ်ဝန် ရှိခြင်းက သူမဘဝ တိုးတက်မှု ကြိုးစားရာတွင် နှောင့်နှေးစေတဲ့ အဟန့်အတား တစ်ခုအဖြစ် ထင်စရာ ရှိနေ‌ခဲ့တယ်။ဒါ‌ပေမယ့် နှလုံးသားထဲမှာတော့ ကလေးကို အလွန်ချစ်တယ်။

ဖြတ်သန်းမှုပုံစံမတူ၊ ခံယူချက်မတူညီကြတဲ့ ဘဝ‌ တွေမှာ မတူညီတဲ့အတွေးအခေါ် မတူညီတဲ့တန်ဖိုးထားမှုတွေရှိနေတဲ့ "ငြိမ်းမောင်နဲ့ ခင်ခိုင်" နှစ်ယောက်ဟာ "သားမောင်" ဆိုတဲ့ ကလေးမွေးဖွားပြီးချိန်ကစလို့ ဝိဝါဒကွဲ ပြားမှုတွေ မကျေနပ်မှုတွေရှိလာပါတော့တယ်။"ငြိမ်းမောင်" က "ခင်ခိုင်" ကိုယ်ဝန်ရှိတယ် ဆိုသော သတင်းကြားသည့်နှင့် အလွန် ဝမ်းသာသူတဦး။ "သားမောင်"မွေးသည့်အခါတွင်လည်း မိခင်ထက်ပင် သားကို ပိုဂရုစိုက်၊ ပို အလေးပေးထားတယ်။

အမျိုးတွေကြားမှာ "ခင်ခိုင်" ရဲ့ လက်မထောင်ပြီးအောင်မြင်လိုစိတ်နဲ့ မိခင်မေတ္တာအကြား လွန်ဆွဲနေမှုကို သရုပ်ဖော်‌ ရေးထားပုံက တော်တော်လေး အသက်ဝင်လှတယ် ပြောရမယ်။ "ခေတ်နှင့် သိပ် အံမဝင်ဘူး" ပြောတတ်လေ့ရှိတဲ့ သူမက မိခင်တယောက်ဖြစ်လာချိန်မှာတော့....

လင်မယားနှစ်‌ယောက်ဟာ အမြင်မတူ၊ ရည်မှန်းချက်ချင်းမတူ၊ မျှော်လင့်ချက်များလည်း မတူကြဘူး။ "ငြိမ်းမောင်နှင့် ခင်ခိုင်" ဟာ ကြီးထွားဖွံ့ဖြိုးမှုတွေ နှေးသော "သားမောင်" အတွက်ကြောင့် ပြဿနာများစွာ ဖြစ်လာတယ်။.. သနားစရာ ၊ နာကျင်စရာ တွေ သန္ဓေတည်လာပြန်တယ်။

"လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို တခြားတစ်‌ယောက်က သိဖို့ဆိုတာတော့ မလွယ်လှပါဘူး။ဒါပေမဲ့ လူတစ်ယောက်ရဲ့စိတ်ဟာ သူ့အပြုအမူပေါ်မှာ ပေါ်လာတတ်တယ်၊ တစ်ခါတစ်ခါ ကလေးတွေဟာ လူကြီးတွေ မသိတာကို သိနေတတ်တာမျိုးလည်း ရှိနိုင်တယ်။"

အစွဲအလန်းကြီးလှသော "သားမောင်" ၊ ငယ်ဘဝရဲ့ဒဏ်ရာဟောင်းတွေကြောင့်ဘဝနာနေတဲ့ "ခင်ခိုင်"၊ သားအတွက်ဆိုအရာရာပေးဆပ်ရဲတယ်ဆိုတဲ့ "ငြိမ်းမောင်"၊သူတို့သုံးယောက်ကြား ပတ်သက်မှုက ဇာတ်ရှိန်ကို တော်တော်လေးဆွဲတင်ပေးပါတယ်။

ဒီစာအုပ်ကိုဖတ်ရင်း မိမိသာ "ခင်ခိုင်"နေရာ မှာသာဆို ဘယ်လိုခံစားရမလဲ ၊ "ငြိမ်းမောင်" နေရာမှာဆိုရင်ရော ၊ "သားမောင်" နေရာမှာဆိုရင် ဘယ်လို ရပ်တည်ရမလဲ။ ဇာတ်လမ်း အစက‌‌နေ အဆုံးထိ ကလေးစိတ်ပညာ၊ မိဘ တွေးစရာ များစွာ ပါတယ်။ ဇာတ်လမ်းက မိသားစု တစ်စုရဲ့ ဝိဝါဒ ကွဲ ပြားမှု၊ ဆုံးဖြတ်ရခက်မှုတွေကို ပြတယ်ဆိုလည်းမမှားဘူး။"ခင်ခိုင်" ဘဝကို နားလည်မိတယ်၊ "ငြိမ်းမောင်" ဘဝကို စာနာမိတယ်၊ "သားမောင်" ဘဝကို သနားမိစေတဲ့ စာအုပ် တအုပ်ပါပဲ။

မိဘတွေ အဓိက ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဆိုလည်း မမှားဘူး။ဇာတ်လမ်း အဖြစ်အပျက်များကို ဖတ်ရင်း မိမိ ဘဝမှာလည်း ဒီလို မဖြစ်အောင် သတိထားရှောင်ကြဉ်လို့ရမယ်။ကိုယ်မထိခိုက်ခဲ့ရဖူးတဲ့ သင်ခန်းစာကို တန်ဖိုးထားသင့်တယ်။

ချစ်ရ‌သော ဆရာမင်းလူက မိသားစုလေးတွေကို မာန၊အာဃတ၊အမုန်း တရားတွေ လျော့ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားစေချင်လို့ ရေးထားတဲ့ စာအုပ်လို့ ထင်မိတယ်။


Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=sLjV_Rwb0AR4cVmg

စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?

Benevolent Guy

Keep Reading

ဟာရူကီမူရာကာမိဆိုတာစာရေးဆရာနတ်နွယ်ဆိုတာပါရီကျဆုံးခန်းဆရာမောင်ထွန်းသူဆိုတာVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများ